နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက် နေမှုများနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစား ပြိုင်ကွင်းသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန်တည်ဆောက်ထားရှိမှုနှင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစား ကဏ္ဍမြှင့်တင်နိုင်ရေးအချက်တစ်ချက်အနေဖြင့် ထည့်သွင်းချမှတ်ထားရှိပြီးဖြစ်ပြီး အားက စားကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊  အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက် ခြင်းသည်မိမိတို့နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ် စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ် ကြောင်း၊ အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း၊ အားကစားကွင်းများကိုအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လာရောက် ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင်အားပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လို ကြောင်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုကြည့်၍ ရေရှည် မျှော်တွေးဆောင်ရွက်ရန်နှင့် အဆင့်မီပြီးခေတ်နှင့်လျော်ညီသည့် စံချိန်မီအားကစားရုံ၊ အားကစားကွင်းများဖြစ်ရန်လိုကြောင်း၊ ကားရပ်နားရန်နေရာများ၊ အရေးပေါ်အခြေ အနေတွင် အဝင်၊ အထွက်လွယ်ကူအဆင်ပြေစေမည့် လူထွက်ပေါက်များကိုလည်း ထည့်သွင်း စဉ်းစားအဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ (ပုသိမ်) တည်ဆောက်ရာတွင် ခွင့်ပြုပေးထားသည့် မြေနေရာများကို စနစ်တကျ ဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် လည်း မြေလပ်များ မရှိစေရေး သတ်မှတ်အကွာအဝေးနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေးအတွက် အားကစားကွင်း များ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန်လိုကြောင်း၊ ထိုသို့ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှသာလျင် အားကစား တိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ နည်းပြများသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း ဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ကိုးသိန်းအားကစား ပြိုင်ကွင်းအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တိုင်အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကြည့်စင် တည်ဆောက်ရာတွင် ပရိသတ် အရေအတွက်များများ ဝင်ဆံ့နိုင်အောင် တွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတု ဒဏ် အထူးသဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန် လို ကြောင်းဖြင့် မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ ရေမီတာများတပ်ဆင်ထားရှိမှုနှင့် ရေပေးဝေခြင်း လုပ်ငန်း များဆောင်ရွက်လျက်ရှိမှု၊ လက်ရှိရေဖြန့်ဝေပေးနေမှုနှင့် နွေရာသီရေလိုအပ်မှု များရှိချိန်တွင် မြို့ရေလိုအပ်ချက်၊ ရေအရည်အသွေးဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ မှတ်တမ်း များ၊ ရေသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ၊ သန့်စင်ပြီးရေများအား ပြည်သူများသုံးစွဲ နိုင်ရေး ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေကိုအကျိုးမဲ့ သုံးစွဲမှုမရှိစေရေး ပြည်သူများကို အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင်ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်း အတွင်းသဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန်အတွက်  ကမ်းပါးများအနီး၌ သစ်ပင်များ ကိုတတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန်လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းကို သန့်စင်ပေးနိုင်ပြီး ယခုအခါပုသိမ်မြို့ အတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။