အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်နှင့် လေ့လာရေး

အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်နှင့် လေ့လာရေး

(၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ် (ASEAN- China Social Development and Poverty Reduction Forum) တက်ရောက်ရန်အတွက် စာရေးသူအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ကိုနေထက်ရှိန်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ညိုတို့နှင့်အတူ ဇွန် ၂၄ ရက်တွင် ရန်ကုန်-ကွမ်ကျိုး  ခရီးစဉ်ကို လေယာဉ်၊ ကွမ်ကျိုး-နန်နင်း ခရီးစဉ်ကို လေယာဉ်၊ နန်နင်းမှ Beihai (ပေဟိုင်)ခရီးစဉ်ကိုတော့ ကားနဲ့စီးခဲ့ရတာမို့လို့ လေယာဉ်နှစ်ဆင့်၊ ကားတစ်ဆင့်စီး၍ ခရီးနှင်ခဲ့ရပါတယ်။

ကွမ်ကျိုးလေဆိပ်မှာ ၆ နာရီကြာစောင့်ရလို့ အဆင်သိပ်မပြေပေမယ့် Southern China Airline Business Lounge မှာ စောင့်ရတာ   သက်သောင့်သက်သာတော့ရှိပါတယ်။ နန်နင်းကိုရောက်တော့ ည ၁၂ နာရီ၊ နန်နင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူအပါအဝင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရုံးမှ ကိုကျော်စိုးသိမ်း၊ Counsellor General နှင့် Ms. Daisy၊ မြန်မာစာနဲ့ဘွဲ့ရတဲ့ တရုတ်ဝန်ထမ်းတို့    လာကြိုပါတယ်။ မြန်မာစကားပြန်ပါတော့ အစစအဆင်ပြေပါတယ်။ ရှည်လျားတဲ့ ခရီးစဉ်မို့ ငြီးငွေ့စရာဆိုပေမယ့်ပေါ့။ နန်နင်းကနေ ပေဟိုင်ကိုဘာ့ကြောင့် လေယာဉ်တိုက်ရိုက်မစီစဉ်တာလဲလို့ တွေးမိသလို ဘတ်စကားနဲ့သွားရတာကြောင့် ညဉ့်နက်ကြီးကားဆက်စီးရတာ စိတ်ထဲသိပ် အဆင်မပြေပေမယ့်လည်း ကားနဲ့သွားရတဲ့အတွက် တရုတ်နိုင်ငံတောင်ပိုင်းအစွန်း Shanxi  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို မြင်စေရန် စီစဉ်ပေးခဲ့ပုံရတယ်လို့ သဘောပေါက်မိရသလို လမ်းမကြီးတ ွေကောင်းတာလည်း သိခဲ့ရပါတယ်။

တောင်ဘက်အစွန်းဒေသတွေမှာတောင် လမ်းတွေ၊ တံတားတွေ ဒီလောက်ကောင်းရင် Main Land ဆိုရင် ပိုကောင်းမယ်ဆိုတာ အသေအချာပါပဲ။ ဘတ်စကားနဲ့ သွားတာဖြစ်ပေမယ့် ကီလိုမီတာ ၁၀၀ ဝန်းကျင် ပုံမှန်မောင်းနေတာမှာလည်း ကားကငြိမ်နေတာပါပဲ။  ကျွန်တော်တို့အတုယူပြီး လုပ်စရာတွေအများကြီးရှိပါသေးတယ်။  ဒီလိုနဲ့ နံနက် ၃ နာရီမှ ဟိုတယ်ရောက်ပါတယ်။ နံနက် ၉ နာရီမှာ အိပ်ရာကနိုး၊ အိပ်ရာကနိုးလို့ လိုက်ကာဖွင့်ကြည့်တော့ ဟိုတယ်အခန်းက Sea View မို့ မြင်ကွင်းက အင်မတန်သာယာလှပါတယ်။ လေငြိမ်နေတော့မြင်နေရတဲ့ ပင်လယ်ပြင်ကြီးက ပြန့်ပြန့်ပြူးပြူး...ကမ်းစပ်ကို ကြည့်လိုက်တော့လည်း အလွန်သန့်ရှင်းသပ်ရပ်..အမှိုက်တွေမရှိ.......။

