မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများ လာရောက် ဖူးမြော်ကြည်ညို
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ယနေ့နံနက် ၆ နာရီ မှစတင်၍အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ဦးစွာ တာဝန်ရှိသူများက ဘူရားဖူးလာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် စိတ်လက် အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဉီးများရှေ့တွင် လုံခြုံရေး အရ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးသံဃာတော်များ၊ မသန်စွမ်းသူများနှင် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေးလွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးသည်။
ထို့နောက် ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွား များခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင် ရွက်ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးတည်ထားပူဇော်ထားသည့် ဘုရားရင်ပြင် တော်ပေါ်သို့ အလွယ်တကူ တက်ရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စက်လှေ ကားကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိရာ မသန်စွမ်းသူနှင့် သက်ကြီးရွယ်အိုများ အတွက် များစွာအဆင်ပြေလှပြီး စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်ကြည်ညို နေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော် ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ ဘုရားဖူးလာပြည်သူများအနေဖြင့်စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်ကြသည်။
ထို့ပြင် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအနေဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်းလေ့လာဖတ်ရှု ကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာတည့်တည့်၌ တည်ဆောက် ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများဖြင့် စည်ကားခဲ့သည်။
အဆိုပါ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများ ပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ အနေဖြင့် မည်သည့်ကျောက်စာရုံ၌ ပိဋကတ်သုံးပုံ ကျမ်းစာများကို လေ့လာ သည်ဖြစ်စေ ကျောက်စာရုံများမှ ထွက်သည့်အခါ၌ ဘုရားကြီး၏ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ရန် နှင့် ပိဋကတ်သုံး ပုံ အဋ္ဌကထာဋီကာ ကျမ်းစာများသည် လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင် တည်ရှိနေရန် စစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင် ပညာရှင်များက စနစ်တကျတွက်ချက် တည်ဆောက်ထား ခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူများအနေဖြင့် ဝင်ရောက်ဖူးမြော်ရာ၌ ကျောက်စာရုံစေတီတော်များ၏ ဗိသုကာလက်ရာ၊ အင်ဂျင်နီယာပညာရပ်များကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ် တော်လာ အဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာ တည်ထား ကိုးကွယ်ခဲ့သည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးလာပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။
ထို့ပြင် ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေး နေရာများ၌လည်း ဘုရားဖူးလာပြည်သူများအနေဖြင့် မိသားစုအလိုက် လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဘုရားကျောင်းကန်များအား လာရောက်ဖူးမြော် ကြည်ညိုကြသည့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်၏ ဆောက်လုပ် ထားသည့် သုဓမ္မာဇရပ် များတွင်လည်း အေးချမ်းစွာ အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနှစ်ရက် သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများသုံးဆောင်နိုင်ရန် အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက် ထား သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အနေဖြင့် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။