စီးပွားရေးမောင်းနှင်အားမြင့်မားရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်၀ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို လည်းကောင်း၊ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်းကောင်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝ ပြောရေး၌ ပြည်သူပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်၊ ပညာသင်ကြား နိုင်ရမည်ဖြစ်သည်။ လူတိုင်းသည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေး အတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင် စားသောက်လိုကြသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
လူတိုင်းအတွက် နေ့စဉ်လိုအပ်ချက်သည် စားရေရိက္ခာဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင်စားနပ်ရိက္ခာ လုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေသည်။ မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာ လုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံး အတွက် အကျုံးဝင်သည့် လုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ကြသည်။ အများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင် ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ စနစ်တကျရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသုတေသနပညာရှင်များက ကြိုးပမ်းလျက်ရှိသည်။ နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်မှသာ လုပ်ငန်းတိုးတက်မှုရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအောင်မြင်စွာဆောင်ရွက်နိုင်သည့် မြေသယံဇာတများနှင့် စိုက်ပျိုးရေရရှိရေး အတွက်လည်း မြစ်၊ ချောင်း၊ အင်းအိုင်များစွာကိုပိုင်ဆိုင်ထားသည်။ စိုက်ပျိုးမြေအားလုံး အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်သည်။ စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးခြင်းမကဘဲ သီးထပ်စိုက်ပျိုးနိုင်လေလေ အကျိုးရှိလေလေဖြစ်သည့်အတွက် သီးထပ်စိုက်ပျိုးနိုင်ရေးကို ကြိုးပမ်းကြရမည် ဖြစ်သည်။ မွေးမြူရေးနှင့်ပတ်သက်၍လည်း ပြည်သူလူထု၏ နေ့စဉ်သားငါးနှင့် ဥအမျိုးမျိုး စားသုံးမှု လိုအပ်ချက်ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း လိုအပ်သည်။ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်းမှတစ်ဆင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိသည်။ ပြည်တွင်း၌လိုအပ်သည့် အခြေခံ စားသောက်ကုန် ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ် သည်။ ချည်မျှင်နှင့် အထည်အလိပ်များ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ရော်ဘာအခြေခံသည့် ထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရခြင်းအစား ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည့် အနေအထားသို့ ရောက်ရှိအောင် ကြိုးပမ်းကြရမည် ဖြစ်သည်။ ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး၊ ပိုလျှံအောင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်များအား အစားထိုး လုပ်ဆောင်ရေးဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်မှုပြုရမည် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက်နှုန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး၊ သီးနှံအလိုက်တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်သည့်မျိုးများ အသုံးပြုခြင်း၊ မြေကိုကောင်းမွန် အောင်ပြုပြင်ခြင်းနှင့် မြေသြဇာသုံးစွဲခြင်း၊ လိုအပ်သည့် ရေများပြည့်ဝစွာ ရရှိအောင်ဆောင်ရွက်ခြင်းနှင့် နည်းစနစ်တကျ စိုက်ပျိုးခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးတွင် ဆီထွက်သီးနှံစိုက်ပျိုးမှုများကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်း စားသုံးဆီ ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ကြရမည်။ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက စားသုံးဆီဖူလုံမှု၊ ပိုလျှံမှုရှိနိုင်ပေသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို လျာထားဧကပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် အထွက်နှုန်းပြည့်မီရေး ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများလည်းပေါများလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ၂၀၂၅ ခုနှစ်၌ ပြည်တွင်း စားသုံးဆီဖူလုံသည့်အပြင် ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထားဆောင် ရွက်လျက်ရှိပေရာ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေး လုပ်ငန်းရှင်များနှင့်အခြား ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။