ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှသာ ပညာရေးသာမက အားကစားတွင် ထူးချွန်ထက်မြက် အောင်မြင်သူများ ဖြစ်လာနိုင်
နေပြည်တော် သြဂုတ် ၁၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကာယပညာနှင့် အားကစား အခြေခံနည်းပြ သင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှသာ ပညာရေးသာမက အားကစားတွင် ထူးချွန်ထက်မြက်အောင်မြင်သူများ ဖြစ်လာနိုင်ကြောင်း၊ ယခင်က အားကစားတွင် “စည်းကမ်းသည် ပထမ၊ စံချိန်သည် ဒုတိယ” ဟူသည့်ဆောင်ပုဒ်အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး မိမိရောက်ရှိ တာဝန်ယူချိန်မှစ၍ ကျန်းမာရေး ကောင်းမွန်မှသာ အရာအားလုံးကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ”ဟု ပြောင်းလဲပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ဆရာမများ အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားကွင်း/ အားကစားရုံများနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ အသုံးပြုရန် လိုအပ်ပါက အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်များမှ အားကစားမှူးများ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း၍ အသုံးပြုနိုင်ကြောင်း၊ လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ FRIENDSHIP POWER ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ဘောလုံးအားကစားကွင်းတွင် မြက်အသစ် စိုက်ပျိုးနိုင်ရေးအတွက် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြားပစ်အားကစား လေ့ကျင့်ရေးကွင်းတွင် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများနှင့် လူငယ်မြားပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားသမားများအား ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ အောင်မြင်မှုရရှိစေရန် မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။