ကြုံတောင့်ကြုံခဲ ဥပါသကာ
လွန်ခဲ့သော ဇူလိုင်လက ထူးခြားသည့် သတင်းတစ်ခု မိမိထံရောက်လာသည်။ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပွဲကျင်းပမည့် မင်္ဂလာအခမ်းအနားတွင် မိမိအနေဖြင့် ဥပါသကာတစ်ဦးအဖြစ် ဆောင်ရွက်ခွင့်ရရှိခြင်းသာ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့်ဆိုရသော် မိမိရရှိလာသော ဥပါသကာတာဝန်က ထူးခြားမွန်မြတ်လှသည်ဟု ထင်မိသည်။ ရတောင့်ရခဲ အခွင့်ထူးတစ်ရပ်သာ။ မိမိအပါအဝင် ဥပါသကာ အင်အား ၈၀၀ ခန့်က ကျောက်စာရုံစေတီတော်များ၏ ရွှေထီးတော်တင်လှူပူဇော်ခြင်း ကဏ္ဍတွင် ပါဝင်ခွင့်ရကြသည်။ ဥပါသကာဟုဆိုလျှင် မိမိတို့ငယ်စဉ်က ရပ်ကွက်အတွင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် အလှူခံကြသော လူကြီးတချို့ကိုသာ ကြုံကြိုက်ခဲ့ဖူးသည်။ မိမိနားလည်ထားသော ဥပါသကာ၏ အဓိပ္ပာယ်က ရိုးရှင်းသည်။ ဘာသာရေးလုပ်ငန်းများတွင် ဠသူကညအနနမ ပြုလုပ်ကြသူ၊ ဘုရားဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများ ပြုလုပ်ပေးသူများဟုသာဖြစ်သည်။ သို့သော် ဥပါသကာ၏ အဓိပ္ပာယ်နှင့် ယဉ်ကျေးမှုတို့မှာ ထင်ထားသည်ထက် နက်ရှိုင်းကျယ်ပြန့်ပါသေးသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဥပါသကာ၏ အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ မဟာနာမ်သာကီဝင်မင်းကြီးအား မိန့်တော်မူခဲ့ဖူးသည်။ ဥပါသကာဟူသည် ငါးပါးသီလနှင့်ပြည့်စုံရမည်၊ ငါးပါးသီလမလုံခြုံလျှင် အကျင့်သီလရှိသောဥပါသကာ မမည်ထိုက် ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ဥပါသကာနှင့်ဥပါသိကာဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဒကာ၊ ဒကာမများကို ခေါ်ဆိုသော ဝေါဟာရပင် ဖြစ်ကြောင်း မှတ်သားခဲ့ရသည်။ အသက်အရွယ်ကြီးစေ၊ ငယ်စေကာမူ သရဏဂုံ တည်သူ မှန်သမျှသည် အမျိုးသားများဖြစ်လျှင် ဥပါသကာ၊ အမျိုးသမီးဖြစ်လျှင် ဥပါသိကာဟု ခေါ်ဆိုခြင်းပင်ဖြစ်သည်။
ဥပါသကာဟူသည် ဘုရား၊ တရား၊ သံဃာတို့ကို ဆည်းကပ်သောသူများဖြစ်ကြသည်။ သူတစ်ပါး၏ အသက်ကိုသတ်ခြင်း၊ သူတစ်ပါး၏ ဥစ္စာကိုခိုးယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာကျင့်ကြံခြင်း၊ မဟုတ်မမှန်သော စကားကိုပြောဆိုခြင်း၊ သေရည်သေရက်သောက်ခြင်း စသည့် လုပ်ရပ်တိုင်းကို ရှောင်ကြဉ်ကြရလေ့ရှိသည်။ သို့မှသာ ငါးပါးသီလနှင့်ပြည့်စုံသော ဥပါသကာမည်ထိုက်ပေလိမ့်မည်။ ထိုမျှပင်မက မြတ်စွာဘုရားရှင်၏ ဗောဓိဉာဏ်တော်ကို ယုံကြည်သော ဥပါသကာသည် သဒ္ဓါ တရားနှင့်ပြည့်စုံသောသူဖြစ်သည်။ စွန့်ကြဲပေးကမ်းမှု၌ မွေ့လျော်သော ဥပါသကာ သည် စာဂနှင့်ပြည့်စုံသောသူဖြစ်သည်။
