မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းတောက်ပတယ်ဆိုတာကို မာရဝိဇယ ဘုရားကြီးက ကမ္ဘာကိုပြလိုက်တာပါပဲ
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သြဂုတ် ၈ ရက်မှ ၂၀ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖူးမြော်ကြည်ညိုရန် ဖွင့်လှစ်ထားလျက်ရှိရာ စည်ကားလျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒသမမြောက်နေ့(သြဂုတ် ၁၇ ရက်)တွင် လာရောက် ဖူးမြော်ကြသည့် ဆရာတော်သံဃာတော်များနှင့် ဘုရားဖူးအလှူရှင်များ၏ ဝမ်းသာပီတိ စကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-
ဘဒ္ဒန္တဇနိန္ဒ၊ (အုတ်တွင်းမြို့)
ဘုန်းဘုန်းက တောင်ငူ အုတ်တွင်းမြို့နယ် အုန်းပင်စုရွာ ရွှေပြည်ကြီးကျောင်းတိုက်မှာသီတင်းသုံးပါတယ်။ ဘုန်းဘုန်းအနေနဲ့ ပထမဆုံးအကြိမ်လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်လိုက်တဲ့အချိန် စိတ်ထဲမှာ တကယ်ဝမ်းသာပီတိဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးက အဝေးကနေဖူးမြော်လည်း သပ္ပာယ်တာ တွေ့ရတယ်။ ဘုရားဖူးလာကြမယ့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့အနေဖြင့် စိတ်ချမ်းသာစွာ ဖူးမြော်ရမှာ ဖြစ်ပါတယ်။ သာသနိကအဆောက်အအုံတွေ၊ သုဓမ္မာဇရပ်တွေ၊ ကျောက်စာရုံတွေ၊ ဗိမာန်တော်ကြီးတွေမြင်ရတော့ သာသနာအတွက် အင်မတန်မှ သင့်တင့်လျောက်ပတ်တယ်လို့ စိတ်ထဲမှာကြည်နူးမိပါတယ်။ ကျောက်စာရုံတွေက ပိဋကတ်တော်မှာပါရှိတဲ့ ကျောက်ထက်အက္ခရာတွေဟာ
ရေရှည်မှာ သာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်ပါတယ်။ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကလည်း တကယ့်အံ့မခန်းပါပဲ။ ဒါဟာလည်း သာသနာတော်နဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပမယ်ဆိုရင် သာသနာတော်တည်တံ့ ထွန်းကားပြန့်ပွားရေးအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ဘုန်းဘုန်းအနေနဲ့မြင်မိပါတယ်။ သုဓမ္မာဇရပ်တွေက လက်ရာတွေကလည်း အဆင့်အတန်းမြင့်ပြီး တိကျသေသပ်မှုရှိတယ်။ အခုတည်ဆောက်ထားတဲ့ သာသနိက အဆောက်အအုံတွေကို ကြည့်ခြင်းအားဖြင့် တည်ဆောက်သူတွေရဲ့ စေတနာက ထင်သာမြင်သာ သိနိုင်မြင်နိုင်ပါတယ်။ အဲဒီစိတ်စေတနာက သူတို့ကိုအကျိုးပြန်ပြုမှာကတော့ မလွဲဧကန်ပါပဲလို့ ဘုန်းဘုန်းအနေနဲ့ပြောလိုပါတယ်။
ဦးမျိုးသန့်အောင်၊ (မိတ္ထီလာမြို့)
ဘုရားကြီးကို မဖူးခင်ကတည်းက ဖူးခွင့်ရတော့မယ်ဆိုတော့ လာရောက်ဖူးချင်တဲ့ဆန္ဒပြင်းပြခဲ့တာ ဒီနေ့မှာတော့ အဲဒီဆန္ဒပြည့်ရလို့ အထူးဝမ်းသာကြည်နူးခဲ့ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျဖူးရတဲ့ အရသာက ပြောမပြတတ်လောက်အောင်ကြည်ညိုရလို့ ကိုယ်တိုင်သွားဖူးကြည့်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။ ဘုရားကြီးကို ရင်ပြင်ပေါ်က ဖူးတွေ့လိုက်ရတဲ့အချိန်မှာ တိမ်တိုက်တွေပေါ်မှာ လွင့်ပျံနေသလို ကြည်ညိုဖွယ်ရာခံစားရတယ်။ သာသနိကအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး မြင်တွေ့ခဲ့ရတာ တွေကိုလည်း အနည်းငယ်ပြောပြချင်ပါတယ်။ ဘုရားကြီးရဲ့တည်နေရာ၊ ကျောက်စာရုံတွေရဲ့ တည်နေရာနှစ်ခုကို ကြည့်လိုက်တဲ့အခါ ဘုရားကြီးရဲ့မျက်နှာတော်တည့်တည့်မှာ ကျောက်စာရုံတွေ တည်ထားတဲ့အတွက် ကျောက်စာရုံများက ကြည့်ရင်လည်း