မြစ်ကြီးနားမြို့၊ လားရှိုးမြို့နှင့် တန့်ယန်းမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊၂၀၂၃ ဩဂုတ် - ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါမြို့ရှိ ရန်အောင်မြင် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိ စာသင်တိုက်နှင့် တန့်ယန်းမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော် ၃၀၇ ပါးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၃ ဦးတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက အဆိုပါကျောင်းတိုက်များ၌ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။