“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ချက်များ (နယ်စပ်ရေးရာဝန်ကြီးဌာန)

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ချက်များ (နယ်စပ်ရေးရာဝန်ကြီးဌာန)

ငါရို့ချစ်တေမြို့စစ်တွေ

    မေလ ၁၉ ရက်နေ့ ပထမတစ်ခေါက် ခရီးစဉ်   လေယာဉ်ပေါ်မှမြင်ရသော စစ်တွေမြို့မြင်ကွင်းများက  စိတ်ချမ်းမြေ့ဖွယ်ရာ    တစ်စက်ကလေးမျှပင်မရှိ အာရုံကို နောက်ကျိရှုပ်ထွေး သွားစေခဲ့သည်။ ဇွန်လ ၁၉ ရက်က   စစ်တွေသို့ ထပ်မံရောက်ရှိခဲ့သော ဒုတိယတစ်ခေါက်ခရီးစဉ်၊  ယခင်အခြေအနေလောက် မဆိုးတော့။ အခြေအနေဟု ကျွန်တော် သုံးနှုန်းလိုက်ခြင်းမှာ ပြီးခဲ့သည့် မေလ၁၄ ရက်နေ့ “မိုခါ” မုန်တိုင်းဝင်ရောက်မွှေနှောက်တိုက်ခတ်ပြီးစ အခြေအနေနှင့် တစ်လခန့်အကြာ  ထပ်မံမြင်တွေ့ခွင့်ရခဲ့သော အခြေအနေနှစ်ခုကို ယှဉ်ကြည့်လိုက်ခြင်းဖြစ်၏။   မြို့သန့်ရှင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်ရနေပြီဖြစ်သလို   ပတ်ဝန်းကျင် ကျေးရွာများ၌   စိုက်ပျိုးရေးလုပ်ငန်း ဆောင်တာများ  စတင်နေကြပေပြီ။

ဇူလိုင်၂၁ ရက်  ပြန်လည်ရောက်ရှိခဲ့သော  တတိယတစ်ခေါက်ခရီးစဉ်ကမူ ပျောက်ဆုံးသွားသော စစ်တွေမြို့ကြီးကို  ပြန်တွေ့လိုက်ရဘိအလား စိတ်မှာကြည်နူး ဝမ်းသာဖြစ်ရပါ၏။

၁၉၉၆ ခုနှစ်မှာ စတင်ရောက်ဖူးခဲ့သော စစ်တွေ ရခိုင်သားလေသံနှင့် ပြောရလျှင် ငါရို့ချစ်တေ မြို့စစ်တွေ၊ အနှီစစ်တွေ အပါအဝင် ရခိုင်ဒေသသို့ နတလဝန်ထမ်း ဘဝဖြင့် အကြိမ်ပေါင်းများစွာ၊ အခေါက်ပေါင်းများစွာ ထပ်မံရောက်ခွင့်ကြုံခဲ့ပါသည်။ အငြိမ်းစားမယူမချင်း ၂၀၁၈ ခုနှစ်အထိဟု ဆိုကြပါစို့ရဲ့။ လောကာနန္ဒာ၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ၊ လက်ဝဲသလုံးတော်၊ အဓိဋ္ဌာန်စေတီ အစရှိသော တန်ခိုးကြီး ဘုရားများကို ဖူးမြော်သည်။ စစ်တွေပွိုင့်မှာ အေးအေးလူလူ  အပန်းဖြေနားနေခွင့်ရခဲ့သည်။ ကမ်းခြေက သဲပုံစေတီပွဲဆင်နွှဲနေသူ များကိုလည်း အုန်းစိမ်းရည်လေး သောက်ရင်းငေးခဲ့ဖူးသည်။ စစ်တွေမြို့ထဲက ဘဏ်နားမှာ ရောင်းသည်ဆိုသော နာမည်ကြီးဒေသအစားအစာ   စာနာပါရာမုန့် ကိုလည်း စားခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ရင်းနှီးချစ်ခင်ခြင်း၊ သံယောဇဉ်ရှိခြင်းတို့နှင့် အသားကျနေသော စစ်တွေမြို့ကြီးသည် မိုခါမုန်တိုင်း တိုက်ခတ်အပြီး  ကျွန်တော့်မြင်ကွင်းထဲမှ ခေတ္တခဏ ကွယ်ပျောက်သွားခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတော် အကြီးအကဲ၏  အမြော်အမြင်ကြီးစွာ လမ်းညွှန်မှု၊  အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏    တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌   လာရောက် တာဝန်ထမ်းဆောင်ကြသော တပ်မတော် အရာရှိကြီးများ အပါအဝင် လုပ်အားဒါနပစ္စည်းနှင့် ငွေအလှူဒါန ပေးလှူကြသူများ အားလုံး၏ ကြည်လင်ထက်သန်သော ဇောစေတနာတို့ကြောင့် စစ်တွေမြို့ကြီး အပါအဝင် မြို့နယ်အသီးသီး၌   အချိန်တိုအတွင်း မူလအခြေအနေသို့ ရောက်လုနီးပါးဖြစ်နေကြောင်း တွေ့ရသည်။ မျှော်မှန်းထားသည်ကတော့ အရာအားလုံးသည် မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်ရပေမည်။  ယခုလတ်တလောမှာပင် ကျွန်တော့်မြင်ကွင်းထဲက   ခေတ္တခဏ ကွယ်ပျောက်သွားသော   ငါရို့ချစ်တေ မြို့စစ်တွေကို ပြန်လည်တွေ့မြင်ခွင့်ရနေပြီ မဟုတ်ပါလား။