ကမ်းခြေ Beihai Silver Beach ကို လိုက်ပို့ပေးလို့သွားတော့လည်း လေငြိမ်နေတဲ့အချိန်မို့ ချောင်းသာတို့ ငွေဆောင်တို့လို လှိုင်းမရှိ၊ သဲကဖြူနေပြီး ပွမနေဘဲသိပ်နေတယ်။ လမ်းလျှောက်ရင်ခြေထောက်တွေ သဲထဲကိုမကျွံဘူး။ ဒီနေရာမှာလည်း ဘာအမှိုက်မှမရှိဘဲ သန့်ရှင်းနေတာပါပဲ။ မြန်မာနိုင်ငံမှာလို အုန်းပင်တွေ သိပ်မရှိပါဘူး။ မြောက်ပိုင်းကလူတွေ ဆောင်းတွင်းမှာ တောင်ပိုင်းကမ်းခြေကိုလာပြီး အပန်းဖြေကြတယ်လို့ သိရပါတယ်။ စည်းကမ်းလည်း ရှိကြပါတယ်။     တောင်ပိုင်းကထွက်ကုန်တွေကို နန်နင်း၊ ကွမ်ကျိုးအပါအဝင် Main Land ကို ပို့နိုင်တာပေါ့။

နေ့လယ်ပိုင်းမှာ ပေဟိုင်မြို့ရဲ့ Old Street ကို ပို့ပေးတာကြောင့် ရှေးနှစ်ပေါင်းများစွာ မြို့စတည်ကတည်းက ရှိတဲ့လမ်းနဲ့ အဆောက်အအုံများကို ယခင်ပုံစံအတိုင်းထားပြီး ပြင်ဆင်မွမ်းမံထားတာတွေ့ခဲ့ရပါတယ်။ တစ်လမ်းလုံး ပင်လယ်စာစားသောက်ဆိုင်တွေချည်းပါပဲ။ ပင်လယ်စာ၊ ဒေသထွက်ကုန် ပစ္စည်းတွေရောင်းတယ်။

ညမှာစည်ကားတယ်ပြောပါတယ်။ အဲဒီနေရာမှာလည်း  ကျွန်တော်လေ့လာမိခဲ့တာက ဘာအနံ့အသက်မှမရဘဲ သန့်ရှင်းနေတာ၊ ပင်လယ်စာအစုံ အကုန်ရှိပေမယ့် ဘာယင်ကောင်မှရှိမနေတာပါပဲ။ ကျွန်တော်တို့ဆီမှာဆို  ငါးပိ၊ ငါးခြောက်တန်းဆိုရင် အနံ့ရှိတယ်။ ယင်ကောင်တွေရှိတယ်။ ဘာကြောင့်လဲ...ဘာကွာလဲ။ စည်ပင်သာယာအဖွဲ့တွေရဲ့ အမှိုက်သိမ်းစနစ်ကောင်းလို့...အိမ်တိုင်း၊ ဆိုင်တိုင်းကစည်းကမ်းတွေ လိုက်နာကြလို့ဖြစ်မှာပါ။

ညဘက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်က သူနဲ့ ဒေသခံသူငယ်ချင်းနှစ်ဦးရဲ့ ဖိတ်ခေါ်ချက်အရ  ညဘက် Tourist တွေအလာများပြီး စည်ကားတဲ့စားသောက်ဆိုင်တန်းကို ခေါ်ပါတယ်။   တစ်ဦးက စီးပွားရေးသမားဖြစ်ပြီး နောက်တစ်ဦးကတော့ ခရိုင်အုပ်ချုပ်ရေးမှူးလို့ ပြောပါတယ်။ လူငယ်တွေပါပဲ။ ဝတ်စားဆင်ယင်မှုက ဘာပကာသနမှမရှိ ပုံမှန် Sport Shirt ဝတ်ထားပြီး ဖော်ဖော်ရွေရွေရှိပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ရလို့ ဝမ်းသာနေကြပါတယ်။ စားသောက်ဆိုင်တန်းက ကမ်းခြေနဲ့နီးတော့ စက်လှေငယ်အများအပြားကို ချောင်းအတွင်းဆိပ်ကမ်းမှာ  ကပ်ထားတာတွေ့မြင်ရပါတယ်။

စားသောက်သူတွေက ကမ်းစပ် စက်လှေဆိပ်အနီးမှာ ထိုင်ကြတာများတယ်။ ဒီမှာ ကျွန်တော်လေ့လာမိတာက ငါးဖမ်းစက်လှေတွေအများကြီးရှိတယ်။ စားသောက်ဆိုင်တွေ  အများကြီးရှိတယ်။  ဒါပေမဲ့ ပင်လယ်ငါး၊ ပုစွန်အနံ့ ဘာအနံ့မှမရဘူး။ စက်လှေတွေလည်းသန့်ရှင်းသလို ဆိပ်ကမ်းလည်းသန့်ရှင်းတယ် ဆိုတာပါပဲ။

အာဆီယံ-တရုတ်   လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်နောက်တစ်နေ့ ဇွန်  ၂၆ ရက်မှာတော့ (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဖိုရမ်ကို တက်ရောက်ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ ဖိုရမ်မှာ ဆွေးနွေးတဲ့ခေါင်းစဉ်အားလုံးဟာသိပ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။  

ဈေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့်ဆင်းရဲမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းမှ ကျေးလက်ဒေသပြန်လည်ဆန်းသစ်ရေး၊ ဂေဟစနစ်ကာကွယ် ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသများ၏ ခံနိုင်ရည်စွမ်းအားကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲတွင်းသို့  ပြန်မကျရောက်စေရန် ကာကွယ်ရေးစတဲ့ကဏ္ဍအလိုက်ချိတ်ဆက်

မှုတွေကို အဓိကထားဆွေးနွေးခဲ့ကြပြီး လက်တွေ့မျက်မြင်ချိတ်ဆက်မှုများကိုတော့ လေ့လာရေး သွားရောက်ချိန်မှာ မျက်ဝါးထင်ထင်တွေ့မြင်ရတော့တာ ဖြစ်ပါတယ်။

ဈေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့်ဆင်းရဲမှု လျှော့ချရေးဇွန် ၂၈ ရက် နံနက်ပိုင်းမှာ ပေဟိုင် International Park မှာရှိတဲ့ Guangxi Hetian Baolong Food Co., Ltd.ရဲ့ Sea  Duck  Egg  Industry ကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘဲဥအလုံးရေ သန်း ၉၀ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး    တရုတ်နိုင်ငံမှာ နံပါတ်တစ်   ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကို နည်းပညာ၊ စက်ပစ္စည်း အသုံးပြုမွေးမြူတာတွေ့ရပြီး ထုပ်ပိုးပြင်ဆင်ထားပြီးဖြစ်တဲ့ ဘဲဥ(အသင့်စား)ထွက်ကုန်တွေကို မြို့ပေါင်း  ၅၀၀ ကျော်အထိ Online e-Commerce  နဲ့  Off  Line တို့မှ  နေ့စဉ်ဖြန့်ဖြူးရောင်းချပေးပါတယ်။ Online Marketing Platformမှ ဖြန့်ဖြူးရောင်းချတဲ့ တိုးတက်မှုကို လေ့လာခဲ့ရပါတယ်။ Smart and Digital Process  များရဲ့ တိုးတက်မှုကိုလည်း လေ့လာခဲ့ရပါတယ်။  ဒေသမှာရှိတဲ့  ဆင်းရဲသူအိမ်ထောင်စုပေါင်း ၆၃၇ စုကို ဆင်းရဲမှုမှ လွတ်မြောက်အောင် ကူညီနိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ အိမ်ထောင်စုပေါင်း ၂၈၈၈ စု၊ ကျေးရွာ ၁၈ ရွာကို အကျိုးပြုနိုင်တာ တွေ့ရပါတယ်။ R&D  ကို အလေးထားပြီး Guangxi University  နှင့် ပူးပေါင်းဆောင်ရွက်နေတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

စက်ရုံတစ်ရုံအနေနဲ့ နေ့စဉ်စားသုံးမှုမှာ အရေးပါတဲ့ ဘဲဥထုတ်လုပ်ခြင်းမှ ဒေသစီးပွားရေးတိုးတက်မှုအဖြစ် ဆင်းရဲပြည်သူများကို ဆင်းရဲတွင်းမှလွတ်အောင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေတိုးအောင် ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ဆက်လက်ပြီး Baking Town Industrial Zoneမှာရှိတဲ့ Mooncake ထုတ်လုပ်တဲ့စက်ရုံကို လေ့လာခဲ့ရပါတယ်။

စက်ရုံဆိုပေမယ့် သမိုင်းအဆက်ဆက်က Mooncake  ထုတ်လုပ်ပုံအဆင့်ဆင့်၊ Design အမျိုးမျိုး ထုတ်လုပ်ခဲ့မှု Mold များကို ပြတိုက်သဖွယ် တည်ဆောက်ပြသထားပြီး သမိုင်းကြောင်းကို စနစ်တကျ ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ Mooncake ကို ယဉ်ကျေးမှုသဖွယ် သမိုင်းတွင်အောင်ထုတ်လုပ်ခဲ့မှု၊ စားသုံးကြမှု၊ တန်ဖိုးထားမှုတွေကို   တွေ့ရပါတယ်။

Design/Mold များကို စဉ်ဆက်မပြတ်ကောင်းအောင် လုပ်ခဲ့ကြတော့ ထုပ်ပိုးမှုကောင်းတယ်၊ ရေကန်တွေ အပါအဝင် ဥယျာဉ်တစ်ခုပုံစံ     ပြင်ဆင်ထားပြီး Tourism ဧရိယာအဖြစ်ပါ ဖော်ဆောင်ထားတာ တွေ့ရသလို Industrial, Commercial, Tourism ပေါင်းစပ်ထားတဲ့ စီးပွားရေးဇုန်အဖြစ် တွေ့ရပါတယ်။ အလုပ်အကိုင်ဖန်တီးမှုပေါင်း  ၅၁၀၀ ရှိပါတယ်။ ထုတ်လုပ်မှုကွင်းဆက် အားလုံးပါဝင်တာတွေ့ရပါတယ်။

