အတန်းပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂- ၂၀၂၃၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အတန်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲကို အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ သြဂုတ် ၁၄ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အားကစားကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး အတွက် နှစ်စဉ်အားကစား သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ ဆောင်ရွက်ပေးကြောင်း၊ အားကစားများ လှုပ်ရှားကစားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိကာ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများလည်း ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘတ်စကက်ဘောပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဗိုလ်လုပွဲ အမျိုးသားအသင်းတွင် စတုတ္ထနှစ်အသင်းနှင့် တတိယနှစ်အသင်း တို့ ယှဉ်ပြိုင်ကစားရာ စတုတ္ထနှစ်အသင်းက လည်းကောင်း၊ အမျိုးသမီးအသင်းတွင် စတုတ္ထနှစ်အသင်းနှင့် တတိယနှစ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ စတုတ္ထနှစ်အသင်းက လည်းကောင်း အနိုင်ရရှိကာ ဆုရရှိကြသည့် အသင်းများနှင့် တစ်ဦးချင်းဆုများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြကြောင်း သိရသည်။