မျက်စိတွင်ဖြစ်တတ်သည့် ရေတိမ်(Glaucoma)ရောဂါအကြောင်း
မျက်စိရေတိမ်က အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်နိုင်ပါတယ်။ မျက်စိမှာ ရေတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို တစ်ကမ္ဘာလုံးမှာ ယနေ့အထိ တိကျတဲ့အဖြေမရှိသေးပါဘူး။ ရေတိမ်ဖြစ်နိုင်တဲ့ အချက်တွေတော့ရှိပါတယ်။ မိဘအဘိုးအဘွားတွေမှာ ရေတိမ်ဖြစ်ရင် မိမိမှာလည်း ရေတိမ်ရောဂါဖြစ်ဖို့ အခွင့်အရေးများပါတယ်။ ထောင့်ကျဉ်းရောဂါ(ထောင့်ကျဉ်းရေတိမ်ရောဂါ) ဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် မျက်မှန်ပါဝါများများ တပ်ရတဲ့သူတွေ၊ စိုးရိမ်သောကများတဲ့သူတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။
ရေတိမ်ရောဂါဖြစ်တဲ့လက္ခဏာတွေက မျက်စိသူငယ်အိမ်ကိုကြည့်လိုက်လို့ ကျယ်နေရင် ရေတိမ် ဖြစ်နိုင်တယ်လို့ ယူဆသင့်ပါတယ်။ ရေတိမ်ရောဂါက မျက်စိနီတာ၊ ကိုက်တာ၊ မှုန်တာတွေမရှိဘူး။ အကုန်မြင်ရတယ်။ ဒါပေမဲ့ မျက်စိကကြည့်လို့မကောင်းဘူး။
မျက်မှန်ကို တစ်ချိန်လုံးပြောင်းနေရတတ်တယ်။
မျက်မှန်ဆိုတာ တစ်နှစ်ခွဲလောက်ကြာမှ ပြောင်းရတာ။ ရေတိမ်ဖြစ်ရင် မျက်မှန်ကို တစ်ခုပြီးတစ်ခု ပြောင်းသုံးနေရတယ်။ မျက်မှန်စပြောင်းပြီးချိန်မှာ ကြည့်လို့အဆင်ပြေပေမယ့် နောက်ပိုင်းကြည့်ရတာ အဆင်မပြေတော့တာမျိုးဖြစ်တတ်တယ်။ မြင်ကွင်းက ကျဉ်းလာတတ်တယ်။ ညဘက်မှာ လမ်းလျှောက်တဲ့အခါ ဘေးကိုမမြင်ရတဲ့အတွက် ခလုတ်တိုက်တာတွေဖြစ်လာတယ်။
မျက်စိရေတိမ်က ဘယ်အသက်အရွယ်မဆိုဖြစ်နိုင်တယ်။ မျက်စိရေတိမ်မှာ မွေးရာပါရေတိမ်ရောဂါလို့ခေါ်တဲ့ ရေတိမ်ရောဂါရှိသလို အသက်အရွယ်ကြီးလာလို့ဖြစ်တဲ့ ရေတိမ်ရောဂါလည်းရှိပါတယ်။ မွေးရာပါရေတိမ်က မွေးကတည်းကဖြစ်နိုင်တယ်။ မွေးကတည်းက ရေတိမ်ပါလာလို့ မျက်ကြည်လွှာက နောက်လာတယ်။ မျက်စိက ပိုပြူးထွက်လာတယ်။ ဒါဆိုရင် မိဘတွေက ဂရုစိုက်မိတတ်တယ်။ ကြီးမှဖြစ်တဲ့ရေတိမ်က အသက် ၆၀ ကျော်မှ အဖြစ်များပါတယ်။ မျက်စိရေတိမ်မှာ ထောင့်ကျယ်ရေတိမ်ရောဂါနဲ့ ထောင့်ကျဉ်းရေတိမ် ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။
မြန်မာနိုင်ငံမှာ ရေတိမ်ဖြစ်ရတဲ့အကြောင်းရင်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ထောင့်ကျဉ်းရောဂါကြောင့်ဖြစ်ပြီး ထောင့်ကျယ်ရေတိမ် ဖြစ်ပွားနှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။