Primary  Industry မွေးမြူထုတ်လုပ်မှု၊ Secondary Industry တန်ဖိုးမြှင့်ထုတ်လုပ်မှုနဲ့ Tertiary Industry အနေနဲ့ Service လုပ်ငန်းများ ပါဝင်ဆောင်ရွက်နေပြီး Industry စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေဖို့ Quaternary အနေဖြင့် R&D ကို တက္ကသိုလ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

   စက်မှုကဏ္ဍ(Industrialization)ကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာမှာ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်ခုလုံးပေါင်းစပ်ထားရှိတဲ့အပြင် ထုတ်ကုန်များကို e-Commerce စနစ်နဲ့ ဆောင်ရွက်ပေးနေတာ၊   စက်ရုံများရဲ့လုပ်ငန်းဆောင်ရွက်မှုပိုင်းကို သုတေသနလုပ်ဆောင်ပြီး    ဖွံ့ဖြိုးရေး တိုးတက်မှု (Research and Development)အတွက်ပါ တက္ကသိုလ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေကို Research and Development  ပိုင်းအတွက် တက္ကသိုလ်၊ ကောလိပ်များနဲ့ ချိတ်ဆက်ဆောင်ရွက် နိုင်မယ်ဆိုရင် စက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေမှာဖြစ်သလို ပြည်သူများ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမယ်လို့ သုံးသပ်မိရပါတယ်။

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းမှ ကျေးလက်ဒေသပြန်လည်ဆန်းသစ်ရေး

ညနေပိုင်းလေ့လာမှုအနေနဲ့  ဥစားကြက်မွေးမြူရေးလုပ်နေတဲ့ The Fengji Liangshan Hens Industry Modern Demonstrations Zone ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဧကပေါင်း  ၂၈၀ ကျော် ကျယ်ဝန်းပါတယ်။ ကြက်မွေးမြူရေး Standard စက်ရုံ ၁၂ ရုံ (ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ ခြံပေါ့)။ ဒီမှာက အိမ်လို့ ပြောလို့ရတယ်လေ။ အစာစက်ရုံ တစ်ရုံရှိတယ်။ အစာ မဝယ်ရဘူးပေါ့။

မြန်မာနိုင်ငံမှာက အစာဝယ်ကြတာများတယ်။  မထုတ်လုပ်ကြဘူး။  ဒါ့အပြင် ကြက်ချေးတွေကိုအသုံးပြုပြီး မြေသြဇာထုတ်တဲ့ သဘာဝမြေသြဇာစက်ရုံတစ်ရုံပါ ရှိတာတွေ့ရတယ်။   ဘေးထွက်စွန့်ပစ်ပစ္စည်း   ကြက်ချေးတွေကို မြေသြဇာထုတ်တော့ ဘာမှစွန့်ပစ်ဖို့မလိုဘဲ ပြန်အသုံးပြုလို့ရတာပေါ့။ ထောင့်စေ့အောင် စီမံထားနိုင်တာတွေ့ရပါတယ်။ ကြက်ဥစက်ရုံတည်ဆောက်ထားတဲ့ပုံစံက ကြက်ဥထုတ်လုပ်မှု၊ သန့်ရှင်းမှု၊ ထုပ်ပိုးမှုတွေအားလုံးကို လေ့လာသူတွေ မှန်ခန်းကနေကြည့်မြင်နိုင်အောင် လုပ်ထားပေးပါတယ်။ ရှင်းပြရန်ပြင်ထားတဲ့နေရာတွေမှာလည်း ပြတိုက်သဖွယ် ပြင်ဆင်ပြသထားတာတွေ့ရပါတယ်။ R&D Center, e-Commerce, Logistics Center တွေ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး Full Industrial Chain Farming Model  ဖြစ်တာတွေ့ရပါတယ်။

ကြက်ဥထုတ်လုပ်မှုတစ်ခုတည်းမလုပ်ဘဲ ကြက်ဥနဲ့လုပ်တဲ့မုန့်တွေလည်း ထုတ်တာတွေ့ရပါတယ်။ စက်ရုံရဲ့ Overall  Process  Automation, Digitization, Information, Resource Utilization and Ecological Sustaina-bility  ဖြစ်တယ်။   ဥကြက် ၁ ဒသမ ၂ သန်း မွေးမြူထားပြီး   ကြက်သားပေါက် သုံးသိန်း ဖောက်နိုင်ပါတယ်။  တစ်နေ့ကို ကြက်ဥတစ်သန်း ထုတ်လုပ်နိုင်ပါတယ်။

အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ (ကျေးရွာလယ်သမား)ပူးပေါင်းဆောင်ရွက်မှုပုံစံ(PPP Model)ဖြစ်ပြီး ယွမ် ၃ ဒသမ ၆ သန်းကို ရွာခြောက်ရွာရဲ့  ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေမှ ထည့်ဝင်တာဖြစ်ပါတယ်။ အိမ်ခြေ၁၀၄၇ အိမ် ဆင်းရဲမှုလျှော့ချနိုင်ပြီး ရွာသား ၈၆ ဦးကို အလုပ်ပေးထားနိုင်ပါတယ်။ ခြံလုပ်သားတစ်ဦးက တစ်လကို ယွမ် ၅၀၀၀ လစာရပါတယ်။ ယခုမြန်မာငွေနဲ့တွက်ရင် သိန်း၂၀ ရှိပါတယ်။ အလုပ်သမား ၃၆၀၀ အလုပ်ပေးထားနိုင်ပါတယ်။ ကြက်ဥကို Yellow Swan Brand နဲ့  ထုတ်လုပ်ဖြန့်ဖြူးတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့နည်းပညာလို့ သိရပါတယ်။ ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်း ရရှိထားပါတယ်။

   Industrialization ကိုဆောင်ရွက်ရာမှာ Private Sector အနေနဲ့ Seed Capital ဖြစ်တဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံအဆောက်အဦနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့   ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေး၊ အစိုးရက  လုပ်ငန်းလည်ပတ်ဖို့အတွက် အမျိုးသားအဆင့် ပြန်လည် ရှင်သန်ရေးရန်ပုံငွေ (Revitalization Fund)မှတစ်ဆင့် သွင်းအားစုများရရှိအောင် ရန်ပုံငွေထောက်ပံ့၊  ပြည်သူကလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီး အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်ကို ကျင့်သုံးဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသမှာ e-Commerce စနစ်  ဖွံ့ဖြိုးတိုးတက်လာစေဖို့တင်မက Tourism နဲ့ Logistics Center များကိုပါ ပေါင်းစပ်ထားတာကို တွေ့ရှိရပါတယ်။   မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုစက်ရုံများ တည်ဆောက်ရာမှာ Industrial, Commercial, Tourism နဲ့ Logistics Center များပေါင်းစပ်ထားတဲ့ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက်အားလုံး ပေါင်းစပ်ထားရှိပြီး   e-Commerce Online ဈေးကွက်နှင့် လက်လီလက်ကား

ရောင်းဝယ်နိုင်တဲ့ OffLine ဈေးကွက်နှစ်မျိုးစလုံးကို ဆောင်ရွက်နိုင်လျှင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးတို့အတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိရပါတယ်။

ဂေဟစနစ်ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမှုလျှော့ချရေး

Pingxin  Bayi စံပြကျေးရွာကို သွားရောက်လေ့လာခွင့်ရခဲ့တော့ အိမ်ခြေ ၇၆ အိမ်၊ လူဦးရေ ၃၀၅ ဦးပဲရှိတဲ့ ကျေးရွာသေးသေးလေးဟာ အတော်သဘောကျစရာပါပဲ။ စိုက်ပျိုးနိုင်တဲ့မြေပိုင်ဆိုင်မှု အနေနဲ့လည်း သိပ်မများပါဘူး။ ၃၀၅ ဧကပဲရှိပါတယ်။ တစ်အိမ်ကို လေးဧကခန့် ပိုင်ဆိုင်တဲ့သဘောပါပဲ။ စိုက်ပျိုးရေအနေနဲ့မြေအောက်ရေရတယ်လို့ ပြောပါတယ်။ ကုန်ထုတ်လမ်းအားလုံးဟာ ကွန်ကရစ်လမ်းတွေပါ။ စပါးမစိုက်ပါဘူး။ Cash Crop ငွေရလွယ်တဲ့ သီးနှံတွေဖြစ်တဲ့ လိုက်ချီး၊ နဂါးမောက်၊   သခွားမွှေးစတဲ့ ဟင်းသီးဟင်းရွက်၊   အသီးအနှံတွေကိုစိုက်တာ တွေ့ရပါတယ်။ ၁၀၀ ရာခိုင်နှုန်း Green House စနစ်ကို ကျင့်သုံးစိုက်ပျိုးကြတာတွေ့ရပါတယ်။ စပါးစိုက်သလို ရေအများကြီးမလိုအပ်ပါဘူး။ တစ်ရွာလုံး Green House စနစ်သုံးပြီး စိုက်တဲ့သီးနှံတွေဖြစ်တဲ့အတွက် ဈေးကွက်ချိတ်ဆက်မှု အဆင်ပြေတာတွေ့ရပါတယ်။ လယ်သမားတစ်ဦးတစ်နှစ်ဝင်ငွေ ယွမ် ၂၀၀၀၀ မှ ၂၅၀၀၀ တိုးတက်ရရှိခဲ့တာကို လေ့လာခဲ့ရပါတယ်။

