အေးချမ်းစေလို အရိပ်ခို ကောင်းကျိုးလိုရာပြည့်ပါစေ
တစ်နေ့သောအခါ သာကီဝင်မင်းတို့ကို သတ်ဖြတ်ရန် စစ်ချီလာသော ဝိဋဋူဘမင်းသားသည် မေဒါဠုပမြို့အနီး အရိပ်မကောင်းသည့် သစ်ပင်အောက်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့မြင်သည့်အခါ “ဟိုဘက် ကောသလတိုင်း အရိပ်ကောင်းသော သစ်ပင်အောက်၌မနေဘဲ ဤဘက်သက္ကတိုင်းရှိ အရိပ်မကောင်းသော သစ်ပင်အောက်၌ အဘယ်ကြောင့် ထိုင်နေတော်မူပါသနည်း”ဟု လျှောက်ထားသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားအား အရိပ်ခြောက်မျိုးကို ရှင်းလင်းဟောကြားတော်မူသည်။ သစ်ပင်အရိပ် (ရုက္ခဆာယာ)၊ ကိုယ့်တိုင်းကိုယ့်ပြည်အရိပ် (ရာဇဆာယာ)၊ ကိုယ့်ဆွေမျိုးအရိပ် (ဉာတိဆာယာ)၊ ကိုယ့်မိဘအရိပ် (မာတာပိတုဆာယာ)၊ ဆရာ့အရိပ် (အာစရိယဆာယာ)၊ တရားအရိပ် (ဓမ္မဆာယာ) အောက်တို့၌နေထိုင်ရခြင်းသည် မည်သည့် အခြေအနေမျိုးတွင်မဆို အေးချမ်းလှသည်ဟု ရှင်းပြတော်မူရာ အရိပ်ကိုဖျက်ဆီးမည့် ဝိဋဋူဘမင်းသား၏ စိတ်ရိုင်းမှာလည်း ယဉ်ကျေးသွားရသည်။
တရားအရိပ် (ဓမ္မဆာယာ) တွင် ဘုရားအရိပ်နှင့် သံဃာအရိပ်တို့သည်လည်း အကျုံးဝင်သည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားဒေသနာတော်များမှာ လိုက်နာကျင့်ကြံသူများအဖို့ အမှန်ပင် အေးချမ်းရာဖြစ်သည်။
ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ဥဒ္ဒိဿစေတီတွင် အပါအဝင်ဖြစ်သော မာရဝိဇယမြတ်စွာ ဘုရားသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နေပြည်တော်တွင် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်)၌ ထူးခြားသပ္ပာယ်စွာ ပွင့်တော်မူလာပြီဖြစ်သည်။ နိုင်ငံတော်အတွက်သာမက ကမ္ဘာသို့တိုင် အေးချမ်းမှု၊ ငြိမ်းချမ်းမှုကိုဖြည့်ဆည်းပေးမည့် လက္ခဏာဖြစ်သည်။ မာရဝိဇယဆင်းတုတော်မြတ်ကို အခက်အခဲ၊ အတားအဆီးမျိုးစုံမှ ကျော်လွှားရင်း ခဲရာခဲဆစ်ထုဆစ် ပုံဖော်ရခြင်း ဖြစ်သော်လည်း ယခုအခါ ပြည်သူများ အလွယ်တကူ ဖူးမြော်နိုင်ကြပြီး အေးမြခြင်း၊အေးချမ်းခြင်း အရိပ်ကောင်းကို ခိုနားနိုင်ကြပြီဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်ရခြင်း၏ ရည်ရွယ်ချက်များမှာလည်း လေးနက်မွန်မြတ်လှသည်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ဟူသော ရည်ရွယ်ချက်(၄)ရပ် ထားရှိကာ တည်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဖြစ် ကြည်ညိုတင့်တယ် သပ္ပာယ်လှစွာ ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားခြင်းဖြစ်သည်။ ဦးဆောင်ဘုရား ဒါယကာဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များအင်္ဂါပြည့်စုံစွာစီမံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် သူ့ကျွန်ဘဝရောက်ရှိစဉ် ကာလအတွင်း ပျက်စီးဆုံးရှုံးသွားရသည့် ယဉ်ကျေးမှု အမွေအနှစ်များအတွက် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကိုရယူရန် အလို့ငှာ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ခေတ်အလိုက် တည်ထားခဲ့သော ရုပ်ပွားတော်များအနက် အသင့်လျော်ဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် တည်ထားနိုင်ရေး စီမံဆောင်ရွက်ခဲ့သည်။
