၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန်အမျိုးသမီး အသင်းနှင့် စပိန်အမျိုးသမီးအသင်းတို့ တွေ့ဆုံ

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲတွင်  အင်္ဂလန်အမျိုးသမီး အသင်းနှင့်  စပိန်အမျိုးသမီးအသင်းတို့ တွေ့ဆုံ

    သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၃ အမျိုး သမီးကမ္ဘာ့ ဖလားပြိုင်ပွဲ    ဗိုလ်လုပွဲတွင်  အင်္ဂလန် အမျိုးသမီးအသင်းနှင့်  စပိန်အမျိုးသမီး အသင်းတို့ တွေ့ဆုံနေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် စပိန် အမျိုးသမီးအသင်းနှင့်  ဆွီဒင်အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားရာ စပိန်အမျိုးသမီး အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ  အိမ်ရှင်သြစတြေးလျ အမျိုးသမီးအသင်းနှင့် အင်္ဂလန်အမျိုးသမီး အသင်းတို့ပွဲစဉ်တွင်   အင်္ဂလန် အမျိုးသမီး အသင်းက ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိပြီး    ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃  အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်    အင်္ဂလန်အမျိုးသမီး အသင်းသည် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် ၂၀၀၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် အိမ်ရှင်အမေရိကန် အမျိုး သမီးအသင်းကို အနိုင်ရရှိပြီး     ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့်    ဂျာမနီအမျိုးသမီး အသင်းပြီးလျှင်  အိမ်ရှင်အသင်းကို အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့  တက်ရောက်ခဲ့သည့် ဒုတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အမျိုးသမီး အသင်းသည် ၂၀၂၂ အမျိုး သမီးယူရိုပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သကဲ့သို့  ၂၀၂၃  ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း   ဗိုလ်လုပွဲသို့ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့    တက်ရောက်ခဲ့သည့်   အင်္ဂလန် အမျိုးသမီး အသင်းနှင့် စပိန်အမျိုးသမီး အသင်း နှစ်သင်းစလုံးသည်  ပထမဆုံး အကြိမ်အဖြစ်  ဗိုလ်လုပွဲသို့  တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။