ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၈
ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံတွင် ကင်ပွန်းချဉ်စိုက်ပျိုးထားရှိမှု၊ ခဝဲစိုက်ပျိုးထားရှိမှု၊ ရုံးပတီ စိုက်ပျိုး ထားရှိမှု၊ ချဉ်ပေါင်စိုက်ပျိုးထားရှိမှု၊ ဗူးစိုက်ပျိုးထားရှိမှု၊ ငွေနှင်းမှို စိုက်ပျိုးထားရှိမှု၊ မြေအစားထိုး ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိမှု၊ ဥစားကြက်၊ ဥစားဘဲနှင့် DYL ဝက် မွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။