မင်းသားရွှေဘ မကြာမီလာပါတော့မည်

    ငယ်စဉ်ကကြည့်ခဲ့ဖူးသော မင်းသားကြီး ရွှေဘ၏ ရုပ်ရှင်ကားများ၊ ကျွန်တော်အပါအဝင် တောကလူ အများအပြားက ရွှေဘကိုကြိုက်ကြသည်။   ကြိုက်ကြပေမပေါ့၊ ရွှေဘဆိုတာက  မြေရှင်ယာရှင် ဓနရှင်တွေကို အမြဲတော်လှန်ခဲ့သူ၊ ပစ္စည်းမဲ့ လူတန်းစားများ၏ ကယ်တင်ရှင်၊ တောက ဖိုးတုတ်လို ဇာတ်ကားမျိုးဆိုလျှင် အားပေးလိုက်ကြသည်မှာ    လက်ခုပ်သံက တဖြောင်းဖြောင်း၊ အခက်အခဲ အကျဉ်းအကျပ်ထဲ ကျနေပြီဆိုလျှင် ရွှေဘလာကယ်မည်ကို ကြိုသိနေကြသည်။ လူဆိုးတွေနှင့် ယှဉ်ပြိုင် ထိုးသတ်နေလျှင်လည်း ရွှေဘနိုင်မှ သို့မဟုတ်ကတော့ လယ်ကွင်းထဲမှာထောင်ထားသော  ပိတ်ကားခမျာ ပုစွန်ကျစ်စာ၊ ခဲစာ၊ ပြောင်းဖူး ရိုးစာမိပြီသာမှတ်။ ယခုလည်း ခေါင်းစဉ်တပ်ထားသည်က   နယ်စပ်ရေးရာဝန်ကြီးဌာန သို့သော်ငြားလည်း ယခုအချိန်ထိ နယ်စပ်ရေးရာဟူ၍ တစ်လုံးမျှမပါသေး၊ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ  ပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ကျွန်တော်ဂုဏ်ပြုဆောင်းပါးများ ရေးသားနေဆဲဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနဆိုသည်မှာ

    နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝန်ကြီးဌာနအဖြစ် အားလုံးသိထားကြပြီးဖြစ်ပါသည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်နယ်သည်လည်းပဲ  နယ်စပ်ဒေသများထဲမှာ ပါဝင်နေသည့်အတွက် မိုခါမုန်တိုင်းမကျရောက်မီမှာ အချိန်ကာလများစွာကတည်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း   အထူးပြောရန်ပင် မလိုတော့ပါ။ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ”   တွင် လည်းကောင်း၊ “ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့်   ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ” တွင် လည်းကောင်း ဥက္ကဋ္ဌတာဝန်ကို    ယူထားရပါသည်။ ထိုထက်ပို၍ ညွှန်းဆိုရလျှင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော နယ်စပ်ဒေသနှင့်   တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတွင်လည်း အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပါသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင်   နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌   ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အောက်ပါတို့ကို  ထည့်သွင်း ညွှန်ကြားခဲ့သည်-

“နယ်စပ်ဒေသ ဖွံ့ဖြိုးရေးသည်   နိုင်ငံတော်နှင့်  နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်ပြီး   အလွန်အရေးကြီးသည့်  ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊   နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို  တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ  တိုင်းရင်းသား လူမျိုးများအကြား၊  အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ  ပိုမိုရရှိလာပြီး  တည်ငြိမ်အေးချမ်းမှု၊   တရားဥပဒေ စိုးမိုးမှုတွေလည်း  တိုးတက်လာမှာပဲဖြစ်ပါကြောင်း၊    တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း    ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း”

“တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို  အခြေခံသည့်     ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက်   မရှိမဖြစ်လိုအပ်သည့်    တစ်နိုင်ငံလုံး  တည်ငြိမ်အေးချမ်းရေးနှင့်    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ကြောင်း”

အထက်ပါ လမ်းညွှန်ချက်များနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အတွင်း၌လည်း   ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည်မှာ ၁၉၈၉ ခုနှစ်မှ ယနေ့ကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထိဖြစ်သည်။ ဆက်လက်၍လည်း ဆောင်ရွက်ပေးဦးမည်သာ။

မိုခါမုန်တိုင်းသင့်ကာလ ပါဝင်ဆောင်ရွက်မှုများ

ဆိုခဲ့သည့်အတိုင်း နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ၊    လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းမဖြစ်ပေါ်မီ   အကြိုကာလများတွင်    ပြင်ဆင်မှုများပြုလုပ်၍ လည်းကောင်း မုန်တိုင်းဒဏ်ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ်ပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ လည်းကောင်း ထက်ထက်သန်သန် ကူညီဆောင်ရွက်ခဲ့သည်။

မိုခါမုန်တိုင်း   ဝင်ရောက်တိုက်ခတ်ပြီးနောက်  ထိခိုက်ပျက်စီးသွားသော ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ လမ်း/တံတားများ၊ လူနေအိမ်များ စသည်တို့ ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက်  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏  စီစဉ်လမ်းညွှန်မှုအရ လည်းကောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် အလှူရှင်များ၏  လှူဒါန်းမှုဖြင့် လည်းကောင်း၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာခဲ့သည်။  ထိုအထဲတွင်  နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်    ၇ ပေသွပ် ၁၀၀၀၀ ချပ်၊ ဘိလပ်မြေအိတ် ၃၀၀၀၊ သွပ်ရိုက်သံ/သံရိုက်သံ ၇၂၅ ပိဿာ တို့ကို ပါဝင်လှူဒါန်းခဲ့သည်။ မုန်တိုင်းသင့်ဒေသများတွင်  လတ်တလောကြုံတွေ့ရသည့် အခက်အခဲမှာ စားရေးဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုများ၊ အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ပေးပို့လှူဒါန်းမှုများဖြင့် ဆန်နှင့် စားသောက်ဖွယ်ရာများ၊    သောက်ရေသန့်များ အစရှိသည်တို့ကို စစ်ရေယာဉ်(မုတ္တမ)ကဲ့သို့ တပ်မတော် ရေယာဉ်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ရေယာဉ်နှင့် ပုဂ္ဂလိကရေယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ မြန်မာ့လေကြောင်းမှ လေယာဉ်များ၊ ကုန်းလမ်းခရီးမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ယင်းကဏ္ဍတွင်လည်း နယ်စပ်ရေးရာဝန်ကြီး ဌာနက  ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆန်အိတ် ၁၀၀၀၊ ဆီပိဿာ ၁၅၀၀၊ ဆားအိတ် ၃၀၊ ကုလားပဲပိဿာ ၃၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀၊ သောက်ရေသန့် ကတ် ၂၅၀၀ လှူဒါန်းခဲ့ပါသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကွပ်ကဲဆောင်ရွက်

