အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြဆောက်ဂိတ်နှင့် လမ်းခွဲပါက နည်းပြသစ်အဖြစ် ဝှိုက်မန်းကိုခန့်အပ်ရန် ပြင်ဆင်နေ
အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ရှိအင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်နှင့် လမ်းခွဲပါက အသင်းနည်းပြသစ်အဖြစ် လက်ရှိအင်္ဂလန်အမျိုးသမီး အသင်းနည်းပြ ဝှိုက်မန်းကို ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိ အင်္ဂလန်အသင်းနှင့် နည်းပြဆောက်ဂိတ် တို့သည် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းကတည်းက ဆောက်ဂိတ်အနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အသင်းနှင့် လမ်းခွဲဖွယ်ရှိနေခြင်းဖြစ်သည်။
အသက် ၅၃ နှစ်အရွယ် အင်္ဂလန်အမျိုးသမီး အသင်းနည်းပြ ဝှိုက်မန်းသည် ပရော်ဖက်ရှင်နယ် နည်းပြအဖြစ် ၂၀၁၅ ခုနှစ်က နယ်သာလန်အမျိုး သမီးအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
နည်းပြဝှိုက်မန်းသည် နယ်သာလန် အမျိုးသမီး အသင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် နယ်သာလန်အသင်း နှင့်လမ်းခွဲခဲ့ပြီး အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ အဖြစ် စတင်တာဝန်ယူ ထမ်းဆောင်ခဲ့သူဖြစ်ကာ နယ်သာလန်အသင်းကို တာဝန်ယူကိုင်တွယ်ရာတွင်လည်း ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယဆု၊ ယူရို ၂၀၁၇ ပြိုင်ပွဲတွင် ချန်ပီယံဆု တို့ကို ဆွတ်ခူးပေး နိုင်ခဲ့သူဖြစ်သည်။
နည်းပြဝှိုက်မန်းသည် အင်္ဂလန်အမျိုးသမီး အသင်းကို တာဝန်ယူကိုင်တွယ်ပြီးနောက် ယူရို ၂၀၂၂ ပြိုင်ပွဲ တွင်လည်း ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ကာ လက်ရှိ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အင်္ဂလန်အမျိုး သမီးအသင်းကို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် စွမ်းဆောင်ထားသည့် အတွက် အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က နည်းပြဝှိုက်မန်းကို အမျိုးသားအသင်း နည်းပြအဖြစ်ပါ ခန့်အပ်လိုနေကြောင်း သိရသည်။