မြန်မာ့ရိုးရာအနုသုခုမပညာရပ်များ

မြန်မာ့ရိုးရာအနုသုခုမပညာရပ်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူထမ်းဆောင် ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)   ပြဋ္ဌာန်းချက်ပါပုဒ်မ (၂၇)အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေး အတွက် ကူညီဆောင်ရွက်မည့်အချက်အားလည်းကောင်း၊ ပုဒ်မ(၃၃)အရ နိုင်ငံတော်သည် လူငယ်များမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်အားလည်းကောင်း၊ ပုဒ်မ ၃၉၀(က)အရ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်အားလည်းကောင်း အလေးထားလျက် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုပညာရပ်များသည် အနှစ်သာရပြည့်ဝ၍ ခက်ခဲသည့်ပညာရပ်ဖြစ်သည်။ လူတိုင်းထွန်းပေါက် တတ်မြောက်အောင် သင်ကြားနိုင်သည့်ပညာမျိုးမဟုတ်ဘဲ ဝါသနာနှင့်ပါရမီရှိမှသာ တတ်မြောက်သည့်ပညာမျိုးဖြစ်သည်။ မြန်မာတို့၏ယဉ်ကျေးမှုပညာရပ်များထဲမှ အဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ၁၉၉၃ ခုနှစ်ကစတင်၍ ပြိုင်ပွဲကြီးကျင်းပကာ ဝါသနာရှင်၊ ပညာရှင်များကို ဖော်ထုတ်ပေးခဲ့သည်။ ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများစွာနှင့်ကျင်းပခဲ့သည်မှာ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင်ကျင်းပပြုလုပ်ခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ယခင်အစိုးရမှ ကျင်းပပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ယဉ်ကျေးမှုပျောက်လျှင်လူမျိုးပျောက်မည်ဆိုသည်ကို သတိမထားဘဲ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မသိကျိုးကျွန်ပြုခဲ့သည်။ ထို ၅ နှစ်တာကာလအတွင်း ပြိုင်ပွဲအချို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ်များနှင့် ကင်းကွာစပြုလာသလို  သမ္ဘာရင့်ဝါရင့်သက်ကြီး ပညာရှင်အချို့  တိမ်းပါးကွယ်လွန်ခဲ့ခြင်းများလည်း ရှိခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း ထိုကာလ မတိုင်ခင်ကတည်းကပင် မြန်မာ့ရိုးရာစရိုက်လက္ခဏာနှင့် ဆန့်ကျင်သည့်  သရုပ်လွန်ဂီတများ၊ စကားလုံး ကြမ်းကြမ်းဖြင့်တေးသီချင်းများ၊ ငြိမ့်ညောင်းညက်ညောမှု၏ ဆန့်ကျင်ဘက်ဖြစ်သည့် လှုပ်ရှားကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက်ဝင်ရောက်စ ပြုလျက်ရှိခဲ့သည်။

ထိုသို့သောအခြေအနေများအကြားတွင် မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို ထိန်းသိမ်းဆောင်ရွက် ထားသူပညာရှင်ကြီးများ၊  မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို  မြတ်နိုးဖက်တွယ်ထားသူဝါသနာရှင် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာ ရေးကို အားကိုးတကြီးမျှော်လင့်လျက်ရှိကြသည်။ ထိုမျှော်လင့်ချက်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ထွန်းလာချိန်တွင် မြန်မာ့ရိုးရာအနုသုခုမပညာရှင်၊ ဝါသနာရှင်တို့၏ဆန္ဒပြည့်ဝစေခဲ့ပြီဖြစ်သည်။

၂၀၂၂ ခုနှစ် မေ ၅ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး   အတွေ့အကြုံရင့်ကျက်မှုအပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ  မှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်ပြီး အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ် ရွက်ပုန်းသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက်လည်း အလေးအနက်ထား မှာကြားခဲ့သည်။ ထို့ကြောင့်(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီး ရွက်ပုန်းသီးအနုပညာရှင်များစွာ ပေါ်ထွက်လာစေခဲ့သည်။

ထိုစဉ်က     ပြိုင်ပွဲကြီးကိုနိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန်  အနုသုခုမဆိုင်ရာ ရှုထောင့်အပြင် လုံခြုံရေးရှုထောင့်နှင့် ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြုသည့် ကျန်းမာရေးရှုထောင့်ကပါ ပြည့်စုံစေ့စပ်စွာ ကြိုတင်စဉ်းစား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်အင်အားအနေဖြင့်လည်း နောက်ဆုံး ပြိုင်ပွဲကြီးနီးကပ်ချိန်အထိ  ကြိုတင်မျှော်မှန်းထားသည့်အရေအတွက်ထက်  တက်ကြွစွာ ပိုမိုပါဝင်ခဲ့သည်။  ဤသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ့ရိုးရာအနုသုခုမပညာရှင်ကြီးများ၊   ဝါသနာရှင်များအများအပြားရှိ နေကြောင်းထင်ရှားလှသည်။

မြန်မာနိုင်ငံသည် မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည့်စုံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာဒြပ်ရှိဒြပ်မဲ့ အထောက်အထားများအပြင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှုအနုသုခုမ အစဉ်အလာများသည် မြန်မာနိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိကသွင်ပြင်လက္ခဏာများပင်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ပေရာ ပြိုင်ပွဲဝင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့် ထားကြပါရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။