ထို့ပြင် ရုပ်နာမ်နှစ်ပါးစလုံး၏ အဖြစ်အပျက်ဟူသမျှကို သိသောဉာဏ်နှင့်ပြည့်စုံသောသူသည် ပညာနှင့်ပြည့်စုံသော ဥပါသကာဖြစ်ပေသည်။ သို့ဖြစ်၍ ထူးခြားမွန်မြတ်သော ဂုဏ်အင်္ဂါများနှင့် ပြီးပြည့်စုံသော ဥပါသကာအလုပ်ဟူသည် စင်ကြယ်မွန်မြတ်လှရုံသာမက ကြုံတောင့်ကြုံခဲ ဖြစ်ခွင့်ရသော အခွင့်ထူးတစ်ရပ်သာဖြစ်သည်။
မိမိငယ်စဉ်က နားလည်ထားခဲ့သော ဥပါသကာ၏အဓိပ္ပာယ်သည် ဤမျှကြီးမား ကျယ်ပြန့်လိမ့်မည်မထင်ခဲ့ပါ။ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲများတွင် အင်္ကျီလက်ရှည်အဖြူ၊ ပုဆိုးအဖြူတို့ကိုဝတ်ဆင်ပြီး ညီညီညာညာ တန်းစီသွားလာနေသော ဥပါသကာများကို မြင်ခဲ့စဉ်က ကလေးပီပီ ပျော်စရာကောင်းသည်ဟုထင်ခဲ့မိသည်။ အမှန်တကယ်မှာ ဥပါသကာတို့သည် စောင့်ထိန်းကျင့်ကြံအပ်သော ၎င်းတို့၏ဂုဏ်အင်များကို ထိန်းသိမ်းကြခြင်းဖြစ်သကဲ့သို့ မြန်မာလူမျိုးတို့၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ကိုလည်း ထုတ်ဖော်ပြသနေသည့် မွန်မြတ်သောအလုပ်ပင် ဖြစ်သည်။
ဥပါသကာများသည် ရပ်ရွာအလိုက် ဘုန်းကြီးကျောင်းများကိုယ်စား လုပ်အား ဒါနပြုလုပ်ခြင်း၊ အလှူခံထွက်ခြင်း၊ သံပြိုင်ရွတ်ဆို၍ဆုတောင်းခြင်း စသည့်ထူးခြား မွန်မြတ်သော အပြုအမူများကို ဆောင်ရွက်နိုင်စွမ်းရှိကြသည်။ အချို့ ဥပါသကာများမှာမူ လူကြီး၊ လူငယ်များစုဖွဲ့၍ ဆိုင်းဝိုင်းများအား တွန်းလှည်းတစ်ခုပေါ်တွင် တင်ဆောင်၍ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ကြသေးသည်။ ဘုရားသီချင်းများကို သာယာနာပျော်ဖွယ် သီဆိုကြသည်။ ဥပသကာနှင့်ပတ်သက်၍ ငယ်စဉ်ကအမှတ်ရစရာ နောက်ထပ်တစ်ခုမှာ အရုဏ်တော် ဆိုသည့် ဆွမ်းဆန်စိမ်းအလှူခံသော ရွေ့လျားဆိုင်းဝိုင်းကြီးတစ်ခုဖြစ်သည်။
အရုဏ်တော်လာပြီ ဆိုလျှင် အိမ်အသီးသီးမှ လူကြီးလူငယ်မရွေး အပြေးအလွှား ထွက်ကြည့်ကြသည်။ ဆွမ်းဆန်စိမ်းများ၊ အလှူငွေများကို ဝိုင်းဝန်းလှူဒါန်းကြသည်။ ထိုအချိန်က ရှေးလူကြီးများ၏အဆိုအရ ဥပါသကာလုပ်ငန်းများ စတင်ခဲ့သည်မှာ အနည်းဆုံးနှစ်ပေါင်း ၁၀၀ ကျော်ပင်ရှိခဲ့ပြီဟု သိရသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်ဓလေ့စရိုက် တစ်ခုပင် ဖြစ်တော့သည်။
ယနေ့ခေတ်အချိန်အခါတွင် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ စသဖြင့် အသင်းအဖွဲ့ပေါင်း မြောက်မြားစွာရှိလာကြသည်။
ဦးစီးဆောင်ရွက်သူများသည်လည်း လူကြီးလူငယ်မရွေး၊ အသက်အရွယ်မရွေး ဖြစ်ကြသည်။ မည်သို့ပင်စုဖွဲ့ထားစေကာမူ အသင်း၏ ခေါင်းဆောင်နှင့် အသင်းဝင် တိုင်းသည် ဥပါသကာဟူသည့် ဂုဏ်ရည်
