ယင်းမာပင်မြို့နယ်၊ စုန်းကျင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း စက်လှေ ၁ စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

နေပြည်တော် ၊  နိုဝင်ဘာ - ၁၁

   

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ စုန်းကျင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရန် မောင်းနှင်လာသည့် ဝင်းဝင်းထက် အမည်ရှိ ကုန်တင်ရေယာဉ်သည် အင်ဂျင်အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁ စီးနှင့် ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

   

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ရေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဒီဇယ်ဆီပေပါ ၃၇၀ လုံး၊ ဓာတ်ဆီပေပါ ၂၀ လုံး၊ ဆန် ၂၀ အိတ်၊ သုံးဘီးဆိုင်ကယ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။