မြန်မာငွေသိန်း ၁၀၀ ဝင်ငွေရှိတဲ့သဘောပေါ့။ အိမ်တွေကို အုပ်စုသုံးစုခွဲပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့လေ့လာခဲ့တဲ့အိမ်က သုံးထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ မာစီးဒီးကားတစ်စီးရှိတယ်။ စိုက်ပျိုးမြေ လေးဧကလောက်ပိုင်တယ်။ အိမ်ကောင်းရှိတယ်။ တိုက်ကောင်းကောင်းပိုင်တယ်။ ကားပိုင်တယ်။ Green  House  ၈၀ လောက်ရှိတယ်။ အိမ်တိုင်းနှစ်ထပ်/သုံးထပ်အိမ်များဖြစ်တယ်။  လှလှပပ၊ သန့်သန့်ရှင်းရှင်း ရှိပါတယ်။   ဝင်ငွေကောင်းပြီး အားလုံးအဆင်ပြေပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အိမ်တွေမှာ ခြံစည်းရိုးရယ်လို့ မရှိဘူး။ အားလုံးအဆင်ပြေကြတော့ ပစ္စည်းမပျောက်၊ သူခိုးမရှိတဲ့သဘောပါပဲ။

ဆင်းရဲမှုလျှော့ချရေး  စီမံကိန်းတွေ ထောက်ပံ့မှုနဲ့ ဒီလိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းက လိုအပ်တဲ့နည်းပညာတွေ၊ သင်တန်းတွေ၊ ငွေကြေးအထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ခုတော့ ပတ်ဝန်းကျင်ရွာတွေမှာလည်း ဧက ၆၀၀၀ ကျော် Green  House တွေ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နေပါပြီ။ ဆိပ်ကမ်းနဲ့ သိပ်မဝေးတော့ ထုတ်ကုန်တွေ ဈေးကွက်အရောက်ပို့ဖို့လည်း သိပ်မဝေးလှပါဘူး။ စံပြရွာက မြို့လိုပါပဲ။အစိုးရရဲ့ အထောက်အပံ့စီမံကိန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရွာသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာခေါင်းဆောင်ကောင်းမှု၊ မြေအပြည့်အဝအသုံးချမှု၊ ဈေးကွက်ဝင်ငွေရလွယ်မှု၊ သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ သီးနှံထွက်စွမ်းအား ကောင်းမှုများကြောင့် ဝင်ငွေတိုးလာကြတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သီးနှံများစိုက်ပျိုးရာမှာ Green House စနစ်အသုံးပြုနိုင်ပါက သီးနှံအရည်အသွေးနဲ့ အထွက်နှုန်းကောင်းမွန်လာပြီး စိုက်ပျိုးရေးကဏ္ဍ အမြန်ဖွံ့ဖြိုးတိုးတက်လာစေဖို့ အထောက်အကူပြုနိုင်မယ်လို့  သုံးသပ်မိရပါတယ်။ သဘာဝဂေဟစနစ်ကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်ပါတယ်။

ကျေးလက်ဒေသများ၏ခံနိုင်ရည်စွမ်းအား ကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲတွင်းသို့ ပြန်မကျရောက်စေရန် ကာကွယ်ရေး

မရှိ တောင့်တ၊ ရှိကြောင့်ကြ ဆိုသလို ဆင်းရဲချိန်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ရသလို လွတ်မြောက်လာသည့်အခါ ယခင်ဘဝပြန်မရောက်စေဖို့  ပူတောင့်ပန်းပင် ကြိုးစားကြရပြန်ပါတယ်။ တရုတ်

နိုင်ငံဟာနိုင်ငံရဲ့ ဆင်းရဲမှုရာခိုင်နှုန်း(Poverty Incidence)ကို ၁၉၇၈ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်မှာ သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာကြောင့် ဆင်းရဲသည့်လူဦးရေ သန်း ၂၅၀ ခန့် ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတွင်း ဆင်းရဲမှုကို အပြီးတိုင်ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ဆင်းရဲမှု အနေအထားသို့ ပြန်လည်မရောက်ရှိစေဖို့ (Slip Back)ကာလတို၊ ကာလရှည်အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နေကြပါတယ်။ အမြဲမပြတ် စောင့်ကြည့်စစ်ဆေး အကဲဖြတ်ရေးအစီအစဉ် (M&E)တွေ ဆောင်ရွက်နေတာတွေ့ရတော့ မြန်မာနိုင်ငံ အနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့ ကာလတို၊ ကာလရှည်အစီအမံတွေအပေါ် စဉ်ဆက်မပြတ် M&E စနစ်များ ထားရှိဆောင်ရွက်သင့်တယ်လို့ သုံးသပ်မိရပါတယ်။

