မွန်ပြည်နယ်နှင့် သာပေါင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၉
မွန်ပြည်နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံခြင်းကို ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားများပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား သာပေါင်းမြို့နယ်၊ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။