၂၀၂၅ ခုနှစ်အရောက်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာဘီလီယံ ၂၀၀ အထိ ရှိလာတော့မယ့် AI နယ်ပယ်

၂၀၂၅ ခုနှစ်အရောက်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာဘီလီယံ ၂၀၀ အထိ ရှိလာတော့မယ့် AI နယ်ပယ်

    Artificial Intelligence (AI)လို့ခေါ်ပြီး မြန်မာလို အသိဉာဏ်တုလို့ အနက်ပြန်လို့ရတဲ့ နည်းပညာနယ်ပယ်ဟာ တစ်နေ့တခြား တိုးတက်လာနေတာကို အံ့မခန်း တွေ့ရမှာပါ။

AI ကို အသုံးပြုခြင်းအားဖြင့် လူသားတွေရဲ့လုပ်ဆောင်မှုကို ပိုမိုထိရောက်စေမယ့် အပြင် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ ဆိုရင်လည်း လုပ်ငန်းဆောင်ရွက်မှုများနဲ့ ကုန်ထုတ်လုပ်မှုတို့ကို ချက်ချင်းပြောင်းလဲ သွားစေနိုင်ပါတယ်။

AI ကိုအသုံးပြုပြီး လုပ်ဆောင်လို့ရတာတွေကတော့ အများကြီးပါပဲ။ စာတမ်းတွေရေးခိုင်းမယ်၊ ပုံတွေဆွဲခိုင်းမယ်၊ ဗီဒီယိုတွေ ဖန်တီးခိုင်းမယ်။    နောက်ဆုံးစစ်လက်နက်ပစ္စည်းများမှာပါ AI  ကို အသုံးပြုနိုင်လာပါပြီ။

ဒါပေမဲ့လည်း အခုလိုအသုံးပြုနိုင်မှုကို တစ်နေရာတည်းမှာ  ရပ်တန့်မနေစေဘဲ တိုးတက်မှုတွေ လုပ်ဆောင်လာကြတဲ့အတွက်   အဲဒီနည်းပညာ နယ်ပယ်ဟာ မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတာပါ။

ဒီလိုတိုးတက်မှုတွေမြန်ဆန်လာတာနဲ့အမျှ   စီးပွားရေး သမားတွေကလည်း အငြိမ်မနေပါဘူး။ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အနာဂတ်အတွက် အကျိုးကျေးဇူး ရှိစေမှာ သေချာတဲ့   AI နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင် လာနေကြပါပြီ။

ဒီအတွက်ကြောင့် ၂၀၂၅ ခုနှစ်အရောက်မှာ ကမ္ဘာတစ်ဝန်းက စီးပွားရေး လုပ်ငန်းရှင်မျာ းအနေနဲ့ AI နည်းပညာနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိရှိလာနိုင်တယ်လို့ Goldman Sachs ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Goldman Sachs ဆိုတာကတော့ ကမ္ဘာ့အကြီးဆုံး     ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ဘဏ်ဖြစ်ရုံသာမက     ဘဏ္ဍာရေး ဝန်ဆောင်မှုပေး  ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အခုလိုမျိုး   ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးတက်လာခြင်းဟာ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၇၂ ရာခိုင်နှုန်းအထိ  ရှိလာတာဖြစ်တယ်လို့ Goldman Sachs ကုမ္ပဏီမှ စီးပွားရေး ပညာရှင်နှစ်ဦးရဲ့    စစ်တမ်း ကောက်ယူထားချက်အရ သိရပါတယ်။

တစ်နှစ်ချင်းစီအနေနဲ့ ပြောမယ်ဆိုရင် ဒီနှစ်အကုန်မှာ  ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလီယံ ၁၁၀၊   လာမယ့်နှစ် အကုန်မှာ ဒေါ်လာဘီလီယံ ၁၃၀ ကျော်နဲ့ ၂၀၂၅ ခုနှစ်မှာ  ဒေါ်လာဘီလီယံ ၂၀၀ အထိရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အများဆုံးရင်းနှီးမြှုပ်နှံမယ့် နယ်ပယ်တွေကတော့ AI ပုံစံများကို လေ့ကျင့်မှုပေးနေတဲ့ ကုမ္ပဏီများနဲ့ AI များအတွက် မရှိမဖြစ် လိုအပ်မှုတစ်ခုဖြစ်တဲ့   ဒေတာစင်တာများကဲ့သို့ အခြေခံအဆောက်အဦများ  တည်ဆောက်ရေး လုပ်ငန်းတွေမှာပါပဲ။

ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံတွေကတော့ ပထမဆုံးအနေနဲ့ အမေရိကန်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၄၇ ဒသမ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဒုတိယနဲ့ တတိယက တရုတ်နဲ့ဗြိတိန်တို့ဖြစ်ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကလည်း ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံနဲ့ ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဆီ အသီးသီး ရှိပါတယ်။

“AI ကြောင့် စီးပွားရေးဆောင်ရွက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ တိုးတက်လာနိုင်ပါတယ်” လို့  Goldman Sachs ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ခေတ်မှာ AI သာမပါဘူးဆိုရင် နည်းပညာ အသစ်များကို  အသုံးပြုမှုနဲ့ စီးပွားရေး လုပ်ငန်းများကို ပြန်လည်ပုံဖော်မှုတို့က မလွယ်ကူပါဘူး။

ဒီအတွက်ကြောင့်ပဲ စီးပွားရေး လုပ်ငန်းများက ရုပ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အရဖြစ်စေ၊ လူ့အရင်းအမြစ်အရဖြစ်စေ AI ကို မဖြစ်မနေအသုံးပြုဖို့ လိုအပ်လာနေတာပါ။

ကမ္ဘာတစ်ဝန်းမှာ အလိုအလျောက်စနစ်များ အသုံးပြုလာနိုင်စေဖို့ဆိုတာက အခုလိုမျိုး AI  ကို ထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အလိုအလျောက် နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများ၊ ပြဿနာများ၊ လုပ်ငန်းဆောင်ရွက်မှု ကြာမြင့်ချိန်ကို လျှော့ချခြင်းနဲ့ အရင်းအမြစ် အနည်းငယ်ကိုသာ အသုံးပြုရစေခြင်းတို့က AI ကိုပိုမိုလိုအပ်လာစေတာပါ။

ဒီအတွက်ကြောင့် လက်ရှိမှာ AI ကဏ္ဍအပေါ်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သာရှိပေမယ့် ၂၀၃၀ ပြည့်နှစ် အရောက်မှာတော့ ဒေါ်လာ ၁၅ ဒသမ ၇ ထရီလီယံအထိ ရောက်ရှိလာနိုင်တယ်လို့  Goldman Sachs ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် AI  နည်းပညာဆိုတာ အချိန်တိုအတွင်းမှာ အလွယ်တကူ တိုးတက်လာစေနိုင်တဲ့ နည်းပညာဖြစ်တာကြောင့် နောင်တစ်ချိန်ဖြစ်မယ်လို့ မျှော်လင့်ထားတာတွေက မကြာမီအချိန် အတွင်းမှာပင်ဖြစ်ပေါ် လာနိုင်တော့မှာဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရပါတယ်။

Ref: Sputnik

ကိုထက်