ဆေးဖက်ဝင်တဲ့ ကြောင်လျှာသီး

ဆေးဖက်ဝင်တဲ့ ကြောင်လျှာသီး

အင်္ဂလိပ်အမည်      - Indian Trumpet Flower

မျိုးရင်း         - Bignoniaceae

ရုက္ခဗေဒအမည်      - Oroxylumindicun  

မွန်အမည်    - Sot-Gren-Itg

ရှမ်းအမည်   - Maleinka (Mak)

ဆေးဖက်ဝင် ကြောင်လျှာပင်

ကြောင်လျှာပင်သည်  ဒသမူလ(အမြစ်ဆယ်ပါးအုပ်စု) ဆေးဖက်ဝင်အုပ်စုတွင် ပါဝင်သည်။ ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာ အနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက်နိုင်သည်။ ပင်ထောင်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်သည်။ ကြောင်လျှာကြီး၊ ကြောင်လျှာလက်တို၊  ကြောင်လျှာဆူးပေါက်ဟူ၍ သုံးမျိုးရှိသည်။ ကြောင်လျှာကြီးမှာအသီးတွဲပြီး ရှည်လျားသည်။   ကြောင်လျှာလက်တိုမှာ   အသီးတိုပြီးထောင်၍သီးသည်။ ၎င်းကို ကြောင်လျှာ အဖို၊ အမဟုလည်းခေါ်ကြသည်။   ရွက်ပေါင်းဖြစ်၍   ရွက်ဆိုင်ထွက်သည်။ ရှေးယခင်က  နယုန်နှင့် ဝါဆိုလတို့တွင် ခရမ်းရောင်အပွင့်ပွင့်၍ တန်ဆောင်မုန်းလတွင် အသီးသီးလေ့ရှိသော်လည်း ယခုအခါ မိုးရာသီတွင် ကြောင်လျှာသီး လှိုင်လှိုင်သီးသည်။

ကြောင်လျှာသီးစားဖွယ်စုံ

ကြောင်လျှာရွက်နှင့်အပွင့်တို့ကို  ရေနွေးဖြော၍ အတို့အမြှုပ်အဖြစ်စားနိုင်သကဲ့သို့ အသုပ်သုပ်၍ လည်းစားကြသည်။ ကြောင်လျှာသီးကိုပါးပါးလှီး၍ ကြော်စားနိုင်သကဲ့သို့ မထူမပါးလှီးကာချဉ်ဖတ်ထည့်စားကြသည်။ ထို့ပြင်  ကြောင်လျှာသီးကို လက်လေးသစ်ခန့်တုံး၍ မီးဖုတ်(မီးကင်)ပြီး ငါးပိရည်၊ ငါးပိချက်ဖြင့် မြှုပ်တို့ကာ စားကြသည်။ ကြောင်လျှာသီးကို လက်သုပ်အဖြစ် သုပ်၍လည်းစားသုံးနိုင်သည်။ အခါးအရသာ မကြိုက်သူများအနေဖြင့် ကြောင်လျှာသီးကို လှီးဖြတ်ပြီးနောက် ဆားဖြင့်နယ်လူးကာ ဆန်ဆေးရည်ထဲစိမ်ထားပါက အခါးရည်များထွက်သွားနိုင်သည်။ သို့သော် ထိုနည်းက အာဟာရတန်ဖိုးများ ရေထဲတွင် ပျော်ဝင်ပျောက်ဆုံးသွားနိုင်၍ သဘာဝရေအေးဖြင့်သာဆေးသင့်သည်။

ကြောင်လျှာသီးနှင့် မြန်မာ့ဆေးကျမ်း

မြန်မာ့ဆေးကျမ်းများတွင်   ကြောင်လျှာသီးနှင့်ပတ်သက်၍ အောက်ပါအတိုင်း အသီးသီးဖော်ပြထားကြသည်။

-        မြန်မာ့ဆေးဝါးပင်များ အဘိဓာန်တွင် ကြောင်လျှာသီးသည် ဖန်ခါးသောအရသာရှိ၍ ပူ၏။ စပ်၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ နှလုံး၊ လည်ပင်းကို အကျိုးပြု၏။ ဝမ်းမီးကိုတောက်စေ၏။  လေသလိပ်ကိုနိုင်၏။   မြင်းသရိုက်၊ဝမ်းသက်၊ အစာမကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားတိုးပွားစေ၏ဟု ဆိုထားသည်။

-        ရှုတော်မူဆေးကျမ်းတွင် ကြောင်လျှာသီးအနုသည် ခါး၏။ ဖန်၊ ချို အရသာလည်းရှိ၏။ ဝမ်းမီးကိုတောက်စေ၏။ မြင်းသရိုက်၊ ပိုးနာမျိုးတို့ကိုနိုင်၏ဟု ဆိုထားသည်။