နှင့်သာ ကိုက်ညီပြည့်စုံနေလျှင် ၎င်းအသင်း အဖွဲ့များ၏ ဆောင်ရွက်ချက်များက အထမြောက် အောင်မြင်နိုင်သည့် သဘောလည်းဖြစ်သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုကို အခြေခံသော လူမှုအဖွဲ့အစည်းများဖြစ် သောကြောင့် ဥပါသကာတစ်ဦးချင်းစီ၏ သတ်မှတ်ဂုဏ်ရည်များက အထူးအရေးပါ
လှသည်။
ဥပါသကာဂုဏ်ရည်(၁၀)ပါး
ဥပါသကာ၊ ဥပါသိကာတို့မှတ်ယူစရာ ဂုဏ်ရည်များမှာ-
(၁) သံဃာများနှင့် ချမ်းသာဆင်းရဲမကွဲမပြား တရားကို စောင့်ရှောက်ကြီးမှူးခြင်း။
(၂) အကုသလဒုစရိတ ဓမ္မတို့ကို ရှောင်ရှားခြင်း။
(၃) ဗုဒ္ဓသာသနာတော်ကို ထွန်းကားကြီးပွားစေခြင်း။
(၄) ဒိဋ္ဌိဇုကမ္မခေါ် အယူကို ဖြောင့်မတ်စေခြင်း။
(၅) အင်း၊ အိုင်၊ မန္တရား၊ နတ်၊ စုန်း စသော လောကီလုပ်ငန်းများကို မယုံကြည်မကိုးစားခြင်း။
(၆) တစ်ပါးဘုရားကို မကိုးကွယ်ရန်ကြောင့်ကြတစ်ခု မပြုတော့ခြင်း။
(၇) ကိုယ်နှုတ်နှစ်ပါးကို စောင့်ရှောက်လုံခြုံစေခြင်း။
(၈) ငြူစူခြင်း ဣဿာမှကင်းခြင်း။
(၉) မစဉ်းလဲ မကောက်ကျစ်ခြင်း။
(၁၀) ရတနာသုံးရပ်ကို မပြတ်ဆည်းကပ်ခြင်း တို့ဖြစ်သည်။
သို့ဖြစ်၍ ဥပါသကာဟူသည် မွန်မြတ်သန့်စင်သော လုပ်ငန်းတာဝန်တစ်ခုသာ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သည့်အတိုင်း အာဇီဝဠမက သီလဆိုသည်မှာ ကောင်းသောအသက်မွေးမှုဖြင့် ပတ်သက်သော သီလဖြစ်သည်။ တစ်နည်းဆိုရသော် ဥပါသကာအလုပ်သည် အသက်မွေးဝမ်းကျောင်း(အာဇီဝ) စင်ကြယ်စေရန် နည်းလမ်းများနှင့် စင်ကြယ်ခြင်း၏ အကျိုးကျေးဇူးများကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း လုံခြုံအောင် စောင့်ထိန်းကျင့်ကြံနေခြင်းသာ ဖြစ်ပေသည်။
မြန်မာနိုင်ငံအတွင်း ဥပါသကာယဉ်ကျေးမှုနှင့် ပတ်သက်၍ စိမ့်ဝင်ပျံ့နှံ့နေမှုအချို့မှာ အားရစရာ ကောင်းလှသည်။ လွန်ခဲ့သောလက ရန်ကုန်မြို့တွင် ဖွဲ့စည်းထားသော အရဟံဖောင်ဒေးရှင်းမှ ဥပါသကာဒီပလိုမာ သင်တန်းဖွင့်လှစ်သည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဝမ်းသာပီတိဖြစ်ရသလို အလွန်ပင်လေးစားဂုဏ်ယူမိသည်။ လူငယ်အင်အားစုများကြားတွင် ယခုကဲ့သို့ ဥပါသကာယဉ်ကျေးမှုစိမ့်ဝင်သွားခြင်းသည် လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးများသကဲ့သို့ နိုင်ငံ၏ အခြေခံယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက်လည်း အထောက်အပံ့ကောင်းများဖြစ်စေရန် ဦးတည်ပေသည်။ သို့ဖြစ်၍ ဥပါသကာ ယဉ်ကျေးမှုအား ဗုဒ္ဓဘာသာအနွယ်ဝင်များ၏ လက်ဆင့်ကမ်း သယ်ဆောင်လာသော ဘာသာရေးအနုပညာတစ်ခုကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။
