တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ရွာများ၊ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၉
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာ ဒေသများသန့်ရှင်း သာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အပြင် ဝါတွင်းကာလအတွင်း ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူး မြော်နိုင်ရေးနှင့် တရားဘာဝနာများ အားထုတ်နိုင်ရေးတို့အတွက် ဘုရား၊ စေတီပုထိုး များ၊ ဘုန်းတော်ကြီးကျောင်းများ၌လည်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကေင်စီ နယ်မြေအတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်(၉)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်(၄)မြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၅)မြို့ နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၂)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၆)မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၁) မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြ သည်။
ထို့အပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိလူငယ်၊ လူရွယ်များစုစည်း၍ “မြို့ရွာ သန့်ရှင်း ရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း” စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ မန္တလေးပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်း အတွင်းနှင့် မြစ်ငယ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်း/ အပြင်တို့၌ စုပေါင်း အမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။