ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကာလာပမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒလမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံ ပေးသွားမည်ဖြစ်ကြောင်း နှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။