NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီး ချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန် စွာ ပြန်လည်ကယ်တင်နိုင်

NUG CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီး ချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန် စွာ ပြန်လည်ကယ်တင်နိုင်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် -

            NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများမှ မတရား အနိုင်ကျင့် ဖမ်းဆီးချုပ်နှောင် ထားသော နိုင်ငံဝန်ထမ်းနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ စုစုပေါင်း ၃၀ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများအား ဩဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွားပြီး အဆိုပါ ကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများက ဖမ်းဆီးခံ ကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့သည်။

ထိုသို့ ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မြေပြင်သတင်းဖော်ထုတ်၍ ယနေ့နံနက် ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ ရွာသန်း ကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးထားသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမားများ ထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

---

    အကြမ်းဖက်သမားများ အနေဖြင့် ယခုကဲ့သို့ ရိုးသားစွာနေထိုင် လုပ်ကိုင် စားသောက်လျက်ရှိသော အပြစ်မဲ့ ကျေးရွာသူ၊ ကျေးရွာသားများကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်း၊ နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်းခြောက် ချုပ်နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု   ( Counter-terrorism Action ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေး ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။