မတူညီသည့်ကလပ်အသင်း သုံးသင်းနှင့် ဥရောပစူပါဖလား ဆွတ်ခူးနိုင်သည့် ပထမဆုံး နည်းပြအဖြစ် မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာမှတ်တမ်းဝင်

မတူညီသည့်ကလပ်အသင်း သုံးသင်းနှင့် ဥရောပစူပါဖလား ဆွတ်ခူးနိုင်သည့် ပထမဆုံး နည်းပြအဖြစ် မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာမှတ်တမ်းဝင်

    မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် ဥရောပစူပါဖလား ဆွတ်ခူးနိုင်ပြီးနောက် မတူညီသည့် ကလပ်အသင်းသုံးသင်းနှင့် ဥရောပစူပါ ဖလား ဆွတ်ခူးနိုင်သည့်    ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ဥရောပစူပါဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနှင့်  ဆီဗီလာအသင်းတို့ ကစားရာတွင် ပွဲချိန် မိနစ် ၉၀ အထိ တစ်ဂိုးစီ သရေရလဒ်ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ မန်စီးတီးအသင်းက အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် နည်းပြဂွါဒီယိုလာကလည်း မှတ်တမ်းကောင်း တစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

နည်းပြဂွါဒီယိုလာသည် ပရော်ဖက်ရှင်နယ် နည်းပြ ဘဝတွင် ဥရောပစူပါဖလား ချန်ပီယံဆုကို  ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ဘာစီလိုနာအသင်းနှင့် လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ် အသင်းနှင့် လည်းကောင်းရယူနိုင်ပြီး   ယခုနှစ်တွင် မန်စီးတီးအသင်းနှင့် ထပ်မံဆွတ်ခူးနိုင်သည့်အတွက် မတူညီသည့် ကလပ်အသင်းသုံးသင်းနှင့်   ဥရောပစူပါဖလား လေးကြိမ်အထိ ဆွတ်ခူးနိုင်ပြီးနောက်  ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီနှင့် အကြိမ်ရေ အများဆုံးရရှိထားသည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် နည်းပြဂွါဒီယိုလာသည် ဥရောပစူပါဖလား ရရှိပြီးနောက် နည်းပြဘဝ ဆုဖလား ၃၆ လုံးအထိ ရှိထားပြီး နည်းပြဖာဂူဆန်ပြီးလျှင် ဆုဖလား အများဆုံး ဆွတ်ခူးနိုင်သည့် နည်းပြဖြစ်လာခဲ့ကြောင်း သိရသည်။