လူငယ်များကို ပြုစုပျိုးထောင်ခြင်း

လူငယ်များကို ပြုစုပျိုးထောင်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်များကိုအထူး အလေးထားသောအားဖြင့် လူငယ်များ၏ အနာဂတ်ကောင်းများကို   ဖန်တီးတည်ဆောက်ပေးလျက်ရှိသည်။ နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်ကြသည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ် တကျထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များ ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စား၍ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ရေးရည်ရွယ်လျက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးကို ညွှန်းဆိုရပါလျှင် လူငယ်ကဏ္ဍပင်ဖြစ်သည်။ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊     မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာ စေရေးအတွက်   လူငယ်ရေးရာ မူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်  လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

ထို့အတူ လူငယ်များ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ် အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန်အတွက် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ အဆိုပါမူဝါဒနှင့်အညီ  လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လူငယ် ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)တွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့်အန္တရာယ်များကဏ္ဍ၊ အားကစားနှင့်အပန်းဖြေခြင်း ကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု ကဏ္ဍ၊ သုတေသနကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြည်သူ့နီတိနှင့်နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကဏ္ဍ၊ ကျား^မ ညီမျှမှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေးကဏ္ဍဟူ၍ကဏ္ဍ(၁၆)ရပ်ဖြင့် ဆောင်ရွက် ပေးလျက် ရှိသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့ဟူသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အဓိကဗဟိုဌာနအဖြစ်   တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ လူငယ်များ၏နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ရရှိစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေး ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာဆက်လက်မသင်ယူနိုင်သော   လူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာ ဆက်လက်သင်ယူနိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေး ဝမ်းကျောင်း ပညာသင်စရိတ်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည်ဖော်လျက်ရှိသည်။ လူငယ်တို့၏သဘာဝမှာလျင်မြန်ခြင်း၊ နိုးကြားတက်ကြွခြင်း၊  ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်း၊ တတ်မြောက်လွယ်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအား ရှိသူများဖြစ်ကြသည်။ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်ကို တာဝန်ယူကြ ရမည့်သူများ ဖြစ်ပေရာ   လူငယ်များကို အတွေးအခေါ်၊ ဆင်ခြင်စဉ်းစားဆုံးဖြတ်နိုင်သည့် အရည်အသွေး ရှိအောင် ပျိုးထောင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရမည်ဖြစ်သည်။

လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌  ပထမအကြိမ်လူငယ်ဖိုရမ်ကိုကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်မှ အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ကျင်းပနိုင်ရန် အဆိုပြုခဲ့ရာမှ  ၁၉၉၈ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၌ ကုလသမဂ္ဂနှင့်ပူးပေါင်း၍ ပထမ အကြိမ်လူငယ်ဆိုင်ရာဝန်ကြီးများ၏ကမ္ဘာ့ညီလာခံက သြဂုတ် ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့အဖြစ် အကြံပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ  ဆုံးဖြတ်ချက် အမှတ်(၅၄/၁၂၀)ဖြင့် သြဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ဆောင်ပုဒ်မှာ ''Green Skills for Youths:Towards a Sustainable world"  ကမ္ဘာမြေအရှည်တည်တံ့စေဖို့ လူငယ်များရဲ့အစိမ်းရောင် ကျွမ်းကျင်မှုစွမ်းရည်ဖြင့်ဖော်ဆောင်စို့ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ အနာဂတ်အတွက် လူငယ်များကို ပြုစုပျိုးထောင်ပေးကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။