ခါးနာရောဂါ သက်သာစေနိုင်သည့် ဆေးမြီးတို(ဆေးနည်းတို)များ
လူတိုင်းအဖြစ်များသော ရောဂါအမျိုးမျိုးတွင် ခါးနာရောဂါလည်း ပါဝင်သည်။ ခါးနာရောဂါသည် အသက် အရွယ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်သည်။ အချိန်ပြည့် ထိုင်၍အလုပ်လုပ်ရသူ၊ ကွန်ပျူတာဖြင့် အလုပ်လုပ်ရသောသူ၊ ကျောပိုးအိတ်လွယ်၍ နေ့စဉ်ကျောင်းတက်ရသည့် ကျောင်းသား၊ ကျောင်းသူများအထိ အရွယ်မျိုးစုံတွင် ဖြစ်ပွားနိုင်သည်။
ရုတ်တရက် သေတ္တာမလိုက်ရာမှ၊ ဆန်အိတ်မလိုက်ရာမှ၊ ရေပုံးဆွဲရာမှ ခါးနာမှုဖြစ်ပွားနိုင်သည်။ ပစ္စည်းအလေးအပင်မလျှင် ဆောင့်ကြောင့်ထိုင်ပြီးမှ မယူရမည့်အစား ခါးကုန်းပြီး အားစိုက်မယူလိုက်သောအခါ ခါးရိုးဆစ်ဟသွားပြီး ခါးအရွတ်နာသွားခြင်း မှစ၍ ခါးနာရောဂါဖြစ်ပွားနိုင်သည်။ အခန့်မသင့်လျှင် ခါးဆစ်နှစ်ခုကြားတွင် အကြောညပ်ပြီး လုံးဝပြန်မထ နိုင်တော့သည် အထိဖြစ်နိုင်သည်။
လှေကားအဆင်း၊ အတက်များသူတွင်လည်း ခါးနာရောဂါဖြစ်ပွားနိုင်သည်။ တချို့လှေကားထစ် များသည် စိပ်လွန်းခြင်း၊ မတ်စောက်ခြင်း၊ အကျော် အနင်းမမှန်ခြင်း၊ မြင့်လွန်းခြင်း၊ အလိမ်အကွေ့များ ခြင်းတို့ကြောင့် ခါးနာရောဂါဖြစ်ပွားနိုင်သည်။ လှေ ကားဆင်း၊ တက်ခြင်းသည် နှလုံးကျန်းမာရေး အတွက် ကောင်းသည်ဟု ဆိုသော်လည်း ခါးနာရောဂါရှိသူများ အတွက် မသင့်လျော်ပေ။ ထို့ကြောင့် ခေတ်မီအထပ်မြင့် အဆောက်အအုံများတွင် အဆင်း၊အတက် ဓာတ်လှေကားများကို သုံးစွဲလာခြင်းဖြစ်သည်။
ခါးနာလျှင် ပူသော ပရုတ်ဆီလိမ်းကြသည်။ တချို့မှာ အရပ်အနှိပ်သည်နှင့် အနှိပ်ခံကြသည်။ လက်နှိပ်အားပြင်းပြီး ခါးဆစ်မှ အရွတ်နှင့်အကြောရောင်သွား သောကြောင့် ပိုဆိုးသွားသူများကိုလည်း တွေ့ဖူးသည်။
တချို့မှာ အနင်းခံကြသည်။ အနင်းခံရာမှ ခါးရိုးဆစ် ကျွံသွားပြီး ခွဲစိတ်ကုသရသည့် အဆင့်အထိ ရောက်သွားသူများလည်းရှိသဖြင့် အထူးသတိထား ဆင်ခြင်ကြရန် သတိပေးလိုသည်။
ရှေးလူကြီးများ သုံးစွဲလေ့ရှိသည့် အနှိပ်သည်ဖုဟု ခေါ်သော သစ်သားကို အဖုနှစ်ဖုအဖြစ် ထွင်းထုထားသော ခါးအောက်မှခံအိပ်သည့်ပစ္စည်းကို ဘုရားစောင်း တန်းများတွင် ရောင်းချနေသည်ကို ယနေ့ထက်တိုင် တွေ့နေရဆဲဖြစ်သည်။ အနှိပ်သည်ဖုကို ခါးအောက် မှ ခံအိပ်ပြီး အိပ်ပျော်သွားသောကြောင့် ခါးဆစ်ရောင်ပြီး နံနက်တွင်မထနိုင်ဖြစ်သူကို တွေ့ဖူးသဖြင့် အထူး သတိထားသုံးစွဲရမည့် ပစ္စည်းဖြစ်သည်။