-        သက်စောင့်ဆေးအဘိဓာန်တွင်  ကြောင်လျှာသီးသည် ချို၊ ဖန်၊ ခါးရှိ၏။ နှုတ်ကိုမြိန်စေ၏။ ကျက်လွယ်ကြေလွယ်၏။    လေပျက်စေ၏။

ပိုးနာ၊ နားအူနာတို့ကိုချမ်းသာစေ၏ဟုဆိုထားသည်။

-        ဇီဝိတဝဃုနဆေးကျမ်းတွင်   ကြောင်လျှာသီးသည် အေး၏၊ ခါး၏၊ အတန်ငယ်ဆိမ့်၏။ လေကိုဖြောင့်စေတတ်၏။   အိပ်ပျော်စေတတ်၏။ မီး၌အတန်ငယ်အုံး၍   လက်သုပ်ပြုပြီးစားက အထူးသင့်လျော်၏ဟုဆိုထားသည်။

-        သဘာဝဓမ္မအလင်းတွင် ကြောင်လျှာသီးသည် အကြောင်းသီတငြိမ်းရန်၊ ဥဏှတေဇောဓာတ်စာ၊ ဥဏှဝါယောဓာတ်စာ၊ အရသာခါးဆိမ့်၊ အကျိုးသွားဆီးနည်း၊ ဓာတ်ချုပ်၊ လေသက်ဟုဆိုထားသည်။

-        လက်တွေ့အသုံးချ   ဆေးဖက်ဝင်အပင်များပေါင်းချုပ်တွင် ကြောင်လျှာသီးသည် ဆိမ့်၊ ဖန်၊ ခါးသောအရသာရှိ၏။ အသီးစိမ်းသည် ပူစပ်အရသာရှိပြီး အစာကြေစေနိုင်၏။ လေသလိပ်ကိုနိုင်၏။ ပင်စည်သည် အနည်းငယ် ပူခါးစပ်ပြီး၊ ဒေါသသုံးပါးကိုငြိမ်းစေ၏။ နှုတ်မမြိန်နာ၊ ပန်းနာ၊ ချောင်းဆိုး၊ အစာမကြေရောဂါ၊ ခံတွင်းခြောက်ကွဲနာများကို  ပျောက်ကင်းစေနိုင်၏ ဟုဆိုထားသည်။

ကြောင်လျှာသီးနှင့် ကျန်းမာရေး

အသီး၊ အပွင့်၊ အမြစ်၊ အခေါက်တို့ကို  စားဖွယ်သောက်ဖွယ်၊ ဆေးသုံးဖွယ်အဖြစ် အသုံးပြုနိုင်သည်။

ပင်စည်အခေါက်၏ အသုံးဝင်ပုံ

-        ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် သို့မဟုတ် သဘာဝပျားရည်စစ်စစ်တို့နှင့်     ရောစပ်၍ သောက်ပါက   ပန်းနာချောင်းဆိုးရောဂါကို ပျောက်စေသည်။

-        အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီခန့်စိမ်၍ စစ်ပြီး နံနက်၊ ညသောက်သုံးခြင်းဖြင့် အစာမကြေရောဂါပျောက်စေသည်။

-        ကြောင်လျှာအခေါက်နှင့် အရွက်တို့ကိုရေစိမ်၍ ၎င်းရေဖြင့် ပလုပ်ကျင်းပေးပါက ခံတွင်းခြောက်ကွဲနာ ပျောက်စေသည်။

-        သားဖွားပြီးနာကျင်ကိုက်ခဲသည့်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါများအတွက် ကြောင်လျှာခေါက်မှုန့်တစ်ဆ၊ ချင်းခြောက်မှုန့်  တစ်ဆ၊ ထန်းလျက်နှစ်ဆတို့ကိုရော၍  နံနက်၊ နေ့လယ်၊ ည သုံးကြိမ်သောက်ပါ။

-        အခေါက်ကို  အဆစ်အမျက်ကိုက်ဖျားရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်၊  ဝမ်းကိုက်ရောဂါများအတွက် အသုံးပြုနိုင်သည်။

အရွက်၏ အသုံးဝင်ပုံ

-        ကြောင်လျှာရွက်ကို အရည်ညှစ်သောက်ပါက ဘိန်းအဆိပ်ကို ပြေစေနိုင်သည်။

-        ကြောင်လျှာရွက်ကို  ပြုတ်စားပေးခြင်းဖြင့် အစာအိမ်နှင့်  အူလမ်းကြောင်းကို   တိုးတက်ကောင်းမွန်စေသည်။

အပွင့်၏ အသုံးဝင်ပုံ

 ကြောင်လျှာပွင့်ကိုသုပ်စားခြင်း၊ ရေနွေးဖြောပြီး မြှုပ်တို့စားခြင်းဖြင့်  နှုတ်ကိုမြိန်စေပြီး  အစာစားချင်စိတ်ကို  ဖြစ်ပေါ်စေသည်။  နားလေးခြင်း၊  နားလေထွက်ခြင်း၊   နားအူခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။    ဝမ်းကိုက်ရောဂါကိုလည်း ပျောက်ကင်းစေသည်။

