ကိုယ်အလေးချိန်ကျအောင်ပြုလုပ်ခြင်း
မိမိအိမ်ပုံသဏ္ဌာန်နဲ့ အိမ်တွင်းထားသိုမှုတွေက ခန္ဓာကိုယ်ပုံစံနဲ့ဆက်စပ်မှုရှိနေပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် အိမ်တွင်းအပြောင်းအလဲတွေ ပြုလုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ အိမ်ရဲ့အလင်းရောင်ရရှိမှု အနေအထား၊ ဂီတနားဆင်မှု၊ အခန်းအပူချိန်၊ အစားအသောက်ထားသိုမှု၊ အခန်းအလှပြင်ဆင်မှုနဲ့ နေရာထားသိုမှု မှန်ကန်တာတွေက ခန္ဓာကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အခန်းအတွင်း အလင်းရောင်ကောင်းကောင်းရ သင့်ပါတယ်။ အလင်းရောင်နည်းပြီး မှောင်မည်းနေတဲ့ပတ်ဝန်းကျင်က အစားပိုစားစေတယ်လို့ ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အစာကိုမြန်မြန်စားတာကြောင့် များများစားမိစေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပါ လျော့နည်းစေပါတယ်။ နေ့ခင်းမှာ အလင်းရောင်ကောင်းကောင်းရအောင် တံခါးတွေဖွင့်ထားသင့်ပါတယ်။ အိမ်တွင်းမှာ အလှဆင်မီးတွေနဲ့ လှပအောင် အလှဆင်သင့်ပါတယ်။ အိမ်ဝန်းကျင်မှာရှိတဲ့ မှောင်ရိပ်ကျတဲ့ သစ်ပင်တွေကို ရှင်းလင်းသင့်ပါတယ်။
အစားအသောက်တွေကို သေချာစွာထားသိုသင့် ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို တစ်နေ့သုံးကြိမ် စားဖြစ်အောင် စားပါလို့ သုတေသီတွေကဆိုပါတယ်။ အစားအသောက် ထားသိုတဲ့အခါ မိမိမျက်စိနဲ့ မြင်တွေ့နိုင်တဲ့ နေရာတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေသာ ရှိနေသင့်ပါတယ်။ ရေခဲသေတ္တာနှစ်ခုထားသင့်ပါတယ်။ တစ်ခုက အစားအစာကုန်ကြမ်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်အတွက်ဖြစ်ပြီး တစ်ခုက ချက်ပြုတ်ပြီးသား အစားအစာတွေထားဖို့ ဖြစ်ပါတယ်။
အစာစားချိန်မှာ တေးဂီတဖွင့်ပြီးမှ စားသောက် သင့်ပါတယ်။ အများစုက အစားအသောက်ကိုဖြည်း ဖြည်းနှေးနှေးစားပြီး ကယ်လိုရီပမာဏကို လျှော့ချဖို့ ကြိုးစားကြတယ်။ အစားအသောက်ကို ဖြည်းဖြည်း နှေးနှေးစားတာက ကယ်လိုရီအပိုတွေ မစားမိအောင် လုပ်ဆောင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဒါပေမဲ့ အစာစားချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာကတော့ သိသူနည်းနေပါသေးတယ်။ အစာကို မိနစ် ၃၀ ကြာ စားသင့်ပါတယ်။ အစာစားဖို့ ထမင်းဝိုင်းထိုင်တဲ့အခါ မိမိစိတ်ကိုလျှော့ချပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျှော့ကာ ဖြည်းညင်းစွာ ထိုင်စားသင့်ပါတယ်။ ငြိမ့်ညောင်းတဲ့တေးဂီတသံကို သာယာနာ ပျော်ဖွယ်ဖြစ်အောင် ဖွင့်ထားသင့်ပါတယ်။ ဒါတွေက အစာစားတဲ့အခါ အမြန်စားမိတာကို ရှောင်ရှားစေနိုင်ပါတယ်။
အခန်းကို အပြာရောင်နဲ့ အလှဆင်သင့်ပါတယ်။ အဝါရောင်နဲ့ အနီရောင်တွေက အစာစားချင်စိတ်ကို လှုံ့ဆော်တာကြောင့် အစားပိုစားစေတယ်လို့ သုတေသီတွေကဆိုတယ်။ ဒါကြောင့် နိုင်ငံတကာ မက်ဒေါနယ်ဆိုင်တွေမှာ အဝါရောင်နဲ့ အနီရောင်တွေ ဆေးခြယ်ထားတတ်ပါတယ်။ အပြာရောင် ဆေးခြယ်ထားတဲ့အခန်းက အနီရောင်နဲ့ အဝါရောင်ဆေးခြယ်ထားတဲ့ အခန်းတွေထက် အစာစားချင်စိတ်ကို လျော့နည်းစေတာ တွေ့ရတယ်လို့ဆိုပါတယ်။ ထမင်းစားခန်းနဲ့ နံရံကို အပြာရောင်ဆေးခြယ်သင့်ပါတယ်။