အညာဒေသမှ ခါးနာရောဂါဖြစ်ပွားချိန်ကြာပြီး လမ်းမလျှောက်နိုင်ဘဲ ခြေတစ်ဖက်သိမ်သွားသော အသက် ၆၀ ကျော် အမျိုးသား တစ်ဦးကို ကုသပေးဖူးသည်။ သူသည် ထန်းပင်ပေါ်မှ လိမ့်ကျခြင်းဖြစ်သည်။ ဖြစ်စက သိပ်မနာ၊ နောက်မှ တဖြည်းဖြည်းနာလာပြီး ခြေတစ်ဖက်ပါ သိမ်လာခြင်းဖြစ်သည်။ သူ့ခါးဆစ်မှာ ခုံးနေပြီး ကျီးပေါင်းတက်နေသည်ကို တွေ့ရသည်။
ကျီးပေါင်းသည် သစ်ပင်အခေါက်ခွာလျှင် အပွေးတက်သကဲ့သို့ တဖြည်းဖြည်း တက်လာပြီးမှ အာရုံကြောကို ပိတ်မိကာ အောက်ပိုင်း သေသလိုဖြစ်သွား ခြင်းဖြစ်သည်။ ဖြစ်စက သေချာကုသလျှင် ခါးကျီးပေါင်း မတက်နိုင်ပါ။ ကျီးပေါင်းရောဂါဖြစ်လျှင် အကြော နားလည်သော ပညာရှင်များဖြင့် သေချာကုသသင့်သည်။ အနင်းအနှိပ်ခံခြင်းကြောင့် ခါးရိုးဆစ်ကျီးပေါင်းနှင့် အကြောညပ်ပြီး အောက်ပိုင်းသေသည်အထိ ဖြစ်သွားရသူများလည်း ရှိသည်။ ခါးရိုးဆစ်များကြား မှထွက်သော အာရုံကြောများသည် အလွန်သေးငယ်သော်လည်း လမ်းသွားခြင်းနှင့် အထိုင်အထပြုလုပ် ရာတွင် ထိုအာရုံကြောက ကြွက်သားများကို စေခိုင်းခြင်းဖြစ်သည်။ အာရုံကြောအလုပ် မလုပ်သောအခါ ကြွက်သားများပါ သိမ်သွားသည်။ ထိုအခါ ခန္ဓာကိုယ် အောက်ပိုင်းပိန်လှီပြီး မသန်စွမ်း ဘဝရောက်နိုင်သဖြင့် ခါးကျီးပေါင်းရောဂါ ဖြစ်ပွားပါက ပေါ့ပေါ့ဆဆ မနေသင့်ပေ။
ရောဂါတစ်ခုဖြစ်စအချိန်တွင် အရပ်သုံး ဆေးမြီးတို(ဆေးနည်းတို)များဖြင့် ကုသလေ့ရှိသည်။ ဆေးမြီး တိုနှင့်ကုသ၍မပျောက်ကင်းမှသာ သက်ဆိုင်ရာ ဆရာနှင့် ကုသကြသည်။ ယခုအခါ အကြောအဆစ်ကု ဆရာဝန်ကြီးများနှင့် ခါးရိုးဆစ်ကို အတိအကျ ပုံဖော်ပေးနိုင်သည့် ဓာတ်မှန်နည်းပညာများ ထွန်းကားလာပြီဖြစ်သည်။ ကျီးပေါင်းတက်သော အဆင့်၊ အာရုံကြောညပ်သော အဆင့်များတွင် (Traction) ခေါ် စက်သီးဖြင့် ခါးဆွဲကုသည့် နည်းကို အသုံးပြုသည်။ အဆစ်နှစ်ခုကြား ညပ်နေသည့် အကြောကို ခါးဆွဲခြင်း ဖြင့် ပြန်လွတ်ထွက်လာအောင် ကုသသောနည်းဖြစ် သည်။
မြန်မာ့တိုင်းရင်းဆေးပညာတွင် ခါးနာရောဂါ အတွက် ပျောက်ကင်းစေနိုင်သော ဆေးမြီးတို (ဆေးနည်းတို)သုံးစွဲ၍ ပျောက်ကင်းမှု မှတ်တမ်းများရှိသည်။ ထိုနည်းများသည် ဆရာမကူဘဲ မိမိအိမ်တွင် ကိုယ်တိုင် ကုသနိုင်သော နည်းများဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ သဘာဝအလျောက် ပေါက်ရောက်သော အပင်များကို ဆေးဖက်ဝင်အပင်အဖြစ် သုံးစွဲထားသည်ကို တွေ့ရသဖြင့် အလွန်လွယ်ကူသည်။ ဆေးနည်းတိုဟူ၍ အထင်မသေးသင့်။ ပထမအဆင့်တွင် အချိန်မီကုသပါက ပျောက်ကင်းနိုင်သော ဆေးမြီးတိုများစွာရှိသည်ကို ရှေးဆေးမြီးတိုကျမ်း၊ မှတ်တမ်းများအရ သိရှိရ သည်။
