မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ရှင်လူ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညို၊ အထူးစည်ကားများပြား
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ယနေ့တွင်လည်း နံနက် ၆ နာရီ မှစတင်၍အများပြည်သူ ဖူးမြော်ကြည်ညိုခွင့် ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဦးစွာ တာဝန်ရှိသူများက ဘူရားဖူးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဉီးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးသံဃာတော်များ၊ မသန်စွမ်းသူများနှင် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးသည်။
ထို့နောက် ဘုရားဖူး ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ဘုရားရင်ပြင်တော်ပေါ်သို့ အလွယ်တကူ တက်ရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်း တည်ဆောက်ထားရှိရာ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် များစွာအဆင်ပြေလှပြီး စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်ကြည်ညို နေကြ သည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်။
ထို့ပြင် ဘုရားဖူး ရဟန်းရှင်လူပြည်သူများ အနေဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်းလေ့လာ ဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထု ထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာ တည့်တည့်၌ တည်ဆောက် ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။
အဆိုပါ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများ ပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကျောက်စာရုံ၌ ပိဋကတ် သုံးပုံ ကျမ်းစာများကို လေ့လာသည်ဖြစ်စေ ကျောက်စာရုံများမှ ထွက်သည့်အခါ၌ ဘုရားကြီး၏ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ရန်နှင့် ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာ ကျမ်းစာများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော် မူရာတွင် တည်ရှိနေရန် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှပညာရှင်များ၊ အခြားအရပ်ဘက် ကျွမ်းကျင်ပညာရှင်များက စနစ်တကျတွက်ချက် တည်ဆောက်ထားခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများအနေဖြင့် ဝင်ရောက်ဖူးမြော်ရာ၌ ကျောက်စာရုံစေတီတော်များ၏ ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ ပညာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ် တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာ တည်ထား ကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။
ထို့ပြင် ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေးနေရာများ၌လည်း ဘုရားဖူးပြည်သူများအနေဖြင့် မိသားစုအလိုက် လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက် လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံ ရိုက်နေကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်များအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ် များတွင်လည်း အေးချမ်းစွာ အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက် ထားရှိမှုကိုလည်း ရဟန်း၊ ရှင်လူပြည်သူအများက ဝင်ရောက်လေ့လာ ကြည်ညိုကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနှစ်ရက် သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများသုံးဆောင်နိုင်ရန် အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော် ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက် အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးသွားမည် ဖြစ် ပါသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၀ ရက်နှင့်နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အသိပေးအပ်ပါသည်။