    မုန်တိုင်းသင့်ဒေသများ အားလုံးအတွက် ပြန်လည်ထူထောင်ရေး    လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက် ကွပ်ကဲဆောင်ရွက်ကြသူများမှာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ဖြစ်ကြသည်။  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးတို့က တပ်ပိုင်းဆိုင်ရာ ကွပ်ကဲမှုကို  ဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ပေးထားသော တပ်မတော်အရာရှိကြီး ၁၄ ဦးလည်း ရှိနေသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှုများဖြင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများသည် မိမိတို့ တာဝန်ယူထားရသော ဆပ်ကော်မတီများအလိုက်  ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကအစ   နေထိုင်စားသောက်ရေး ကိစ္စရပ်များကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သဘာဝဘေး ကြုံတွေ့လာချိန်တွင်လည်း အမိုးအကာအောက်သို့   အမြန်ဆုံး ရောက်ရှိရေး၊ ကယ်ဆယ်ကူညီ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးရေး လုပ်ငန်းများကို လတ်တလောစီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးခဲ့သည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်ရင်းဖြင့် အဓိက လုပ်ငန်းတာဝန်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်းများကို  အမြန်ဆုံးပြန်လည်ပြုပြင်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး၊  ဆက်သွယ်ရေး အော်ပရေတာများ ပြန်လည်ကောင်းမွန်ရေး၊ လျှပ်စစ်မီးများ ပြန်လည်ပို့လွှတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအမီ ကျောင်းများ၊ တက္ကသိုလ်များ  ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သာသနိက အဆောက်အအုံများ၊ တန်ခိုးကြီးဘုရားစေတီများ၊ ယဉ်ကျေးမှု အဆောက်အအုံများ ပြန်လည်ပြုပြင်တ ည်ဆောက်ရေး၊ လမ်း/တံတားများ ပြန်လည်ကောင်းမွန်ရေး၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အထူးသဖြင့် မိုးစပါးရာသီအမီ စပါးမျိုးများနှင့် ထွန်ယက်စိုက်ပျိုးရေး ကိစ္စ၊ သွင်းအားစုပံ့ပိုးပေးရေးကိစ္စများ အဆင်ပြေချောမွေ့စေရေး၊ တည်ဆောက်ရေး လုပ်ငန်းများတွင်  လိုအပ်သော သစ်ခွဲသားများ အချိန်မီရောက်ရှိ   ဖြန့်ဖြူးပေးနိုင်ရေး စသည်တို့ကို ကွပ်ကဲကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။ 

    ကုလားတန်ဘက်စုံသုံးဆိပ်ကမ်းတွင် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော  သင်္ဘောကြီးများ  ဝင်/ထွက်ဆိုက်ကပ်မှုများ အဆင်ပြေ/မပြေ၊ ပစ္စည်းများ  လျင်မြန်စွာ ချထားသယ်ယူနိုင်မှုရှိ/မရှိနှင့် သက်ဆိုင်ရာ နေရာဒေသများသို့ အချိန်မီ   ရောက်/မရောက်ကိုလည်း မပြတ်ကြည့်ရ စစ်ဆေးကြရပါသေးသည်။ ထိုလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်ထမ်းရွက်နေကြသော တစ်နည်းအားဖြင့်ပြောရလျှင်    လုပ်အားဒါန ပြုနေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ချီးကျူး မှတ်တမ်းတင်   ဂုဏ်ပြုအပ်ပါသည်။