ထောင့်ကျဉ်းရေတိမ်ရောဂါရော ထောင့်ကျယ်ရေတိမ်ရောဂါပါ ကုသမှုမခံယူရင် မျက်စိကွယ်တတ်ပါတယ်။ ရေဖိအားတက်လာတဲ့အခါ အမြင်အာရုံထိခိုက်လာတယ်။ ကြာလာတော့ မျက်စိကွယ်သွားနိုင်တယ်။
ထောင့်ကျဉ်းရေတိမ်ရောဂါကို အပိတ်ရေတိမ်လို့ခေါ်ပြီး ထောင့်ကျယ်ရေတိမ်ရောဂါကို အဖွင့်ရေတိမ်လို့ ခေါ်တယ်။ အပိတ်ရေတိမ်က ရုတ်တရက်ဖြစ်ပြီး ရုတ်တရက်ဖြစ်လာတာရှိသလို နာတာရှည်ဖြစ်ပြီးမှ ဖြစ်တာလည်း ရှိပါတယ်။ ရုတ်တရက်ဖြစ်တာဆိုရင် မျက်စိကနီလာမယ်၊ ကိုက်လာမယ်၊ မှုန်လာမယ်။ မခံနိုင်အောင်ကိုက်တတ်ပါတယ်။ မျက်လုံးကမခံနိုင်အောင်နာတဲ့အခါ ခေါင်းကိုက်သလို ခံစားရတတ်ပါတယ်။ တစ်ခါတလေ ခေါင်းကိုက်တာနဲ့အတူ ပျို့အန်တတ်တယ်။ ဒါကြောင့် မခံနိုင်အောင် ခေါင်းကိုက်ရင်၊ ခေါင်းကိုက်တာနဲ့တွဲပြီး ပျို့အန်ရင် ရောဂါဖြစ်နေပြီလားဆိုတာ ထည့်စဉ်းစားဖို့လိုတယ်။
ကုသမှုအနေနဲ့ အခြေခံအတူတူပဲဖြစ်တယ်။
အရင်က ရုတ်တရက်ဖြစ်တဲ့ (ACG-Acute ACG) က အဖြစ်များပေမယ့် အခုတော့ ဖြစ်ပွားမှုနှုန်း အတော်ကျလာပါပြီ။ အရင်က အညာဒေသမှာ ဇာတ်ပွဲတွေ ညလုံးပေါက်ကပြတဲ့အခါ ရွာသူရွာသားတွေ ဇာတ်ပွဲကို တစ်ညလုံးထိုင်ကြည့်ကြတယ်။
နောက်တစ်နေ့ကျတော့ သူတို့မျက်လုံးတွေနီရဲနေတယ်။ ဒါဆိုရင် ဆရာဝန်ဆီလာပြရင် ဒါရေတိမ်ပဲဆိုတာသိတယ်။ ညအမှောင်မှာဆိုရင် မျက်စိသူငယ်အိမ်က ပိုကျယ်လာတယ်။ သူငယ်အိမ်ကျယ်လာတာနဲ့အမျှ ထောင့်ကပိုကျဉ်းလာပြီး ရေတိမ်ဝင်လာတယ်။
နေရောင်မှာ မျက်စိသူငယ်အိမ်ကကျဉ်းပြီး ညအမှောင်မှာ တစ်ညလုံးကြည့်တာများရင် သူငယ်အိမ်က ကျယ်နေတတ်တယ်။ ထောင့်ကျဉ်းရေတိမ်ဖြစ်နိုင်တဲ့ အကြောင်းနှစ်ခုမှာ တစ်ခုက သူငယ်အိမ်ကျယ်တာနဲ့ နောက်တစ်ခုက အကြာကြီးစာဖတ်တာကြောင့်ဖြစ်တယ်။ မျက်စိက အရာဝတ္ထုတစ်ခုကိုကြည့်တာများရင် သူငယ်အိမ်နောက်က မှန်ဘီလူးက ရှေ့ကိုရောက်လာတယ်။ ဒီအကြောင်းနှစ်ခုကြောင့် ရေတိမ်ရောဂါဝင်လာတတ်ပါတယ်။
မျက်စိရေတိမ်ရောဂါကုသနည်းတွေကတော့ ဆေးနဲ့အရင်ကုသပါတယ်။ မျက်စဉ်းဆေးပေးတာနဲ့ သောက်ဆေးပေးတာတွေရှိတယ်။ ပြီးတော့ လေဆာကုသနည်းနဲ့ ခွဲစိတ်ကုသနည်းဆိုပြီးရှိပေမယ့် အများစုကတော့ခွဲစိတ်ကုသနည်းကိုပဲသုံးကြပါတယ်။ လေဆာနဲ့ကုသတာက ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တွေ မှာရှိပေမယ့် နယ်တိုင်းမှာမရှိပါဘူး။ နောက်ပိုင်းတော့ လေဆာစက်တွေဝယ်ပြီး နယ်တွေအထိဖြန့်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လေဆာစက်ကိုထားဖို့ အဲကွန်းလိုအပ်သလို ကိုင်တွယ်တတ်တဲ့ ပညာရှင်လည်း လိုအပ်ပါတယ်။ ပြီးတော့ လေဆာက တချို့လူတွေအတွက် ကောင်းနိုင်ပေမယ့် တချို့အတွက် မကောင်းပါဘူး။
