မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက် ဖူးမြော်ကြည်ညို၊ အထူး စည်ကားများပြား

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက် ဖူးမြော်ကြည်ညို၊ အထူး စည်ကားများပြား

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၉

    ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့တွင်လည်း ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ ရှင်လူပြည်သူများသည် ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေးချမ်းသာ စွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ် ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး ကြည်ညိုသဒ္ဓါပွားများလျက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အနေဖြင့်  စက်တင်ဘာ ၃ ရက် အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်းနှင့် ယနေ့ရုံးပိတ်ရက် တွင် အနယ်နယ် အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက် ဖူးမြော်ကြည်ညိုကြရာ အထူးပင်စည်ကား များပြားလျက်ရှိကြောင်း သတင်းရရှိသည်။