ခါးနာရောဂါပျောက်ဆေးမြီးတို(ဆေးနည်းတို)များ
- သက်ရင်းကြီးရွက် ခုနစ်ရွက်ကို ဖြန့်ပြီး ခါးနာသူ၏ အိပ်ရာပေါ်တွင် ခင်းပါ။ အပေါ်မှ အဝတ်ပါးတစ်ထည်ကို ထပ်၍ ခင်းပြီးအိပ်ပါ။ နံနက်အိပ်ရာထလျှင် ခါးနာ သက်သာသည်ကို တွေ့ရ သည်။
- ရေစိုအဝတ်ကို ရေကုန်အောင်ညှစ်ပြီး ခါးနာသူ၏ခါးတွင် ပတ်ထားပါ။ အိပ်ပြီး ခြေဖဝါးတွင် ဆားပွတ်ပေးပါ။ ရေဖတ်ဖြင့် တစ်လှည့်ပွတ်ပါ။ ခါးမှ အဝတ်ခြောက်သွားပြီး ခါးနာ သက်သာသွားပါလိမ့်မည်။
- ကိုယ်ရံကြီးရွက်ကို မီးကင်ပါ။ ပျော့ပျောင်းပြီး အေးသွားသောအခါ ခါးတွင်ပတ်ပြီး အဝတ်ဖြင့် စည်းထားပါ။ နှစ်နာရီခန့် စည်းထားလျှင် ခါးနာသက်သာစေနိုင်သည်။ ခါးမှ အပူများ ထွက်ပြီး ယားလာလျှင် သနပ်ခါးနှင့် ဆားကို ရောသွေးပြီးလိမ်းပါက သက်သာစေနိုင်သည်။ သင်္ဘောရွက်တစ်ရွက်ကို ပျော့သွားအောင် ရေနွေးဖြင့် စိမ်ပါ။ ခါးတွင်ကပ်၍ အဝတ် သို့မဟုတ် ပတ်တီးဖြင့် ပတ်ထားပါ။ ပထမအေးသည်။ နောက်ပိုင်း ပူလာပါလိမ့်မည်။ ခါးနာသက်သာ စေနိုင်သည်။
- မုန်ညင်းဆီစစ်စစ် ငါးကျပ်သားတွင် ချင်းတက်ကို ပါးပါးလှီးပြီး ခုနစ်လွှာထည့်ပါ။ မီးဖြင့် ဆူအောင် အပူပေးပြီး အအေးခံထားပါ။ ထိုချက်ထားသော မုန်ညင်းဆီကို ခါးတွင်လိမ်းပါ။ ခါးအလွန်နာ လျှင် မီးအပူပေးပြီး ခပ်နွေးနွေးလိမ်းပြီးနောက် အဝတ်ဖြင့် ခါးကို ပတ်ထားပါ။ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် လိမ်းပေးပါက သက်သာနိုင်သည်။
- နှမ်းဆီကို အပူပေးပြီး ဆူလာပါက မိဿလင်ဥကို ထုထောင်းပြီးထည့်ပါ။ ထိုဆီချက်ခပ်နွေးနွေးကို ခါးတွင်လိမ်းပေးပြီး အဝတ်ပတ်ထားပါက ခါးနာသက်သာနိုင်သည်။
- အာလူးအစိမ်းကို ဘေးတိုက် ခပ်ပါးပါးလှီးပြီး ခါးရိုးဆစ်တစ်လျှောက် ခုနစ်ခုခန့်ကပ်ပါ။ ကွာ မကျအောင် အဝတ်သို့မဟုတ် ပတ်တီးဖြင့် ခါးတွင်ပတ်ပြီးအိပ်လျှင် ခါးနာသက်သာနိုင်သည်။
- မိဿလင်ဥကို အခြောက်လှန်း၊ အမှုန့်ကြိတ်ပြီး အဝတ်ပါးဖြင့် ထုပ်ကာ ကြပ်ထုပ်ပြုလုပ်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းခံကာ ခါးတွင် ကြပ်ထုပ်ထိုး ပေးလျှင် လျင်မြန်စွာ သက်သာနိုင်သည်။
- သက်ရင်းကြီးရွက်၊ မိဿလင်ဥ၊ ချင်းစိမ်း သုံးမျိုး ကို ညက်အောင် ထုထောင်းပြီး ခါးတွင် အုံစည်း ပေးလျှင် ဒဏ်ကြောင့်ဖြစ်သော ခါးနာခြင်းကို သက်သာနိုင်သည်။
- ဝံအူမြစ်၊ တောရှောက်မြစ်၊ ထင်းရှူးဆီ၊ နလင် ကျော်မြစ်တို့ကို သွေး၍လိမ်းပေးခြင်းဖြင့် ခါးကျီးပေါင်းတက်ခြင်းကို သက်သာနိုင်သည်။
ကြည်လွင်မြင့်(မုဒြာ)