အိမ်တွင်းအပူချိန်ကို လျှော့ချသင့်ပါတယ်။ အိမ် တွင်းမှာ အပူချိန်မြင့်နေတာက ခန္ဓာကိုယ်ကိုဝစေတယ်ဆိုတာ အံ့သြစရာပါပဲ။ အိမ်တွင်းမှာ အေးနေမယ်ဆိုရင် ခန္ဓာကိုယ်ကနေ အပူကိုထုတ်လွှတ်ပေးတယ်။ ဒီလို အပူကိုထုတ်လွှတ်ဖို့အတွက် ကယ်လိုရီတွေလောင်ကျွမ်းတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်တယ်။ အိမ်တွင်းမှာ အပူချိန်တွေများ နေမယ်ဆိုရင်တော့ စွမ်းအင်ထုတ်လွှတ်မှုလည်း မရှိနိုင်တော့ပါဘူး။ အိမ်တွင်းလေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်ပါတယ်။ ကိုယ့်အိမ်ခြံဝင်းအတွင်း အရိပ်ရအပင်တွေ စိုက်ထားသင့်ပါတယ်။ သဘာဝနည်း မဟုတ်တဲ့ လေအေးပေးစက်၊ ပန်ကာတွေလည်း အသုံးပြုနိုင်ပါတယ်။
အိမ်တွင်းမှာ သင်းပျံ့တဲ့ရနံ့တွေရရှိအောင် ဖန်တီး သင့်ပါတယ်။ သင်းပျံ့တဲ့ရနံ့က ကိုယ့်ကို ခါးသေးရင်ချီသူတစ်ဦးလို့ ဆိုနိုင်လောက်တဲ့အထိ မဖြစ်နိုင်ပေမယ့် စိတ်ကြည်နူးစေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ လန်းဆန်းတက်ကြွစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်။ အိပ်ရေးပျက်တာကိုလည်း ဆင်ခြင်သင့်ပါတယ်။ အိပ်ရေးပျက်ရင် အစားပိုစားလို့ အဝလွန်စေပါတယ်။
နေ့စဉ် နာရီဝက်မှတစ်နာရီ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ တီဗွီ ကြည့်ချိန်၊ ကွန်ပျူတာကြည့်ချိန်နဲ့ ဗီဒီယိုဂိမ်းကစားတာကို လျှော့ချပြီး တီဗွီကြည့်ချိန် အစားမစားသင့်ပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေးငယ်တွေက ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့အစာကိုပဲ စားတာ သို့မဟုတ် ကိုယ်အလေးချိန်အမြန်မြင့်တက်နေတာကို သတိထားမိရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်က နှေးကွေးသွားပြီး ခန္ဓာကိုယ်တွင်းအဆီပမာဏလည်း တဖြည်းဖြည်းမြင့်တက်လာစေပါတယ်။ လူကြီးတွေမှာ အဆီစုရင် ဝမ်းဗိုက်အလယ်ပိုင်းနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ အဆီစုတတ်တာကြောင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်က ပန်းသီးပုံ ဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ်အလယ်ပိုင်းမှာ အဆီစုတာဟာ အစားလွန်တာနဲ့ လှုပ်ရှားမှုမရှိတဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ပဲ ဖြစ်ပါတယ်။
အဝလွန်ခြင်းက ပိုလျှံတဲ့ခန္ဓာကိုယ်အဆီတွေစုပုံ လာပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်လာစေတဲ့ အတိုင်းအတာကိုရောက်ရှိလာတဲ့ ကျန်းမာရေးအခြေ အနေဖြစ်ကာ ယင်းကမှ သက်တမ်းတိုခြင်းနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ ဦးတည်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အရပ်နှိုင်းယှဉ်တိုင်းတာမှု၊ ခန္ဓာကိုယ်အလုံးအထည်ညွှန်းကိန်း(BMI) ဟာ ကိုယ်အလေးချိန်ကီလိုဂရမ်ကို အရပ်အမြင့် မီတာ(နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန်ထိန်းထားသင့်ပါတယ်။ ကိုယ်အလေးချိန်၂၅-၃၀ ကီလိုဂရမ်၊ စတုရန်းမီတာကြားရှိသူတွေကို ကိုယ်အလေးချိန်ပိုနေသူများ၊ အဝမလွန်ခင်လို့ သတ်မှတ်ကာ ၃၀ ကီလိုဂရမ်/စတုရန်းမီတာ ထက်ပိုသူတွေကို အဝလွန်သူလို့သတ်မှတ်တယ်။ ပုံမှန်(၁၈.၉-၂၄.၉) အတွင်းသာရှိသင့်ပါတယ်။
