မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခဲ့သူများ၏ ရင်တွင်းပီတိစကားသံများ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် သြဂုတ် ၈ ရက်မှစတင်၍ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားရှိခဲ့သည်။
ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားများပြားလျက်ရှိပြီး အဆိုပါ ဘုရားဖူးပြည်သူများနှင့်တွေ့ဆုံ၍ ကြည်ညိုသပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခဲ့သည့် ရင်တွင်းဝမ်းသာပီတိစကားသံများကို ရေးသားဝေမျှလိုက်ရပါသည်။
ဦးဝင်းမောင် (ပျော်ဘွယ်မြို့)
ဘုရားကြီးဖူးမြော်ခွင့်ပြုတဲ့ မနေ့ကတည်းက လာဖို့စီစဉ်ထားပေမယ့် အလုပ်ကိစ္စလေးတွေပေါ်လာခဲ့လို့ ဒီနေ့မှလာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ကျွန်တော်က ကလေးတွေကို အခမဲ့စာသင်ပေးနေတဲ့ ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။
ဒါကြောင့် ဘုရားကြီးကိုဖူးမြော်ဖို့ ကလေးတွေနဲ့အတူ လာရောက်ခြင်းဖြစ်ပါတယ်။ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ ဘုရားကြီးကို ဖူးမြော်ခဲ့ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက်ရတဲ့အခါ ရင်ထဲမှာ ပြောမပြတတ်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အတွက်လည်း အင်မတန်ဂုဏ်ယူမိပါတယ်။
နောက်ပြီး ဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုးကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးကြတဲ့ တာဝန်ရှိ သူတွေအားလုံးကို ဗုဒ္ဓဘာသာဝင်တွေ ကိုယ်စား ကျွန်တော်ကအထူးကျေးဇူးတင်ရှိပါတယ်လို့လည်း ပြောလိုပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တည်ဆောက်ထားတဲ့ သာသနိကအဆောက်အဦတွေဟာလည်း ဗိသုကာအဆင့်အတန်းအတော်လေး မြင့်မားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရပ်ဝေး၊ ရပ်နီးက ဓမ္မမိတ်ဆွေတွေအနေနဲ့ ထူးကဲစွာဖူးတွေ့ရမယ့် မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်လှလှဆင့်(နေပြည်တော်)
ကျွန်မအနေနဲ့ ဒီဘုရားကြီးစတင်တည်ဆောက်ပူဇော်မယ် ဆိုကတည်းက ကြည်ညိုလွန်းလို့ အလှူငွေတွေ လှူဒါန်းပြီး ဌာပနာသွင်းတဲ့ အချိန်မှာလည်း လက်ဝတ်ရတနာတွေ လှူဒါန်းခဲ့ပါတယ်။ ဘုရားကြီးကို ဖူးမြော်ခွင့်ပြုတဲ့အခါမှာလည်း ဖူးမြော်ချင်လွန်းလို့ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ဘုရားမုခ်ဦးကို စရောက်တဲ့အခါမှာ တာဝန်ရှိသူတွေက လုံခြုံရေးအရ စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးတဲ့အတွက်လည်း သဘောကျမိပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲကိုဝင်ရောက်တဲ့အခါမှာ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားတဲ့ သာသနိကအဆောက်အဦတွေကိုမြင်မိပြီး အတော်လေးအံ့သြမိသွားပါတယ်။ ရုပ်မြင်သံကြားမှာပဲမြင်ဖူးတဲ့ ဘုရားကြီးကို အခုလက်တွေ့မျက်မြင်ဖူးတွေ့လိုက်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ဘုရားဖူးတွေ အေးအေးဆေးဆေး နားနေဖို့အဆောင်တွေကိုလည်း စနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရားဖူးရင်း မိသားစုလိုက် အနားယူ အပန်းဖြေဖြစ်ခဲ့ကြပါတယ်။