အသီး၏ အသုံးဝင်ပုံ

          အသီးကိုပြုတ်၍လည်းကောင်း၊ ဖုတ်၍လည်း ကောင်းစားခြင်းဖြင့် အစာမကြေရောဂါ၊ လည်ပင်းကြီးရောဂါ၊  လေသလိပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါနှင့်   မြင်းသရိုက်ရောဂါတို့ကို  ပျောက်ကင်းစေသည်။  သုပ်စားခြင်းဖြင့် လည်ချောင်းအတွင်း အပူဖုပေါက်သောရောဂါ ပျောက်ကင်းစေသည်။

          ကြက်သားနှင့်ချက်စားပါက   ပန်းနာရောဂါပျောက်ကင်းစေသည်။

          ငါးရံ့ဖြင့်ချက်စားပါက     ကာလဝမ်းရောဂါ ပျောက်စေသည်။ အားဖြစ်စေပြီး အစာမကြေရောဂါ၊ ဝမ်းပျက်ရောဂါတို့ကို ပျောက်စေသည်။

          ပုစွန်ဖြင့်ချက်စားပါက  နှလုံးလေရိုက်ရောဂါ၊ နှလုံးတုန်၊ ရင်တုန်ရောဂါတို့ကို ပျောက်ကင်းစေသည်။

-        ငါးသလောက်ဖြင့်ချက်စားပါက အဖောရောဂါကျစေ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို သက်သာပျောက်ကင်းစေသည်။

-        ငါးမြွေထိုးနှင့်ချက်စားပါက  ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းနှင့် မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေသည်။

-        နားပင်းသူများ ကြောင်လျှာသီးကို သံပုရာရည်နှင့် သုပ်စားပါ။

- ကြောင်လျှာသီး၏ ခါးသောအရသာက ခန္ဓာကိုယ်ထဲမှအဆီပိုတွေကို ချေဖျက်ပေးရုံံမျှမက၊ ဆီးချို၊ သွေးချိုမဖြစ်အောင်လည်း ကာကွယ်ပေးသည်။

- မှိုအရေပြားရောဂါမဖြစ်အောင် ခါးသက်သက် အရသာရှိသော ကြောင်လျှာသီးကို သာမန်လူထက် ပိုစားပေးပါ။

- ကြောင်လျှာသီးကဲ့သို့ ခါးသော အသီးအနှံများက ရာသီဖျားဖြစ်သော အအေးမိ၊ တုပ်ကွေး စသည့်   ပြင်ပရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

-        ရှေးတိုင်းရင်းသမားတော်များက နားလေထွက်၊ နားအူခြင်းအတွက် ကြောင်လျှာသီးအနုကို ညှစ်ပြီး ရလာသောအရည်ကို ကြေးဇွန်းတွင်ထည့်၍  ပူနွေးအောင်ပြုလုပ်ကာ နားတွင် ခတ်ပေးခြင်း၊ ကျပ်ပေးခြင်းပြုလုပ်၍ ကုသခဲ့ကြသည်။

အမြစ်၏ အသုံးဝင်ပုံ

-        အမြစ်ကိုသွေး၍    လိမ်းခြင်းဖြင့်   အနာဝင်မန်းလိုက်ခြင်းကို ပျောက်ကင်းစေသည်။

-        လေဖြတ်၍   တစ်ခြမ်းသေ၊  တစ်ပိုင်းသေ၊ ထုံကျဉ်နာ၊ ချည့်နဲ့သောသူများ ကြောင်လျှာပင်၏ အမြစ်ခေါက်ကို သွေးလိမ်းပေးပါ။

-        ဖောရောင်ခြင်းအတွက် အမြစ်ခေါက်ကို သွေးလိမ်းပေးပါက သက်သာပျောက်ကင်းစေသည်။

-        နားတွင်အနာဖြစ်ပါက  ကြောင်လျှာအမြစ်မှုန့်ကို   နှမ်းဆီနှင့်မီးတွင်ချက်ပြီး   ၎င်းအရည် ခပ်နွေးနွေးကို နားကျပ်ပေးပါ။ နားရောဂါများ အားလုံးပျောက်ကင်းစေနိုင်သည်။

(မှတ်ချက်)    အပေါ်ယံအခွံရောင်မှောင်လေကြောင်လျှာသီးရင့်လေဖြစ်၍   အရောင်ဖျော့သော အသီးတောင့်ကိုသာ ရွေးချယ်ပါ။ ကြောင်လျှာသီးကို အရင်းမှကိုင်ဆကြည့်ရာ အောက်သို့ ကွေးညွတ်ပျော့ကျလေ နုလေဖြစ်သည်။

(သတိပြုရန်)ကြောင်လျှာသီးနှင့် ပဲဒလက်တွဲဖက်မစားရ။ သေစေနိုင်သည်။

ပေါက်ပေါက်