UNရဲ့ဆင်းရဲမှုမျဉ်း (Poverty Line) သတ်မှတ်ချက်နဲ့အညီ တရုတ်နိုင်ငံဟာ Absolute Poverty (လူတစ်ဦး တစ်နေ့ဝင်ငွေ ၁ ဒသမ ၉ ဒေါ်လာအောက်)လူထုအား ၂၀၂၀ ပြည့်နှစ်တွင် သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး  ဒုတိယအဆင့်အနေနဲ့ လက်ရှိတွင် Extreme Poverty (လူတစ်ဦးတစ်နေ့ ဝင်ငွေ  ၃ ဒသမ၂ ဒေါ်လာအောက်)လူထုအား လျှော့ချနိုင်ရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိသလို ဒီရည်မှန်းချက် အောင်မြင်ပြီးပါကလည်း Relative Poverty (လူတစ်ဦး တစ်နေ့ဝင်ငွေ ၅ ဒသမ ၅ ဒေါ်လာအောက်)လူထုအား ဆက်လက်လျှော့ချနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတာကို အားကျဖွယ် တွေ့မြင်ရပါတယ်။

တစ်ဦးချင်းဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မားလာစေရန်   စိုက်ပျိုးမွေးမြူရေး နည်းပညာသင်တန်းများ၊  ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက် ကျွမ်းကျင်မှုသင်တန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အမျိုးသမီးများအတွက် ကျွမ်းကျင်မှုသင်တန်းများ  ဖွင့်လှစ်ပေးသလို    ဝေးလံခေါင်ဖျား ကျေးလက်ဒေသများသို့ သိပ္ပံနှင့် နည်းပညာနှင့် အင်တာနက်ချိတ်ဆက် ဝန်ဆောင်မှုများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ   ဈေးကွက်ရရှိရေးနှင့် လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက်  e-commerce စနစ် ထူထောင် ဆောင်ရွက်ပေးခြင်း၊  ဓာတုကင်းစင်သော အစိမ်းရောင်အစားအစာထုတ်လုပ်မှုများ တိုးတက်မြင့်မား လာအောင် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် နည်းပညာ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ခဲ့ရပါတယ်။

ပေဟိုင်မှအပြန်...

ဇွန် ၂၉ ရက်မှာလည်း လေ့လာရေး အစီအစဉ်တွေရှိပြီး ညနေပိုင်းမှ နန်နင်းကို ကားနဲ့ပြန်  နန်နင်းကနေ ကွမ်ကျိုးကို လေယာဉ်စီးရမှာဖြစ်ပေမယ့် လေယာဉ်က  Cancelled ဖြစ်လို့ လေ့လာရေးတွေ မသွားဖြစ်တော့ပေမယ့် ပေဟိုင်- ကွမ်ကျိုးကို ရထားနဲ့  တိုက်ရိုက်ပြန်ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက်ရထားမဟုတ်လို့ ကြားထဲမှာ ၁၀ ဘူတာကျော်ဖြတ်ခဲ့ရပါတယ်။ ရထားနဲ့ ၅ နာရီလောက် ခရီးသွားရင်း ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ ရထားလမ်းတွေ ကောင်းပါတယ်၊ ငြိမ်ပါတယ်။ စာရေးလို့ရပါတယ်။ ပတ်ဝန်းကျင်ရှုခင်း စိုက်ခင်းတွေ  လေ့လာလို့ရပါတယ်။ မြေလွတ်မရှိအောင် မြင်မြင်သမျှ စိုက်ပျိုးထားတာတွေ့ရပါတယ်။ မြေအသုံးချမှုမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်တာ တွေ့ရတယ်။

ကျွန်တော်တို့နိုင်ငံမှာ မြေလွတ်တွေများတယ်၊ အကြောင်းကြောင်းကြောင့် မစိုက်နိုင်တာရှိတယ်။ မိုးရာသီပဲ စိုက်ပျိုးကြတာများတယ်။ ဒီမှာတော့ အုပ်စုလိုက် ကြီးမြန်သစ်ပင်တွေ    စိုက်ထားတာတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ  အမြန်လမ်းမကြီးများဘေး၊  တိုင်းဒေသကြီး/ပြည်နယ် ဘက်သွားသော လမ်းမကြီးများ(အဝေးပြေးလမ်းမကြီးများ) ဘေးတွေမှာဆို သူ့အလိုအလျောက်သဘာဝပေါက်သည့် အပင်ရိုင်းတွေက ခပ်များများ...။ မြင်မြင်သမျှကို  ကိုယ့်နိုင်ငံနဲ့ယှဉ်ပြီး တွေးဆကြည့်မိနေတော့တာပါပဲ။