ကျောက်စာရုံစေတီမှာ ထည့်သွင်းရေးထိုးထားတဲ့ ပိဋကတ်သုံးပုံကျမ်းစာတွေကို သွားရောက်ဖူးမြော် လေ့လာရင်း ဗုဒ္ဓဘာသာရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မိုးတွေရွာနေပေမယ့်လည်းဘုရားကြီး ကို ဖူးမြော်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ စိတ်တူကိုယ်တူ လာရောက်ကြသူတွေကိုမြင်တွေ့ပြီး ဝမ်းသာပီတိဖြစ်ပြီး မျက်ရည်တောင်ကျမိပါတယ်။ ဒါကြောင့် ခုနစ်ရက်သားသမီးတွေ အနေနဲ့ ထူးခြားမှုတွေနဲ့ ပြည့်စုံနေတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြစေ လိုပါတယ်။
ဦးစိုးဝင်းထွန်း (ပျော်ဘွယ်မြို့)
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေတာတွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ကတည်းက ဘုရားကြီး တည်ဆောက်ပြီးတဲ့အချိန်မှာ သွားရောက်ဖူးမြော်မယ်လို့ အားခဲထားတာပါ။ ဘုရားကြီးကို မနေ့ကစပြီး ဖူးမြော်လို့ရပြီဆိုလို့ ဒီနေ့မှာ မိုးရွာနေတဲ့ကြားထဲက ပျော်ဘွယ်ကနေ ဆိုင်ကယ်နဲ့လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို ဖူးမြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော်လာရကျိုးနပ် သွားပြီလို့ စိတ်ထဲမှာခံစားမိသွားတယ်။ ဘုရားကြီးဟာ ကမ္ဘာမှာလည်း အကြီးဆုံး စကျင်ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်ကြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အင်မတန်မှ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ကျောက်စာရုံစေတီတွေ တည်ဆောက်ပူဇော်ထားမှုကလည်း ကျွန်တော့်အတွက်တော့ အံ့မခန်းဖြစ်မိပါတယ်။ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးသန်းထွန်း (သာစည်မြို့)
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လို့ရပြီဆိုတဲ့ သတင်းကြားကြားချင်းမှာ အင်မတန်မှ ဝမ်းသာမိပါတယ်။ ဒါကြောင့် မနက်အစောပိုင်းမှာပဲ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေစုပြီး ကားနဲ့လာရောက် ဖူးမြော်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အသက်အရွယ်ကလည်းကြီးပြီဆိုတော့ တစ်သက်မှာတစ်ခါ အခုလိုဘုရားကြီးကို ဖူးမြော်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စကျင်ကျောက်တွေနဲ့ ထုဆစ်ထားတဲ့အတွက် ကျွန်တော်တို့တစ်သက် ဖူးမြော်ခဲ့ရတဲ့ ဘုရားတွေထဲမှာ အင်မတန်မှထူးခြားသပ္ပာယ်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အတွက်လည်း ဒီဘုရားကြီးဟာ သမိုင်းအစဉ်အဆက် ဂုဏ်ယူစရာကောင်းတဲ့ ဘုရားကြီးတစ်ဆူဖြစ်လာမှာပါ။ ဘုရားကြီးတည်ဖို့ စကျင်ကျောက်ကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းအဆင့်ဆင့်နဲ့ ခက်ခက်ခဲခဲ တည်ထားပူဇော် ရတယ်လို့လည်း သိရှိခဲ့ရပါတယ်။ ဒီလိုအခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီး ကြည်ညိုသပ္ပာယ်စရာကောင်းလွန်းလှတဲ့ဘုရားကြီးကို တည်ဆောက်ပူဇော်ခဲ့တဲ့ တာဝန်ရှိသူတွေအားလုံးကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်သူတွေအနေနဲ့ လာရောက်ဖူးမြော်ကြည်ညိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဒေါ်ပြုံးပြုံးလွင် (နေပြည်တော်)