သူတို့သည် သင်္ဘောဆိပ်တွင်သာမက မြို့အလိုက်၊ မြို့နယ်အလိုက် ရှင်းလင်းရေး လုပ်ငန်းများတွင်လည်း  နိစ္စဓူဝမိုးလင်းမိုးချုပ်   ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မိုခါမုန်တိုင်းက   သစ်ပင်ကြီးငယ်မဟူ အားလုံးကို ရသလောက် ဖြိုသွားခဲ့ပေရာ လဲကျခဲ့သော   အချို့အပင်များမှာ အလွန်ကြီးမားသည်။  သာမန်ဓားများ၊ လွှများဖြင့် ဖြတ်တောက် ရှင်းလင်းရန် မလွယ်ကူပါ။ Chain Saw တွေကူရသည်။  မကြာခဏလည်း  ပျက်၏။

ထိုရှင်းလင်းရေး လုပ်ငန်းများတွင ်အသုံးပြုရန် နယ်စပ်ရေးရာဝန်ကြီးဌာနက  Chain Saw ၂၀  လက်နှင့်   မြက်ဖြတ်စက်   ၁၀ လုံးကိုပါ ဝယ်ယူထောက်ပံ့ပေးခဲ့ပါသည်။ ဌာနပိုင် ယာဉ်/ယန္တရားများကိုလည်း ရှင်းလင်းရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်စေခဲ့သည်။

ရေသန့်စက်များပါဝင်လှူဒါန်း

    မုန်တိုင်းသင့်ဒေသများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရွေ့လျားရေသန့်ကားများ၊ ဆိုလာသုံး  ရွေ့လျားရေသန့်စက်များ၊ Lite Straw ရေသန့်စက်များကို မြို့နယ်အလိုက် ကျေးရွာများသို့ အရောက် ဖြန့်ခွဲပေးပို့ဆောင်ရွက်ခဲ့သည်။  ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း ဆိုလာသုံးရွေ့လျား ရေသန့်စက် ၁၀ စုံ၊ Lite Straw ရေသန့်စက် ၂၀၀ လုံးတို့ ပါဝင်လှူဒါန်းပေးခဲ့ပြီး စာသင်ကျောင်းများတွင် ရေမော်တာများ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းအပြင် ရခိုင်ပြည်နယ်အတွင်း ကျေးရွာများ၌  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကတည်းက  တူးဖော်ပေးထားသော ရေကန်များ  ပြန်လည်သန့်ရှင်းရေး၊ လက်တူးတွင်းများ၏ အမိုးအကာပြုပြင်ပေးရေး ကိစ္စများကိုပါ  ပြန်လည်ဆောင်ရွက်ပေးခဲ့သည်။

