ပူဆွေးသောကဖြစ်မှုက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်

ပူဆွေးသောကဖြစ်မှုက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်

    ကိုယ်ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက် သောသူဟာ ကွယ်လွန်သွားတာမျိုး၊ ဘယ်တော့မှ  ပြန်မတွေ့ရတော့တာမျိုး ဆိုတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံရရင် ကျန်ရစ်ခဲ့သူများမှာ စိတ်ပိုင်းဆိုင်ရာသာမက  ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိတတ်ပါတယ်။

အရီဇိုးနား တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ပူဆွေးသောက ရောက်ခြင်းက နှလုံးရဲ့ လုပ်ဆောင်ချက်အပေါ်  ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိတယ်ဆိုတာကို သုတေသနပြုလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုလေ့လာတဲ့အခါ သူတို့တွေ့လိုက်ရတာက ပြင်းထန်တဲ့ ပူဆွေးသောကဖြစ်မှုက သွေးပေါင်ချိန်ကို သိသိသာသာ မြင့်တက်လာစေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါကြောင့်  ပူဆွေးသောကဖြစ်မှုဟာ နှလုံးရဲ့ လုပ်ငန်းဆောင်တာများ ယိုယွင်းခြင်း အတွက် အန္တရာယ်ရှိနိုင်တဲ့ အကြောင်းရင်း တစ်ရပ်အဖြစ် သိပ္ပံပညာရှင်များက ယူဆထားကြပါတယ်။

သူတို့အနေနဲ့  ဒီလိုမျိုး သုတေသနပြုမှုကိုစတင်ဖြစ်စေခဲ့တာက ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့နောက် ဖြစ်ပေါ်လာတဲ့ နှလုံးသား ကွဲကြေမတတ်ခံစားရမှုကနေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုသုတေသနကို ဦးဆောင်သူကတော့ ပူဆွေးသောကရောက်မှု အကြောင်း အထူးပြုလေ့လာနေသူဖြစ်တဲ့ စိတ်ပညာဆိုင်ရာ တွဲဖက်ပါမောက္ခ  မယ်ရီဖရန့်အိုကော်နာပါပဲ။

ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ မှတ်တမ်းတွေအရ ချစ်ရတဲ့သူတစ်ယောက် သေဆုံးသွားပြီးတဲ့အခါ ကျန်ရစ်ခဲ့သူမှာလည်း သေဆုံးနိုင်ခြေမြင့်တက်လာလေ့ ရှိတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့တာကြာပါပြီ။

မယ်ရီဖရန့်အိုကော်နာနဲ့ အဖွဲ့ကတော့ ဒီလိုသေဆုံးနိုင်ခြေ မြင့်တက်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ် သွေးပေါင်ချိန်ကို အဓိကထား လေ့လာခဲ့ကြတာပါ။

ယခုသုတေသနပြုမှုမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကိုယ့်ရဲ့အချစ်ရဆုံးသူတွေကို ဆုံးရှုံးသွားရတဲ့လူ ၅၉ ဦးပါဝင်ပြီး သူတို့ဖြစ်ပေါ်လာတဲ့ ပူဆွေးသောကက သူတို့ရဲ့နှလုံးအပေါ်ဘယ်လိုမျိုး  သက်ရောက်မှုရှိလဲ ဆိုတာကို စမ်းသပ်ဖို့အတွက်  သိပ္ပံပညာရှင်များက နည်းလမ်းရှာဖွေခဲ့ကြပါတယ်။

အဲဒီနည်းလမ်းကတော့ ချစ်ရသူများကို ဆုံးရှုံးသွားရသူများအနေနဲ့ သူတို့အတူရှိခဲ့ဖူးတဲ့ အတိတ်ပုံရိပ်တွေကို ပြန်လည်အမှတ်ရစေဖို့အတွက် ပြန်ပြောင်းပြောဆိုစေခြင်း နည်းလမ်းပါပဲ။

ချစ်ရသူများကို ဆုံးရှုံးလိုက်ရသူများဟာ ဒီလိုနည်းလမ်းအားဖြင့် အတိတ်ဇာတ်ကြောင်းများကို   ပြန်ပြောင်းသတိရပြီး ပူဆွေးသောက ရောက်နေချိန်   သူတို့ရဲ့ သွေးပေါင်ချိန်ကို သိပ္ပံပညာရှင်များက တိုင်းတာကြပါတယ်။

ဒီလိုတိုင်းတာလိုက်တဲ့အခါမှာတော့ သွေးပေါင်ချိန်ဟာ ပုံမှန်ထက် ၂၁ ဒသမ ၁ မြင့်တက်လာတာကို တွေ့လိုက်ရပါတယ်။

စမ်းသပ်မှုများ လုပ်နေစဉ် ပြင်းပြင်းထန်ထန် ပူဆွေးဝမ်းနည်းသူများကတော့ သွေးပေါင်ချိန် ပိုမိုမြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။

“ဒါဟာ ချစ်ရသူများကို ဆုံးရှုံးလိုက်ရသူများ အနေနဲ့   သူတို့ရဲ့ ပူဆွေးသောက ရောက်မှုက သူတို့ရဲ့နှလုံးကို ထိခိုက်စေတယ် ဆိုတဲ့အချက်သာမက   ဒီလိုဆုံးရှုံးရမှုအပေါ် သူတို့ရဲ့စိတ်ခံစားချက်အရ တုံ့ပြန်မှုကလည်း နှလုံးအပေါ်မှာ သက်ရောက်မှုရှိစေတယ်ဆိုတာကို   ဖော်ပြနေတာဖြစ်ပါတယ်” လို့ မယ်ရီဖရန့်အိုကော်နာက ပြောပါတယ်။

အခုသုတေသန  တွေ့ရှိမှုများဟာ ဝမ်းနည်းပူဆွေး သောကရောက်နေသူများ အနေနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေနဲ့ ထိုမှတစ်ဆင့် နှလုံးနဲ့ဆက်စပ်တဲ့ တခြားရောဂါများ ဖြစ်နိုင်ခြေမြင့်တက်စေတယ်ဆိုတဲ့ အချက်ကို ရောဂါဗေဒဆိုင်ရာ ဆရာဝန်များ သိရှိစေဖို့ အထောက်အကူပြုပါတယ်။

ဒီလိုမျိုး ပူဆွေးသောက ရောက်မှုကို လျှော့ချနိုင်ဖို့အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ခန္ဓာကိုယ်ရှိ ပင်မကြွက်သား အုပ်စုများကို တင်းမာအောင်လုပ်ပြီးနောက် အပြည့်အဝလျှော့ချစေခြင်း နည်းလမ်းဖြစ်တယ်လို့   မယ်ရီဖရန့်အိုကော်နာက ဆိုပါတယ်။

တစ်နည်းဆိုရရင် ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်တာဟာ ဝမ်းနည်းပူဆွေးနေတဲ့ သူတွေအတွက်သာမက သူတို့ခံစားနေရတဲ့ စိတ်ဖိစီးမှု ပမာဏကိုလည်း လျှော့ချပေးနိုင်စေမှာဖြစ်ပါတယ်။

ကိုထက်