အရင်ဆုံး ကျွန်မအနေနဲ့ သမိုင်းဝင်မယ့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ပေး ကြသူတွေအားလုံးကို ကျေးဇူးတင်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုဘုရားကြီးတည်ထားပူဇော်ဖို့ ဆိုတာ တော်ရုံတန်ရုံ ဇွဲရှိရုံနဲ့မဖြစ်နိုင်ပါဘူး။ အင်မတန်မှ ကြည်ညိုသပ္ပာယ်ချင်စရာကောင်းတယ်ဆိုတာ ကိုယ်တိုင်ဖူးမြင်ဖူးမှ သိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားကြီးကို စကျင်ကျောက်နဲ့ပဲ ထုဆစ်ပူဇော်ထားတဲ့ အတွက် ကမ္ဘာမှာ အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် မှတ်တမ်း ဝင်မှာဖြစ်သလို ကြီးကျယ်ခမ်း နားထည်ဝါပြီး ကြည်ညိုသပ္ပာယ်ဖို့ကောင်းပါတယ်။ ဘုရားကြီးကို အခက်အခဲ တွေကြားထဲကနေ ထုဆစ်ပြီး အခုလိုဖူးမြော်ဖို့အတွက် ရေလမ်း၊ ကုန်လမ်းကနေသယ်ဆောင်ခဲ့တဲ့ သာသနာ့ အကျိုးဆောင်တွေနဲ့ အလှူရှင်တွေအားလုံး အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။
ဦးတင်ထွဋ်(နေပြည်တော်)
ဒီလိုကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို ဖူးမြော်ခွင့်ရလိမ့်မယ်လို့ ကျွန်တော့်ဘဝမှာမထင်ခဲ့ပါဘူး။ အခု ကိုယ်တိုင်ဖူးတွေ့ခဲ့ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးတည်ထားပူဇော်ထားတဲ့ ဗုဒ္ဓဥယျာဉ်အတွင်းမှာလည်း ဘုရား၊ ကျောင်းကန်၊ သာသနိကအဆောက်အဦတွေ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို ဒီဘုရားကြီးမှာ အများကြီးတွေ့ခဲ့ရပါတယ်။ ကျောက်စာရုံစေတီတွေမှာလည်း ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာတွေကို ရေးထိုးထားတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ အမွေအနှစ်အစစ်အမှန်တွေကို ဖော်ပြထားတဲ့နေရာကြီး တစ်နေရာဆိုလည်း မမှားပါဘူး။
တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာဟန်ပန်တွေကလည်း အဆင့်အတန်းမြင့်မားပါတယ်။ နောက်ရက်တွေမှာလည်း မိသားစုနဲ့အတူ အသေးစိတ်လေ့လာဖို့အတွက် နောက်တစ်ခေါက် လာရောက်ဖူးမြော်မှာ ဖြစ်သလို ပြည်သူများအနေနဲ့လည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းလိုပါတယ်။
ဒေါ်ဝတ်ရည်ထွေး(နေပြည်တော်)
ဘုရားကြီးကို စတင်ဖူးမြော်ခွင့်ပြုတော့မယ်လို့ ကြားကတည်းက အလွန်ဖူးမြော်ချင်စိတ်ဖြစ်ပေါ်နေခဲ့တာပါ။ ဒီနေ့တော့ မိုးရွာနေတဲ့ကြားထဲက မရောက်ရောက်အောင် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေထဲမှာတော့ ဖူးတွေ့ခဲ့ရပေမယ့် အခုအပြင်မှာဖူးမြင်ရတော့ လွန်စွာသပ္ပာယ်ကြည်ညို လှပါတယ်။ နောက်ပြီး မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွားတွေ ဘုရားရင်ပြင်ပေါ်ကို တက်ရောက်ပြီး ဖူးမြော်နိုင်ဖို့ စက်လှေကားစီစဉ်ပေးထားမှုကလည်း အတော်လေးအဆင်ပြေပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်အတွင်းမှာလည်း ၅၅၀ ဇာတ်နိပါတ်တော်ကို ပြသထားခြင်းဟာလည်း ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ထင်ဟပ်စေပါတယ်။ ကျောက်စာရုံစေတီမှာဆိုလည်း လေ့လာစရာတွေ အများကြီး ရှိနေပါတယ်။ ကျောက်စာရုံစေတီတွေ ဘက်ကနေလည်း ဘုရားကြီးကို ဖူးမြော်လို့ရအောင် တည်ဆောက်ထားတဲ့ အတတ်ပညာကလည်း ထူးခြားပါတယ်။ ဒါကြောင့် အနယ်နယ် အရပ်ရပ်က မိတ်ဆွေ၊ သူငယ်ချင်းတွေ လာရောက်ဖူးမြော်ကြဖို့ နှိုးဆော်လိုပါတယ်။
တွေ့ဆုံမေးမြန်း- အောင်ဟိန်း
ဓာတ်ပုံ- ဟိန်းအောင်