မိမိ၏ ဥပါသကာဇာတ်လမ်းအား ပြန်ဆက်ရလျှင် ကမ္ဘာပေါ်တွင် ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ကျောက်သားစစ်စစ် ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲအတွက် ရရှိလာသော အခွင့်အရေးဖြစ်၍ ထူးခြားလှသည်။ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း တည်ထားပူဇော်ထားသော ကျောက်စာရုံစေတီတော်များ၏ ရွှေထီးတော်တင်လှူ ပူဇော်ခြင်း နေရာတွင် ဥပါသကာတစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ရသည်မှာ တစ်မူထူးရပြန်သည်။ စကျင်ကျောက်ချပ် များပေါ်တွင် ခေတ်မီစက်ကိရိယာများ၏ အကူအညီဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း၍ တည်ထားတော်မူသော ကျောက်စာရုံစေတီ ၇၂၀ ဆူနှင့် မော်ကွန်းကျောက်စာစေတီတော် တစ်ဆူတို့ကို အနီးကပ်ဖူးတွေ့ခွင့်ရခဲ့သည်။
မြတ်စွာဘုရားရှင်ဟောကြားတော်မူသော ပိဋကတ်တော်များအား ကျောက်ထက်အက္ခရာတင်ထားသည်ကို ဖတ်ရှုလေ့လာခွင့်ရခဲ့သည်မှာ ဥပါသကာတစ်ဦး၏ ရခဲလှသော ကုသိုလ်ထူးလည်းဖြစ်သည်။ ထိုထက်ပို၍ ဘုရားဖူးလာရောက်မည့်သူတိုင်း၏ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံးအချက်တစ်ခုရှိသေးသည်။ ကျောက်စာရုံစေတီတော်များ၏ အရွယ်အစားနှင့်အကွာအဝေးများသည် တစ်ဆူနှင့်တစ်ဆူကြားတွင် တညီတညွတ်တည်း၊ တစ်ဖြောင့်တစ်တန်းတည်း တည်ထားခြင်းပင်ဖြစ်သည်။
အစွန်ဆုံးစေတီနေရာတွင်ရပ်၍ အဆုံးနေရာရှိ စေတီဆီသို့ မျှော်ကြည့်လျှင် မျဉ်းဖြောင့်တစ်တန်းတည်း ရေးဆွဲထားသကဲ့သို့တွေ့ရသည်။ မြန်မာအင်ဂျင်နီယာများ၏ အံ့သြစရာကောင်းလောက်သော ကျွမ်းကျင်မှုလက်ရာတစ်ခုသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်သာသနာတော်အား ကမ္ဘာကသိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။ ဥပါသကာဖြစ်ခွင့်ရခဲ့ခြင်းသည် ဗုဒ္ဓဘုရားရှင်၏ ကြီးမားလှသော မဟာကရုဏာ၊ မဟာပညာဂုဏ်တော်တွေကို အောက်မေ့ကြည်ညိုခွင့်ရခြင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာအင်ဂျင်နီယာတို့၏ လက်ရာမြောက်သည့် ဗိသုကာ လက်ရာများအား နဖူးတွေ့ဒူးတွေ့ လေ့လာခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် မိမိအနေဖြင့် ကောင်းမွန်ထူးကဲလှသော မဟာမင်္ဂလာများကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ဥပါသကာတစ်ဦး၏ ရခဲလှသော ကုသိုလ်ထူးများကိုလည်း ရရှိခဲ့ပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်အနေအထားကို အနည်းငယ်ပြုံးတော်မူသောဟန်အနေဖြင့် ကြည်ညိုစွာဖူးမြော်နိုင်ကြစေရန်ရည်ရွယ်၍ ဦးခေါင်းတော်ကို အရှေ့ ၇ ဒသမ ၅ ဒီဂရီစောင်းပြီး