ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၇

    ၂၀၂၃ ခုနှစ် ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ သီဟ သူရထွန်းတင် ခန်းမ၌ပြုလုပ်ရာ နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ် ၊ ဌာနချုပ်မှူး  နှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

    ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

    ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာဝတီရေတပ်စခန်း ဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

    အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက်ရှိ ရေတပ်စခန်း ဌာနချုပ်များမှ  ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဩဂုတ် ၆ ရက်မှ ယနေ့ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။