ယမန်နေ့မှအဆက်
ဤကဲ့သို့ ကိုရင်မောင်ပြောလျှင် အစပထမ၌ ငြင်းဆန်သော်လည်း တရွေ့ရွေ့ဖျောင်းဖျပြောသဖြင့် ဝန်မင်းသမီး မစောတင်လည်း သဘောတူညီသော ကြောင့် ခွင့်ပြု၏။ သည်ကဲ့သို့ ခွင့်ပြုခဲ့သည့်အတိုင်း ကိုရင်မောင်သွားတော့မည်အပြုတွင် ဝန်မင်းသမီး မစောတင်သည် ကိုရင်မောင်အား ဖက်ယမ်းနမ်းရှုပ် ကာဖြင့် ဤသို့မှာ၏။ အစ်ကို ကိုဘိုးရင် အစစအရာရာ စဉ်းစား၍သွားပါ၊ အစ်ကို ကိုဘိုးရင်ကား လူရုပ်လှ သည်၊ လူရုပ်လှလျှင် မိန်းမကြိုက်တတ်သည်၊ မိန်းမ ကြိုက်တိုင်း အစ်ကို မလိုက်ပါဘူးဆိုသည့်အရာ ကျွန်မ စိတ်ချပါ၏။ သို့သော်လည်း တချို့သောမိန်းမမှာ ကျွန်မတို့ထက် အမူအရာကောင်းပါသည်၊ ကိုဘိုးရင် အား ဖျောင်းဖျပါလိမ့်မည်၊ သည်ကဲ့သို့ အနည်းနည်း အဖုံဖုံ ဖျောင်းဖျသောအခါ ကိုဘိုးရင် မလိုက်မပါပါ နှင့်၊ သေမင်းလက်မှ ငါလုယက်ယူငင်ရသော ကောင်မလေးတစ်ယောက်ရှိသည်ဟု သတိရရှိပါ၊ ကိုဘိုးရင်မမေ့ပါနှင့် မှာထား၏။ ကိုရင်မောင်သည် ယောကျ်ားတို့ထုံးစံနည်းလမ်းအတိုင်း မည်သည့်အခါ မျှ မမေ့မလျော့ပါဆို၍ မစောတင်ကို မျက်ရည်စက် လက်နှင့်ခွဲပြီးလျှင် ရွှေဘိုမြို့မှ ထွက်ခွာခဲ့၏။
အခန်း(၁၄)
သည်ကဲ့သို့ ထွက်ခဲ့ပြီးနောက် ဆားထောင်ရွာ၊ ဆားထောင်ရွာမှတစ်ဖန် ကျောက်တာရွာ၊ ကျောက် တာရွာကတစ်ဖန် တောင်ဖီလာဆရာတော်ထံ ကိုရင်မောင်ရောက်ပြန်၏။ ကိုရင်မောင်ရောက်လျှင် ဆရာတော်ဘုရားလည်း မောင်ဘိုးရင်ကို အထူးနေရာ ထိုင်ခင်းပေးရမည်ဟူ၍ တပည့်သားမြေးများအား အမိန့်တော်ရှိ၏။ ကိုရင်မောင်လည်း ဦးဗုဒ္ဓိယကား ငါဗေဒင်ဟောခဲ့သည့်အတိုင်း မုချအားဖြင့် တောင်ဖီ လာဆရာတော်အဖြစ်သို့ ရောက်ချေပြီ၊ သို့သော် ကိုယ့်ပညာ ကိုယ့်ကိုစူးတတ်သည်ဟု ငါ့အဘ မှာထား ခဲ့သည်၊ ကိုယ့်ပညာ ကိုယ့်ကိုတစ်ကြိမ်စူးဖူးလေပြီ၊ သို့ဖြစ်သောကြောင့် နှစ်ကြိမ်မစူးရအောင် ငါဂရုပြုရာ သည် မြော်မြင်ပြီးလျှင် ဆရာတော်ဘုရားအား ဤသို့ လျှောက်ထား၏။ ဆရာတော်ဘုရား- တပည့်တော် ဟောပြောခဲ့သောဗေဒင် မှန်ပါ၏လောမေး၏။ ဆရာတော်ဘုရားလည်း ငါ့တပည့်မောင်ဘိုးရင်၊ မောင်ဘိုးရင် ဟောခဲ့သော ဗေဒင်မှန်သည်၊ မှားသည် အထူးပြောရန်မရှိပြီ။ ငါ့တပည့်ကြည့်ရှု၍သာ သွားလေ ရော့ဟု ဆို၏။ ကိုရင်မောင်လည်း တောင်ဖီလာ ဆရာတော် ဤကဲ့သို့အမိန့်ရှိလျှင် ဝမ်းမြောက်ဝမ်းသာ ရှိသော်လည်း ဤကဲ့သို့ပြန်၍လျှောက်ထား၏။