ဘုရား၊ စေတီနှင့်သာသနိက အဆောက်အအုံများပြုပြင်        

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် စစ်တွေမြို့  လောကာနန္ဒာစေတီဝင်း အတွင်းရှိ မဟာဝေယန် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်ရန် ငွေကျပ် ၁၄၀ ဒသမ ၉၇၆ သန်း၊ လောကာနန္ဒာစေတီတော်ဝင်း ခြံစည်းရိုးနှင့် ရင်ပြင်တံတိုင်း ပြုပြင်ရန် ငွေကျပ် ၁၁ ဒသမ ၁၃၁ သန်း၊ ရန်အောင်မြင် ဓာတုကိုးနဝင်း စေတီပြုပြင်ရန် ၂၄ ဒသမ ၄၂၈ သန်း၊  မြောက်ဘက်ကိုးနဝင်း ဓာတုဧစေတီ အဆောက်အအုံပြုပြင်ရန် ငွေကျပ် ၁၆ ဒသမ ၄၅၁ သန်း၊ အတုလမာရဇိန်   ပြည်လုံးချမ်းသာ ဘုရားကြီး မြန်မာမှုလုပ်ငန်းများ ပြုပြင်ရန်အတွက် ငွေကျပ် ၆၁ ဒသမ ၇၅၀ သန်း၊ ရှင်ကလေးစေတီ ထီးတော်ပြုပြင်ရန် ငွေကျပ် ၆ ဒသမ ၃၀ သန်း၊ မဟာဇေယျသိဒ္ဓိစေတီ သိမ်နှင့် ထီးတော်ပြုပြင်ရန် ငွေကျပ်  ၁၂ ဒသမ ၂၆၀ သန်း၊ လက်ဝဲသလုံးတော် ဓာတ်စေတီ အဆောက်အအုံ ပြုပြင်ရန် ငွေကျပ် ၃ ဒသမ ၇၀၂ သန်း၊ အရှေ့ဘက် ကိုးနဝင်း ဓာတုဧစေတီပြုပြင်ရန် ၁၀ ဒသမ ၄၀ သန်း၊ ရန်ပြေမာန်ပြေဘုရားကြီး သိမ်တော် ရွှေဆေး၊   ဆလိုက်မီးနှင့် ရေတိုင်ကီများ ပြုပြင်ရန် ငွေကျပ် ၈ ဒသမ ၁၀ သန်း၊  မောင်တောခရိုင် တောင်ပြိုလက်ဝဲ    နံသာတောင်ဘုရားကြီးရှိ ကျောင်းသား အိပ်ဆောင်ပြုပြင်ရန် ငွေကျပ် ၁၀ သန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော် မင်္ဂလာကြိုးတံတား ပေ ၃၂၀ ပြန်လည် ပြုပြင်ရန်   ငွေကျပ် ၅၉ ဒသမ ၉၂၆ သန်းတို့ကို    ကျခံသုံးစွဲလှူဒါန်းခဲ့ပါသည်။

 ၎င်းအပြင် ရှင်မာကုကာသီဒြယ် ဘုရားရှိခိုးကျောင်း၊ ဟိန္ဒူဘုရားကျောင်းများ ပြုပြင်တည်ဆောက်ရန် အတွက်လည်း အလှူငွေများ ပေးအပ်ခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီးသည်  ဇူလိုင်လ ၂၃  ရက်နေ့တွင်    ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်၍ ဦးရာဇ်တော်မင်္ဂလာ ကြိုးတံတား တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Description: C:\Users\Administrator\Desktop\9-8-2023\98132.JPG

အထွေထွေလှူဒါန်းမှုများ

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ ဆိုလာမီး အစုံ ၅၀၀၊ ဌာနဆိုင်ရာများနှင့် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များအတွက်  ဆိုလာမီး ၁၅၀ စုံ လှူဒါန်းမှုအပြင် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာအတွက်လည်း ငွေကျပ်သိန်း ၃၀ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

မိုခါအလွန်ကာလမှာ

    မိုခါမုန်တိုင်းဒဏ်သင့်  ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် အချိန်ကာလတစ်ခုတွင် ပြီးဆုံးသွားပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်နေသော နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး  လုပ်ငန်းများကမူ  ရခိုင်ပြည်နယ်အတွက် ဆက်၍ ရှိမြဲရှိနေမည်သာ။   ယခုစတင်နေပြီ ဖြစ်သော  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်းများထဲမှာ လမ်း/တံတားလုပ်ငန်းများလည်း ပါမည်။  တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခြင်း   လုပ်ငန်းများလည်း ပါမည်။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်စပ်ဒေသ တိုင်းရင်းသား  လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊   စက်မှုလက်မှု သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်နေပါလိမ့်မည်။ ထို့ပြင်  နတလ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ရှိနေပါဦးမည်။ စင်စစ်သော်ကား နယ်စပ်ရေးရာ ဝန်ကြီးဌာန ရခိုင်ဒေသနှင့် နတလ လုပ်ငန်းများသည် ခွဲခြား၍ မရစကောင်း၊ ၁၉၈၉-၁၉၉၀ ပြည့်နှစ်ကတည်းက   ဆုံတွေ့ခဲ့ကြသည့် ရေစက်ဖြစ်သည်။ မိုခါအလွန်ကာလများ၌လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဦးမည်သာ။  ။

မြင့်စိုး(နတလ)