ဘုရားကြီးရဲ့ မျက်နှာတော်တည့်တည့်ကို ကြည်ညိုစွာဖူးမြော်ရတယ်။ ဘုရားရဲ့အဆုံးအမတရားတော်တွေကို လေးစားလိုက်နာမှသာလျှင် ဘုရားကို ကြည်ညိုရာရောက်ပါတယ်။ ကျောက်စာတွေကို လေ့လာလိုက်တော့ ရိုမန်နဲ့ပါဠိဘာသာတို့နဲ့ ရေးထိုးတာ တွေ့ရပါတယ်။ စာအုပ်၊ စာပေနဲ့ပရင့်တက်အက္ခရာဆိုတာ ပျက်စီးတတ်လို့ အခုလိုကျောက်ထက်အက္ခရာနဲ့ ရေးထွင်းတယ်ဆိုတာ ပျက်စီးဖို့ အင်မတန်ခက်ခဲလို့ အခုလိုကျောက်စာတိုက်တွေက သာသနာတော် ရေရှည်တည်တံ့ဖို့အတွက်ဆို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေတယ်လို့ မြင်မိပါတယ်။ အဲဒါကြောင့် ကမ္ဘာတည်သရွေ့ ရှိနေမှာဖြစ်လို့ နောင်လာနောက်သားတွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူ ဖူးမြော်ခွင့်ရအောင် တည်ထားပေးခဲ့တဲ့ ဦးဆောင်ဘုရားဒါယကာကြီးနဲ့တကွ ဆရာတော်ကြီးများ၊ အလှူရှင်များ၊ ဘုရားတည်ဆောက်ရာမှာပါတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ အားလုံးကို ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ ဘုရားဖူးလာရောက်တဲ့ ခုနစ်ရက်သားသမီး အားလုံးကလည်း ဆုတောင်းပေးနေမှာဖြစ်ပါတယ်။
ဒေါ်ရီ၊ (ဆွာမြို့)
အဘွားအသက်က ၈၂ နှစ်ရှိပါပြီ။ ဖူးချင်လွန်းလို့မိသားစုလိုက်လာဖူးတာပါ။ လာဖူးတဲ့အချိန်မှာ အဝင်ဝမှာ ဒီကစီစဉ်ထားတဲ့ဝှီးချဲကို သားကတွန်းပြီး ဘုရားကြီးဆီကိုသွားပါတယ်။ ဘုရားအောက်ခြေရောက်တော့ စက်လှေကားနဲ့တက်ပြီးဖူးခဲ့ပါတယ်။ ဖူးလိုက်ရတဲ့အချိန်မှာ ရင်ထဲမှာအေးသွားပြီး ဝမ်းသာခဲ့ရပါတယ်။ အဘွားလည်း မြန်မာပြည်မှာရှိတဲ့ဘုရားတွေ အတော်များများဖူးဖူးပါတယ်။ ဒီဘုရားက ကျောက်တုံး အကြီးကြီးကို ဘုရားထုလုပ် ပူဇော်ထားတာဟာ တကယ့်အံ့ဖွယ်ဘုရားကြီးပါပဲ။ သုဓမ္မာဇရပ် ဆိုတာကလည်း ရှေးမင်းတွေဆောက်ခဲ့တဲ့ပုံစံအတိုင်း မြင်တွေ့ရပါတယ်။ စိတ်ကူးကောင်းတယ်။ လက်ရာတွေကလည်း ကောင်းလွန်းပါတယ်။ အဘွားတို့က အသက်ကြီးပိုင်းတွေဆိုတော့ မသေခင် အခုလိုဖူးလို့ရအောင် တည်ပေးထားတဲ့ ဘုရားဒါယကာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေလို့ အဘွားဆုတောင်းပေးပါတယ်။
ဆရာမ ဒေါ်နွယ်နွယ်လွင်
အထက(၆)၊ (နေပြည်တော်)
အခုလိုဘုရားဖူးရတဲ့အတွက် စိတ်ကြည်နူးပီတိဖြစ်ရပါတယ်။ အလွန်သပ္ပာယ်ပြီး ခမ်းနားကြီးကျယ်လို့ တကယ့်အံ့ဖွယ်လို့ပဲ ပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ အကြီးဆုံးဖြစ်လို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူရပါတယ်။ တည်ဆောက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ဗဟုသုတလည်းရ၊ ကုသိုလ်လည်းရပေါ့။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ကြီး နေလို လလိုထွန်းလင်း တောက်ပတာကို မာရဝိဇယဘုရားကြီးက ကမ္ဘာကိုပြလိုက်တာပါပဲ။ ကျောင်းသားတွေကလည်း ဘုရားကြီးဖူးရတာကို ဝမ်းသာကြည်နူးနေတာ တွေ့ရလို့ ကျွန်မအနေနဲ့လည်း လိုက်ပို့ရကျိုးနပ်တယ်လို့ ခံစားရပါတယ်။
ကျောက်စာချပ်တွေ လေ့လာဖတ်ရှုရလို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဗဟုသုတတွေရကြမှာ ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံကျမ်းစာတွေကို ကျောက်ထက်မှာ ရေးထိုးတာဖြစ်လို့ ရေရှည်တည်တံ့မှာ ဖြစ်တဲ့အတွက် ဒါဟာအလွန်ကောင်းတဲ့ စိတ်ကူးလို့ပဲ မြင်မိပါတယ်။
လင်းအောင်ပြည့်လင်း