တည်ထားပါသည်။ အနည်းငယ်ကွာဝေးသော ကျောက်စာရုံစေတီများဆီမှ ရုပ်ပွားတော်မြတ်ကြီးအား လှမ်းမျှော်၍ဖူးမြော်လျှင်ပင် ပြုံးတော်မူသည့် မျက်နှာတော်ကား သိသာထင်ရှားလှပါသည်။ ပြည်ပပညာရှင်များ၏ အကူအညီလုံးဝမပါဘဲ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် တပ်မတော်သားအင်ဂျင်နီယာများ၏ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း အစွမ်းမှာ ကမ္ဘာသို့ထိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲ၏ဦးဆောင်မှုဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းမှာ အံ့သြဂုဏ်ယူဖွယ်ရာ အောင်မြင်ခဲ့ပါပြီ။ လုပ်ငန်းကနဦးအစတွင် အလေးချိန်ကြီးမားသောကျောက်တုံးတော်ကြီးကို အဝေးဆုံးသော ခရီးအကွာအဝေးထိ သယ်ဆောင်နိုင်သည် ဟူသောဆောင်ရွက်ချက်ဖြင့် Modular Trailer ထုတ်လုပ်သည့်ဂျာမနီနိုင်ငံမှ Goldhofer Company က ကမ္ဘာပေါ်မှာ အလေးချိန ်အများဆုံးသော အရာဝတ္ထုများကို အကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြုလက်မှတ်ရခဲ့ပါသည်။ ထိုအချိန်က နိုင်ငံအတွင်း ကိုဗစ်ရောဂါ ပျံ့နှံ့မှုအားကောင်းနေချိန်လည်းဖြစ်၍ ၎င်းအခက်အခဲကိုလည်း ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် သာသနာပြုမင်းကောင်းမင်းမြတ် ပေါ်ထွန်းလာသည့်အချိန်တိုင်း ဗုဒ္ဓသာသနာတော်၏ ထွန်းလင်းတောက်ပမှု အရှိန်အဝါ မြင့်မားလာစမြဲဖြစ်သည်။ ယနေ့အချိန်အခါတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲနှင့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့၏ အမျိုး၊ ဘာသာ၊ သာသနာအပေါ် ကြည်ညိုသဒ္ဓါစိတ်ကြီးမားမှု အောင်ပွဲတစ်ခုလည်း ဖြစ်ပါသည်။ တည်ဆောက်ရေးလုပ်ငန်းစတင်ချိန်မှ ပြီးမြောက်ချိန်အထိ ပါဝင်သူမည်သူ တစ်ဦးတစ်ယောက်မျှ ကြီးမားသည့်ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းမှာလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ မည်သို့ပင် အခက်အခဲ မြောက်မြားစွာ ရင်ဆိုင်ကြုံတွေ့ခဲ့စေကာမူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပြုံးတော်မူသော (Smiling Buddha) မျက်နှာတော်၏ တန်ခိုးတော်နှင့် ကြီးမြတ်လှသောအာနုဘော်တို့ကြောင့် မိမိအပါအဝင် ဥပါသကာများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများသည် ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် ပြည့်စုံခဲ့ပြီး စိတ်နှလုံးရွှင်ပြုံးခဲ့ရပါသည်။ သို့ဖြစ်၍ မိမိ၏ရခဲလှစွာသော ကြုံတောင့်ကြုံခဲ ဥပါသကာ အလုပ်အား ဝမ်းမြောက်ကြည်နူးဖွယ်ရာ ကုသိုလ်ယူမိပါတော့သည်။ ။