ဒါကြောင့် ခွဲစိတ်နည်းကို အဓိကသုံးကြတာဖြစ်တယ်။
ရေတိမ်က တစ်ကြိမ်ခွဲပြီးပေမယ့် ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ နှစ်ကြိမ်၊ သုံးကြိမ်ခွဲရတာလည်းရှိပါတယ်။ ခွဲစိတ်မှုက အတွင်းတိမ်ခွဲသလောက်မခက်ပေမယ့် ရေတိမ်ကိုခွဲပြီးရင် ပြန်ဖြစ်နိုင်ခြေက ပိုများပါတယ်။
ကမ္ဘာတစ်ဝန်း လုံးဝမျက်စိကွယ်သွားစေတတ်တဲ့ အကြောင်းရင်းထဲမှာ ရေတိမ်ရောဂါက ထိပ်ဆုံးမှာ ရှိပါတယ်။ အမေရိကန် မျက်စိရောဂါဆိုင်ရာအဖွဲ့ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာ ခန့်မှန်းလူဦးရေ ၆၄ ဒသမ ၃ သန်းလောက် ရေတိမ်ရောဂါခံစားနေရပါတယ်။
၂၀၄၀ ပြည့်နှစ်မှာ အဆိုပါကိန်းဂဏန်းရဲ့နှစ်ဆဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရေတိမ်ကြောင့် နှစ်စဉ်သန်းနဲ့ချီတဲ့ လူသားတွေ အမြင်အာရုံ ဆုံးရှုံးနေရပါတယ်။ ရေတိမ်က မျက်စိအတွင်း ဖိအားမြင့်တက်လို့ တဖြည်းဖြည်းဆိုးလာတဲ့ အမြင်အာရုံနာ့ဗ်ကြောစုကြောင့် ဖြစ်ပေါ်လာတယ်။ အစောပိုင်းမှာ ရောဂါလက္ခဏာတွေပြလေ့မရှိလို့ ကုစားမရတဲ့ အမြင်အာရုံဆုံးရှုံးခြင်း ဖြစ်မလာခင် အချိန်မီစစ်ဆေး ကုသမှုခံယူဖို့ ခက်ခဲတတ်ပါတယ်။
မျက်စိရေတိမ်မဖြစ်အောင် ကာကွယ်လို့မရပေမယ့် ရေတိမ်ရောဂါဖြစ်ခါစမှာ စမ်းသပ်စစ်ဆေးတွေ့ရှိရင် မျက်စိကွယ်သွားတဲ့ အခြေအနေကို ကာကွယ်နိုင်ပါတယ်။ ရေတိမ်ဖြစ်နေတဲ့ လူအတော်များများက အချိန်နောက်ကျမှ သိကြတာများတယ်။ ဖြစ်လေ့ရှိတဲ့ရောဂါ၊ ဖြစ်စေတဲ့အကြောင်းရင်းတွေကို သတိထားဖို့ အရေးကြီးတယ်။ ရေတိမ်ဖြစ်သူမှာ အသက် ၄၀ နဲ့အထက်ဖြစ်ခြင်း၊ မိဘမျိုးရိုးမှာ ရေတိမ်ဖြစ်ဖူးခြင်း၊ ယခင်မျက်စိထိခိုက်ဒဏ်ရာရဖူးခြင်း၊ မျက်စိရေချိန်မြင့်တက်ခြင်း၊ စတီးရွိုက်ဆေးများသောက်ရခြင်းနဲ့ တခြားအချက်တွေမှာ မျက်စိအနီးကြည့်နဲ့ အဝေးကြည့်ပါဝါများနေခြင်း၊ မျက်ကြည်လွှာပါးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ဖြစ်တတ်တယ်။ အဏုကြည့်မှန်ဘီလူး (အလင်းတန်း ထုတ်ကိရိယာနှင့်တွဲကာ မျက်လုံးစစ်ဆေးခြင်း)နဲ့ မျက်လုံးရေဖိအားတိုင်းတာခြင်း၊ ဗဟိုမျက်ကြည်လွှာ တိုင်းတာ စစ်ဆေးခြင်း၊ မျက်လုံးအိမ်ရှေ့ပိုင်းမျက်စိရည် ကြည်လှည့်ပေါက်ထောင့်စစ်ဆေးခြင်း၊ အမြင်အာရုံနာ့ဗ် စစ်ဆေးခြင်း၊ မြင်ကွင်းစစ်ဆေးခြင်းတို့နဲ့ သိရှိနိုင်ပါတယ်။ ။
ဒေါက်တာလွင်သန့်