ရထားလမ်းဘေးတစ်လျှောက်က ရွာတွေရဲ့   ဖွံ့ဖြိုးတိုးတက်နေမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရထားကကျည်ဆန်ရထားလောက်မမြန်ပေမယ့် ၁ နာရီကို ကီလိုမီတာ ၂၅၀ ပတ်ဝန်းကျင်လောက်ရှိပါတယ်။ မိုင် ၁၂၀ မှ ၁၅၀ ပတ်ဝန်းကျင် မောင်းတဲ့သဘောပဲ။    ရထားတွဲတွေ ကောင်းတယ်။ လမ်းကောင်းတယ်။ ဘူတာရုံတွေကောင်းတယ်၊ သန့်ရှင်းသပ်ရပ်တယ်။ အမှိုက်မတွေ့ရဘူး။ ကျွန်တော်တို့ဆီမှာ ရထားလမ်းဘေးတွေ အမှိုက်ရှိနေသေးတယ်။ ကားရပ်နားစခန်းတွေ အမှိုက်တွေ ရှိနေသေးတယ်။

သူတို့ဆီမှာတော့ ရထားလမ်းက မြို့တွေ၊ ရွာတွေ ဖြတ်သွားရာမှာ  တချို့နေရာတွေက သစ်ပင်အုပ်နဲ့ ကာထားတယ်။ တချို့နေရာတွေ ခြံစည်းရိုးအပိတ်ကာထားတာတွေ့တယ်။  အတုယူစရာတွေ အများကြီးရှိပါတယ်။ ရထားစီးရင်းနဲ့ တွေးမိ၊ ငေးမိတာတွေအားလုံးကို ဆောင်းပါးရေးဖြစ်ခဲ့ပါတယ်။ ရထားက လျှပ်စစ်ရထားပါ။ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးက   အလွန်ပဲအရေးကြီးပါတယ်။ လျှပ်စစ်မရှိရင်၊  လမ်းတွေမကောင်းရင် ဖွံ့ဖြိုးရေးဆက်စပ်လုပ်ငန်းတွေ၊ စီးပွားရေးတွေ၊ ပို့ဆောင်ရေးတွေ မလုပ်နိုင်ပါဘူး။ လျှပ်စစ်စွမ်းအင်ရရှိမှုက ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး    လိုအပ်ချက်ဖြစ်လို့ ကျွန်တော်တို့ အများကြီး ကြိုးစားကြရပါဦးမယ်။ နည်းလမ်းများ  ရှာဖွေကြရပါဦးမယ်။

သုံးသပ်အကြံပြုချက်

တရုတ်နိုင်ငံဟာ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းတွေကို ၁၉၈၀ ပြည့်နှစ်မှစတင်ပြီး  အမျိုးသားအဆင့်ဖွံ့ဖြိုးရေးမဟာဗျူဟာမှာ ပထမဦးစားပေးလုပ်ငန်းကဏ္ဍအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တဲ့အပြင် နောက်ပိုင်းနှစ်တွေမှာလည်း နှစ်ကာလအပိုင်းအခြားအလိုက် ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာနဲ့ အစီအစဉ်တွေ စဉ်ဆက်မပြတ် ချမှတ်ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ Leading Group of Poverty Reduction and Development(LGOP) ကို ဖွဲ့စည်းခဲ့တာကြောင့် မူဝါဒပိုင်းမှာ များစွာအထောက်အကူဖြစ်စေခဲ့သလို ဌာန၊ အဖွဲ့အစည်းများအချင်းချင်း  ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းအကောင်အထည်ဖော်မှုပိုင်းမှာ   များစွာ အကျိုးသက်ရောက်စေခဲ့တာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာလည်း တရုတ်နိုင်ငံလို နိုင်ငံရဲ့ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ဖို့  အမျိုးသားအဆင့်ကော်မတီ  ဖွဲ့စည်းဆောင်ရွက်နိုင်ရင် ယခုထက်ပိုပြီး ထိရောက်အောင်ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိရပါတယ်။

ဗဟိုအဆင့်မှချမှတ်တဲ့ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာမူဝါဒများနဲ့အညီ နယ်မြေဒေသအလိုက်၊ လုပ်ငန်း နယ်ပယ်အလိုက် ပြည့်စုံကောင်းမွန်သော မဟာဗျူဟာများ၊ အစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲချမှတ် ဆောင်ရွက်နိုင်ခဲ့တဲ့ သက်ဆိုင်ရာဌာနများ၊ ပြည်နယ်၊ စီရင်စု၊ ကောင်တီအစိုးရများရဲ့ ဖွံ့ဖြိုးရေးအသိအမြင်နဲ့ စွမ်းဆောင်ရည်မြင့်မားမှုဟာလည်း မူဝါဒများထိရောက်အောင်မြင်စေဖို့ များစွာအထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာမဟာဗျူဟာများ၊ အစီအစဉ်များနဲ့ စီမံကိန်းများအပေါ် လေ့လာသုံးသပ်ပြီး မိမိနိုင်ငံနဲ့   သင့်လျော်ကိုက်ညီတဲ့စီမံဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှု စနစ်တွေကို ဖော်ထုတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း    အကြံပြု တင်ပြလိုက်ရပါတယ်။  ။

ခန့်ဇော်(ကျေးလက်)