အရှင်ဆရာတော်မြတ်ဘုရားသို့ တပည့်တော်သည် မမှန်သောအရာ၊ မမှန်သောအမည်ဆိုလျှောက်လျှင် တပည့်တော်တို့မှာ လွန်စွာ အကုသိုလ် ဒုစရိုက်ဖြစ်ပါ၍ သည်ကဲ့သို့ ဒုစရိုက်မဖြစ်ရအောင် အရှင်ဘုရားက မေတ္တာ၊ ကရုဏာ စသော ဗြဟ္မာစိုရ်တရားကို ရှေးရှု ထားပြီးလျှင် တပည့်တော်အား ခွင့်ပေးသနားတော်မူ စေလိုပါသည်၊ တပည့်တော်အမည် မောင်ဘိုးရင်ဟူ၍ လျှောက်ထားမိသည်မှာ အမည်မှန်မဟုတ်ပါ။ ကိုယ့် ကိုယ်ကိုယ် ဗေဒင်တွက်ချက်ကြည့်ရာ အမည်နာမကို လွဲှဖယ်၍ပြောမှသင့်မည်ဟု ဗေဒင်ထွက်သော ကြောင့် အမည်ရင်းကိုမဖော်ဘဲ မဟုတ်သောအမည်ကို အရှင်ဘုရားထံ လျှောက်ထားရခြင်း ဖြစ်ပါတော့သည်။ တပည့်တော်အမည်အမှန်မှာ ယခုအချိန်မကျရောက်သေးသည့်အတွက်ကြောင့် မလျှောက်ထား ပါရစေနှင့်၊ အချိန်သင့်ရောက်ကာလ အရှင်ဘုရား ရွှေနားတော်မြတ်ကြား တပည့်တော် အမည်နှင့်တကွ တပည့်တော်ဆွေမျိုးဇာတိအစဉ်သည် ဆက်ဆက် ရောက်လာရလိမ့်မည်ဟူ၍ မှတ်တော်မူပါဟု လျှောက် ထား၏။ ဆရာတော်လည်း အမောင် - ငါ့အကြောင်းကို အမောင် ယခုကိုယ်တိုင်မြင်ပြီ၊ ဤကျောင်းတွင် ဆရာတော်အမည်ခံ၍ ကျောင်းထိုင်ပုဂ္ဂိုလ်ပြုလုပ်ရ မည်၊ အမောင် ယမန်နှစ်က ဟောခဲ့သည်၊ အမောင် ဟောခဲ့သည့်အခါ ငါ့ဆရာလည်း ကျန်းမာစွာရှိသော ကြောင့် ငါကား မယုံမကြည်ရှိမှားသည်၊ လွန်ခဲ့သည့် တစ်လခန့်ကမှ ငါ့ဆရာပျံလွန်တော်မူလျှင် အမရပူရ မြို့နန်းစံဘုရင်မင်းမြတ်ကိုယ်တိုင် တောင်ဖီလာကျောင်းကို ဆရာတော်ဘွဲ့ခံပြီးလျှင် ကျောင်းထိုင် တော်မူပါ တောင်းပန်လာမှ ငါ့တပည့်မောင်ဘိုးရင် ဗေဒင်ဟောသောအချက်များကို ငါအောက်မေ့မိသော ကြောင့် ငါ့တပည့်သွားသောလမ်းကို လိုက်လှမ်း ကြောင်းလမ်းရာ ရွှေဘိုဝန်မင်း ငါ့သူငယ်ချင်းကျောင်း နေဖက်ထံ စာကမ်းလှမ်းလျှင်သင့်မည် ထင်မြင်သော ကြောင့် ငါစာကမ်းလှမ်းလိုက်သည်၊ ဤအကြောင်း များကို ငါ့သူငယ်ချင်းဝန်မင်းက ပြောပါလေ၏လောမေး၏။ ကိုရင်မောင်လည်း ဖြစ်ပျက်သမျှကို အစက အဆုံးတိုင်ပြန်ပြောင်း၍ပြောလျှင် ရှည်လျားမည်စိုး သည်တစ်ကြောင်း၊ စကားများလျှင် အမှားပါတတ် သည်ဟူ၍ အဘမှာခဲ့သည့်အရာများကို ထောက်သည် တစ်ကြောင်းများကြောင့် ဤသို့ ပြန်၍လျှောက်၏။ ]]အရှင်ဘုရား- တပည့်တော်ကား ယခင်တစ်နှစ်က တပည့်တော်အမည်၊ အဘအမည် စသည်များကို ဆရာတော်ဘုရားထံ လျှောက်ထားခဲ့သည့်အရာမှာ အမှန်မဟုတ်ပါ၊ ရာဇဝတ်ကို ကြောက်ရွံ့သောကြောင့် အမည်ကိုလွဲှ၍ လျှောက်ထားခဲ့ပါသည်၊ ယခုလည်း ရာဇဝတ်မကင်းသေးသောကြောင့် အမည်နာမ၊ ဇာတိ နေရပ်ကို မှန်တိုင်းမလျှောက်ထားပါရစေနှင့်ဟူ၍ တောင်းပန်၏။ တောင်ဖီလာဆရာတော်ဘုရားလည်း ငါ့တပည့် အစစအရာရာ ငါနားလည်သည်၊ မင်းမှု၌ ငါတတ်နိုင်သောအမှုလည်းရှိသည်။ ငါမတတ်နိုင် သောအမှုလည်းရှိသည်၊ သို့သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆိုဘိသကဲ့သို့ ကိုယ့်အမှုကို ကိုယ်သိ သည်၊ ငါ့တပည့်၌ ဖြစ်ပျက်ခဲ့သမျှကို ငါ ဆရာမမေးလိုပြီ၊ ငါ့တပည့်အမှု ချောမောကာလ ငါ့ကျောင်းသို့ ဆက်ဆက်ရောက်ပါလေ။
ဆက်လက်ဖော်ပြပါမည်။