ဘရူနိုင်း DPMM ကလပ်အသင်းကို ရန်ကုန်ယူနိုက်တက် အသင်းအနိုင်ယူ
ရန်ကုန် သြဂုတ် ၁၆
AFC CUP 2023 - 20 24 (Preliminary Stage) အဖြစ် ယနေ့ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက် (မြန်မာ)နှင့် DPMM (ဘရူနိုင်း)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၂ ဂိုး-၁ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်အသင်း ပွဲထွက်လူစာရင်းတွင် ဆန်းဆက်နိုင်(ဂိုး)၊ ဒေးဗစ်ထန်း ၊ကျော်ဖြိုးဝေ၊ ဇော်ဝင်းသိန်း၊ Sylla ၊ Adolfo ၊ ဥက္ကာနိုင်၊ သူရိန်စိုး၊ Marlle ၊ ရန်နိုင်ဦးနှင့် လှိုင်းဘိုဘို တို့ ပါဝင်ကစားခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် ကစားခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရရှိခဲ့သည်။ ပွဲချိန် ၃၆ မိနစ်တွင် ရန်ကုန်ယူနိုက် အသင်းတိုက်စစ်မှူး Adolfo ကို ပင်နယ်တီ ဧရိယာအတွင်း ဘရူနိုင်းကလပ်အသင်း DPMM နောက်ခံလူ ကြမ်းတမ်းစွာ ကစားသဖြင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သည်။
ယင်း ပင်နယ်တီကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး Sylla ကန်သွင်းရာ ဂိုးဝင်ခဲ့ခြင်းမရှိ၍ အပိုင်တစ်ဂိုး နစ်နာခဲ့သည်။ ပွဲချိန် ၄၅ မိနစ်တွင် ဘရူနိုင်းကလပ် DPMM မှ ကန်သွင်းသည့် ဖရီးကစ်ကို ရန်ကုန်ယူနိုက်အသင်း ဂိုးသမား ဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့၍ ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေ ကျနေခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းက အနိုင်ရရှိရေး ဖိအားပေး ကစားခဲ့သော်လည်း DPMM ဂိုးသမား လက်စွမ်းပြ ကာကွယ်ခြင်း၊ တိုက်စစ်မှူးများ ဂိုးသွင်းမသေချာခြင်းကြောင့် ဂိုးရမည့် အခွင့်အရေးများ နစ်နာခဲ့သည်။
ပွဲချိန်၇၇ မိနစ်တွင် DPMM အသင်းမှ ကျောနံပါတ် ၅ Farshad Noor က အဝေးကန်ချက်မှ ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ပွဲချိန် ၇၈ မိနစ်တွင် တိုက်စစ်မှူး Adolfo က ရန်ကုန် ယူနိုက်တက်အတွက် ချေပဂိုး ပြန်သွင်းယူပေးခဲ့သည်။
ယင်းနောက် ရန်ကုန်ယူနိုက်တက် အသင်းက တိုက်စစ်ဆင် ဖိအားပေး ကစားခဲ့ရာ ပွဲချိန် မိနစ် ၉၀ တွင် ကွင်းလယ်လူ ဇော်ဝင်းသိန်းက အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့သဖြင့် ပွဲအပြီးတွင်( ၂ - ၁ ) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုပွဲတွင် အနိုင်ရသော ရန်ကုန်ယူနိုက်တက် အသင်းသည် အုပ်စုအဆင့် တက်ရောက်နိုင်ရေးအတွက် Play-off ပွဲစဉ်အဖြစ် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။