ထိုသို့ ရတနာပုံခေတ်ဟန်ကို အသုံးပြုဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ လက်ထက်က မြန်မာတို့အနေဖြင့် ဘုန်းမီးနေလထွန်းတောက်ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာကို မြှင့်တင်နိုင်ခဲ့သည့် ရှေးမြန်မာမင်းဆက်တို့၏ တိမ်မြုပ်ခဲ့ရသော အစဉ်အလာကောင်းများကို ပြန်လည်ဖော်ထုတ် လက်ဆင့်ကမ်းနိုင်ရန်၊ ကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေသည့် မြန်မာ့ဟန်၊ မြန်မာ့ဇာတိမာန်နှင့် သာသနာ့အမွေတို့ကို တစုတစည်းတည်း ပြန်လည်ပေါ်ထွန်းလာစေရန်တို့ အတွက်ဖြစ်သည်။ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ရုပ်ပွားတော်မြတ်ကြီးကို “မာရဝိဇယ” ဟူသော ဘွဲ့အမည်ဆက်ကပ်ခဲ့သည်။
“မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ် အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား” ဟုအဓိပ္ပာယ်ရသည်။
ဒေဝပုတ္တမာရ် ခေါ် မာရ်နတ်သည် သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူဖြစ်ပြီး သတ္တဝါတို့ကို သံသရာ၌ကျင်လည်ကြောင်း လောကီအာရုံကာမဂုဏ်ချမ်းသာများတွင် ခံစားမွေ့လျော်နေသည်ကိုသာ နှစ်ခြိုက်ပြီး သံသရာလွတ်မြောက်ကြောင်း အလုပ်လုပ်ခြင်းကို လုံးဝမနှစ်သက်သူဖြစ်သည်။ မာရ်နတ်၏ အကြိုက်ဖြစ်သည့်သံသရာမှ လွတ်မြောက်အောင်ရုန်းမထွက်နိုင်သူမှာ ဘဝများစွာတွင် သံသရာလည်ကာ ထပ်ခါထပ်ခါ အဆက်မပြတ် သေရဦးမည်ဖြစ်သည်။ သံသရာမှ လွတ်မြောက်စေလိုလျှင် လောကီအာရုံကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ခြင်း ဒေဝပုတ္တမာရ်ကို အောင်မြင်မှသာ ရရှိနိုင်မည်ဖြစ်သည်။
မာရဝိဇယဟူသည် “မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ်အန္တရာယ် အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား”ဖြစ်ပေရာ သံသရာတွင် လှည့်ပတ်တတ်သော အကြောင်းတရား၊ စိတ်နှလုံး ပူလောင်ဆင်းရဲစေသည့် အကြောင်းတရား စသည်တို့ကို အောင်မြင်၍ သံသရာမှလွတ်ကင်းရာ အေးချမ်းမှုကို မလွဲမသွေရစေမည်ဖြစ်သည်။
ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်ကို စကျင်ကျောက်ခင်းရုံသာမက မန္တလေးမြို့ အတုမရှိကျောင်းတော်ကြီးပုံစံအတိုင်း မြတ်စွာဘုရား ဟောကြားသည့် တရားတော်များအနက် အကြီးမြတ်ဆုံးဖြစ်တော်မူသော ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် ဂန္ဓကုဋိတိုက်များကိုလည်း အဆောင်တစ်ခုနှင့်တစ်ခု အနုလက်ရာများ လုံးဝမတူညီသည့် ၂၄ ဆောင် ဆောက်လုပ်ထားရှိသည်။ ရင်ပြင်တော်တွင် တံခွန်တိုင်နှင့် သဒ္ဓါဓိပတိခေါင်းလောင်းတော်တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားပြီး စက်လှေကားပါ ထည့်သွင်းတည်ဆောက်ထားသည်။ ဘုရားကြီး ပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ ရရှိသည့် ဗောဓိညောင်ပင်ကို စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင်လုမ္ဗိနီအင်ကြင်းတော၊ အနောက်ဘက်တွင် လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များ စိုက်ပျိုးထားရှိသည်။
မြတ်စွာဘုရား၏အဆုံးအမ တရားတော်များကို ကျောက်ထက်အက္ခရာတင်လှူရန် စီမံခဲ့ရာတွင် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာတော်မူရာ တည့်တည့်တွင် ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံ ပုံစံယူ၍ ကျောက်စာရုံစေတီ ၇၂၀ ဆူတွင် ကျောက်စာများကို ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ထွင်းထုထားပြီး ကျောက်စာချပ်ရေ ၁၄၄၀ ချပ်နှင့်မော်ကွန်းကျောက်စာစေတီတော်တွင် ကျောက်စာ ၄ ချပ် စုစုပေါင်း ၁၄၄၄ ချပ်ရှိပါသည်။
ထို့အတူ မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတို့ကိုလည်း ပြည့်စုံစွာ တည်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အခြံအရံ ကုသိုလ်တော်အဖြစ် သာသနာ့ဗိမာန်တော်ကြီးကို တည်ဆောက်လှူဒါန်း ပူဇော်ထားပြီး အဆိုပါအဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးသည် ဝိသုံဂါမသိမ်တော်ကြီးလည်း ဖြစ်ကာ သံဃာအပါး ၉၀၀ နှင့် လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့သည်။ ထိုမျှမက ၂၅၅ ဧက ကျယ်ဝန်းသော ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း၌ ရေပန်းရင်ပြင်၊ ရတနာပုံခေတ် သုဓမ္မာဇရပ်ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံး အဆောက်အအုံ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေ ဘုရားများ၊ မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့် ပုံစံတူတံတား၊ အဝင်မုခ်ဦးနှစ်ဆောင်၊ ဗုဒ္ဓဥယျာဉ် တော်မဟာရံတံတိုင်း၊ ရုပ်ပွားတော်တက် မင်္ဂလာမုခ်ဦးကြီးလေးစင်း၊ ယာဉ်ရပ်နားကွင်းနှင့် မိုးကြိုးလွှဲတိုင်များပါ ထည့်သွင်း တည်ဆောက်ထားသည်။
အလားတူစွာ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာတော်များ သပ္ပာယ်မျှတစွာ သီတင်းသုံးနိုင်မည့် မာရဝိဇယကျောင်းတော်ကိုလည်း ဆောက်လုပ် လှူဒါန်းထားသည်။
ယခုအခါ ဘုရားအရိပ်၊ ဓမ္မအရိပ်ဟု ဆိုအပ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထူးခြားတင့်တယ်သပ္ပာယ် ခမ်းနားစွာ ပေါ်ထွန်းလာပြီဖြစ်ရာ တိုင်းရင်းသားပြည်သူ အပေါင်းတို့အနေဖြင့် ကြုံလာခိုက်၌ ဖူးမြော်ကြည်ညိုအရိပ်ခိုရင်း အေးမြမှုကိုခံယူကာ ငါးမာရ်အောင်ခြင်းစသည့် အောင်ခြင်းမင်္ဂလာ အဖြာဖြာ ပြည့်စုံကြပါစေကြောင်း အကျိုးမျှော်၍ ရေးသားလိုက်ရပါသည်။ ။