မြန်မာတို့၏ဂုဏ်ဒြပ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်

မြန်မာတို့၏ဂုဏ်ဒြပ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်)

    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား နေသည့်မြင်ကွင်းများကို အများပြည်သူတို့တွေ့မြင်နေကြရသည်။ စတင်ဖွင့်လှစ်သည့် သြဂုတ်လ ၈ ရက်နေ့မှစ၍ ဘုရားဖူးလာပြည်သူများမှာ စည်ကားများပြားလွန်းလှသည့်အတွက် နိုင်ငံခြားသား ဘုရားဖူးများက ဘုရားပွဲတော် ကျင်းပနေသည်ဟုပင် ထင်မှတ်နေကြသည်။ အမှန်တကယ်ပင်ဘုရားပွဲတော်ကြီး ကျင်းပနေသည့်အလား အထူးစည်ကားလျက်ရှိသည်။ ဘုရားကြီး ပရိဝုဏ်အတွင်း ဘုရားဖူးလာ ရဟန်းရှင်လူ သီလရှင်အပေါင်းတို့၏ မျက်နှာများမှာ ကြည်နူးဝမ်းသာမှု အပြုံးများဖြင့် ဘုရားကြီးကို ဖူးမြော်နေကြသည်။

    မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် တစ်ဦးချင်းမှသည်   အသင်းအဖွဲ့အလိုက် လာရောက်လျက်ရှိသည်။ ဘုရားဖူးလာ ပြည်သူများအနေဖြင့် သဒ္ဓါတရား ထက်သန်စွာ ဘုရားကြီးဂေါပကရုံး အတွင်း၌ အလှူငွေများ ထည့်ဝင်လှူဒါန်းမှုမှာလည်း များပြားလှသည်။ ခုနစ်ရက်သားသမီး အလှူရှင်များ အနေဖြင့်လည်း  ဘုရားဖူး ပြည်သူများ သုံးဆောင်နိုင်ရန် သက်သတ်လွတ် သီးစုံဒံပေါက်များ နေ့စဉ်အာဟာရဒါန စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းလျက်ရှိသည်။

    ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နိုင်ခြင်းသည် ကမ္ဘာတွင်မြန်မာတို့၏ ဘာသာသာသနာအပေါ်  လေးစားယုံကြည်မှုကို ပြသလိုက်ခြင်းဖြစ်သည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို

    မြန်မာနိုင်ငံတွင်   ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှု ဖြစ်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် တည်ဆောက်ပူဇော်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ကြီး သာယာဝပြောမှုရှိပြီး ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာမှု ဖြစ်စေတော့မည်မှာ မလွဲဧကန်ဖြစ်သည်။

    ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခုနစ်ရက်သားသမီး စေတနာရှင်၊ အလှူရှင်အပေါင်းတို့၏ လှူဒါန်းမှု အစုစုများကြောင့်လည်းကောင်း၊ ဘုရားကြီးဖြစ်ပေါ်ရန် စကျင်ကျောက်တော်ကြီးများ စတင်တူးဖော်သည်မှ သယ်ဆောင်ခြင်း၊ ထုဆစ်ခြင်းတွင် ပါဝင်ဆောင်ရွက်သူများကြောင့် လည်းကောင်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနာရေးဆိုင်ရာ အဆောက်အအုံများ၊ အလှအပပသာဒဖြစ်ဖွယ်မြင်ကွင်း တည်ဆောက်သူများကြောင့် လည်းကောင်း ယခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ငွားငွားစွင့်စွင့်ကြွားကြွားဝင့်ဝင့် ပေါ်ထွန်းလာပြီဖြစ်သည်။

    “တောင့်တတုန်းအခါ ပေါ်ထွက်လာ သတ္တဝါဓလေ့စိတ်ချမ်းမြေ့”ဆိုသည့်အတိုင်း ပြည်သူအများ ဖူးမြော်ရန် မျှော်လင့်နေချိန်တွင် အလွန်တရာကြီးကျယ်မြင့်မြတ်လှသော ရုပ်ပွားတော်မြတ်ကြီးကို ဖူးတွေ့နေရသည်မှာ စိတ်ချမ်းသာခြင်း၊ ကြည်နူးခြင်း၊ ယုံကြည်သက်ဝင်ခြင်း၊ လှူဒါန်းလိုသည့် သဒ္ဓါစိတ်ဖြစ်ပေါ်လာခြင်းတို့မှ ဝမ်းမြောက်ဂုဏ်ယူစိတ်တို့ ဖြစ်ပေါ်လာကြသည်။ ထိုသို့ဖြစ်ပေါ်လာခြင်းကို သိမြင်နိုင်သည်မှာ ဘုရားဖူးလာပြည်သူတို့၏ ဝမ်းသာကြည်နူးဖွယ် ရင်တွင်းစကားများကို နားထောင်ကြည့်ခြင်းဖြင့် သိရခြင်းဖြစ်သည်။

    ဘုရားဖူးလာပြည်သူများစွာတို့၏ ရင်တွင်းစကားများမှ ၎င်းတို့၏ ခံစားချက်အမှန်ကို ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားဖူးလာပြည်သူ တစ်ဦးက “ ရုပ်ပွားတော်ကြီးက ပြုံးနေတဲ့ ပုံသဏ္ဌာန်ရှိတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ပြုံးရွှင်ပီတိဖြစ်ပါစေဆိုတဲ့ သဘောဆောင်နေပါတယ်။ စကျင်ကျောက်ကလည်း ရှားပါးတဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှားပါးတဲ့ကျောက်ကို အကြီးဆုံးအဖြစ် တည်ထားတဲ့ ရုပ်ပွား တော်ကြီးဆိုတော့ ဂုဏ်ယူမဆုံးအောင် ဖြစ်မိပါတယ်။ အဲဒါကြောင့်  ကျွန်တော့်အနေနဲ့ကတော့ မာရဝိဇယ ဘုရားကြီးကို ဖူးမြော်ရတာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်”ဟူ၍ ပြောကြားခဲ့သည်။ ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ယုံကြည်ကိုးကွယ်မှုသည် ကိုးကွယ်သူတိုင်း၏ စိတ်တွင်စိတ်ချမ်းသာစေသည်။

   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်း ပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာ ကုသိုလ်တော ်မဟာမင်္ဂလာအခမ်းအနားတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားမှု နိဂုံးချုပ်တွင်   “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့်အတူ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ကြာစွာ တည်တံ့ဝေစည် နိုင်ပါစေကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ဗြဟ္မစိုရ်တရားများ လက်ကိုင်ကျင့်သုံး၍ အစဉ်ထာဝရချမ်းမြေ့ သာယာရှိကြပါစေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးရန်အနှောင့်အယှက် ကင်းရှင်း၍ လျင်မြန်စွာအေးချမ်း သာယာတိုးတက် အောင်မြင်ပါစေကြောင်း” ဆုတောင်းမှုပြုခဲ့သည်။  အနှစ်ချုပ်ဆိုရသော် မြန်မာတို့၏ ဂုဏ်ဒြပ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားနိုင်ခြင်းမှာ အထူးပင် ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း။  ။