ဥရောပတစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား စာရင်းတွင် မက်ဆီ ဟာလန်းနှင့် ဒီဘရိုင်းတို့ပါဝင်

ဥရောပတစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား စာရင်းတွင် မက်ဆီ ဟာလန်းနှင့် ဒီဘရိုင်းတို့ပါဝင်

    ဥရောပဘောလုံး အဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲအခမ်းအနားတွင် ဥရောပတစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် မက်ဆီ၊ ဟာလန်းနှင့် ဒီဘရိုင်းတို့ ပါဝင်လာကြောင်း သိရသည်။

ဟာလန်းနှင့် ဒီဘရိုင်းတို့သည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်း သမိုင်းဝင် အဓိကဆုဖလား သုံးလုံးဖြစ်သည့် ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားများအဖြစ်   ခြေစွမ်းပြနိုင်ပြီး ဟာလန်းသည်လည်း ဥရောပသွင်းဂိုး အများဆုံး ကစားသမားအဖြစ်ပင် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

အလားတူ မက်ဆီသည်လည်း ပြီးခဲ့သည့်ဘောလုံး ရာသီက ပီအက်စ်ဂျီအသင်းနှင့် ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲတွင်သာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သော်လည်း အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးပြီး  အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် ဥရောပတစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

အလားတူ   အဆိုပါဆုပေးပွဲ အခမ်းအနားတွင် ပေးအပ်မည့်ဆုများမှ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက်  ဆန်ခါတင်နည်းပြ စာရင်းတွင် မန်စီးတီးအသင်းကို အဓိကဆုဖလား သုံးလုံးဆွတ်ခူးပေးနိုင်ခဲ့သည့်  နည်းပြဂွါဒီယိုလာ၊

အင်တာမီလန်အသင်းကို   ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအင်ဇာဂီနှင့် နာပိုလီအသင်းကို ဆယ်စုနှစ် တစ်ခုကျော်ကြာမှ အီတလီစီးရီးအေ ချန်ပီယံဆု   ဆွတ်ခူးပေးနိုင်သည့်  နည်းပြစပယ်လက်တီတို့ ပါဝင်ခဲ့ကြသည်။

အဆိုပါဆုပေးပွဲအခမ်းအနားကို သြဂုတ်  ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး  ဟာလန်းက ဥရောပ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိရန် ထိပ်ဆုံးမှ  ရေပန်းစားလျက် ရှိနေကြောင်း  သိရသည်။