အဝလွန်ခြင်းက ရောဂါမျိုးစုံဖြစ်ပေါ်စေဖို့ လွယ် ကူပါတယ်။ နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချို၊ သွေးချိုရောဂါ၊ အိပ်နေစဉ်အသက်ရှူခက်ခဲခြင်း၊ တချို့ကင်ဆာအမျိုးအစားနဲ့ အရိုးအဆစ်တွေ ရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါတယ်။ အဝလွန်ခြင်းက တချို့သူများ မျိုးရိုးကြောင့် ဟော်မုန်းထုတ်ပေးတဲ့ အင်ဒိုခရိုင်း(နညိသခမငညန) စနစ်ကြောင့် ဆေးတွေ သောက်သုံးရခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နာမကျန်း ခြင်းတို့ကြောင့်ဖြစ်ရပေမယ့် အများစုက စားသောက် တဲ့အစာမှာ ကယ်လိုရီအလွန်အကျွံပါဝင်ခြင်း၊ ကိုယ် လက်လှုပ်ရှားမှုမရှိခြင်းနဲ့ မျိုးရိုးဗီဇအရ ဖြစ်လွယ်မှု တို့စုပေါင်းထားလို့ အဖြစ်များပါတယ်။ တချို့အဝလွန် သူတွေက အနည်းငယ်သာစားသောက်ပေမယ့် ကိုယ်အလေးချိန်တိုးရခြင်းက နှေးကွေးတဲ့ဇီဝဖြစ်စဉ်များ ကန့်သတ်ခံရခြင်း၊ ပျမ်းမျှအားဖြင့် အဝလွန်သူတွေက တိုးလာတဲ့ ကိုယ်ခန္ဓာအလုံးအထည်ကို ထိန်းသိမ်းဖို့ စွမ်းအင်လိုအပ်တာကြောင့် ပိန်တဲ့သူတွေထက် ပိုမို စွမ်းအင်သုံးစွဲရလို့ဖြစ်တယ်။
အစားအသောက်၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဟာ အဝလွန်ခြင်းအတွက် အဓိကကုသမှုဖြစ်တယ်။ စွမ်းအင်သိပ်သည်းတဲ့အစာဖြစ်တဲ့ သကြားပါဝင်မှုမြင့်တဲ့ အစာလျှော့စားခြင်းနဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာစားသုံးခြင်းကိုတိုးမြှင့်ပြီး အစာရဲ့အရည်အသွေး ကောင်းမွန်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ မအောင် မြင်မှသာ အဝလွန်ခြင်းမဖြစ်စေတဲ့ ဆရာဝန်ညွှန်းတဲ့ အဆီချဆေးတွေသောက်ဖို့လိုပါတယ်။
အရွယ်ရောက်သူနဲ့ ကလေးများကြားဖြစ်ပေါ်ပျံ့နှံ့ခြင်း တိုးပွားလာတဲ့အဝလွန်ရောဂါက ကမ္ဘာအနှံ့ မှာ ဦးဆောင်နေတဲ့ ကာကွယ်မှုပြုလုပ်နိုင်တဲ့ သေဆုံးမှုအကြောင်းတစ်ခုဖြစ်ပြီး အာဏာပိုင်တို့မှ ၂၁ ရာစုရဲ့အလွန်ဆိုးရွားတဲ့ လူထုကျန်းမာရေးပြဿနာများထဲမှ တစ်ခုအဖြစ် မှတ်ယူကြတယ်။ အဝလွန်ခြင်းကို ကျွေးနိုင်၊ မွေးနိုင်ခြင်းရဲ့ ပြယုဂ်တစ်ခုအဖြစ် အတိတ်ကာလကမှတ်တမ်းထားခဲ့ကြပြီး တချို့နိုင်ငံ တွေမှာတော့ ယနေ့ထက်တိုင် လက်ခံထားကြပါတယ်။
တကယ်တော့ အဝလွန်ခြင်းက နှလုံးသွေးကြောရောဂါ၊ အမျိုးအစား(၂) ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါတို့ရဲ့အခြေခံပဲဖြစ်တယ်။
ဒါကြောင့် အသက်ရှည်ကျန်းမာစေဖို့ မိမိခန္ဓာကိုယ်ကို အဝမလွန်စေအောင် ဂရုတစိုက်ထိန်းသိမ်း နေထိုင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်