အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၁၈
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်(၄၉)ကြိမ်မြောက် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် သေနတ်ပစ်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု (အမျိုးသမီး) သေနတ်ပစ်အသင်းမှ ပစ္စတိုထိလဲပွဲစဉ်သရုပ်ပြပစ်ခတ်မှုနှင့် (အမျိုးသား) သေနတ်ပစ်အသင်းမှ ကာဘိုင်ထိလဲပွဲစဉ် သရုပ်ပြပစ်ခတ်မှုတို့အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုး သမီး) သေနတ်ပစ် ပစ္စတို ၊ ကာဘိုင်၊ ရိုင်ဖယ်၊ စက်သေနတ် ပြိုင်ပွဲများ၌ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူး နှင့်တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး(၁၀)သင်းစီ ဖြင့် ဩဂုတ် ၉ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။