ပြည်သူများနဲ့ တစ်သာတည်းချစ်ကြည် အမြဲထာဝရစည်းလုံးနေမည်
ဒီနေ့တော့ ရုံးပိတ်ရက်လေးလည်းဖြစ်တုန်း၊ လူကလည်းအားနေတုန်းဆိုတော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်မည်ဟု ဆုံးဖြတ်လိုက်သည်။
အွန်လိုင်းပေါ်မှာတော့ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဆီကို လာရောက်ဖူးမြော်သူ တွေမရှိဘူးလို့ကြားထားသည်။ သို့ပေသိ အွန်လိုင်းပေါ်က ပြောစကားများကို မိမိ အနေဖြင့် အပြည့်အဝမယုံကြည်။
ထို့ကြောင့်လည်း ဘယ်အရာမဆိုမျက်မြင်တွေ့ရမှ ယုံကြည်တတ်သူပီပီ မိမိအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီကို သွားရောက်ဖူးမြော်ပြီး အွန်လိုင်းနှင့်မြေပြင် တိုက်ဆိုင်စစ်ဆေးကြည့်မည်ဟု ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ ကိုသွားတဲ့လမ်းတစ်လျှောက်မှာတော့ ကားကြီးကားငယ် အသွယ်သွယ်ကို မြင်တွေ့ရ သည်။ ဒီအချိန်မှာ အွန်လိုင်းပေါ်က ပြောဆို မှုတွေမှားနေသည်ဟု ယုံကြည်ချင်လာသည်။
ရှေ့နားရောက်တော့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဆိုပြီး ရေးထိုးထားတဲ့ မုခ်ဦးကိုလှမ်း တွေ့လိုက်ရသည်။ မုခ်ဦးရှေ့ယာဉ်ရပ်နားကွင်း တစ်လျှောက်နဲ့ ပလက် ဖောင်းဘေးတစ်ဖက် တစ်ချက်စီမှာတော့ ကားတွေအစီအရီနဲ့ လွန်စွာမှ များပြားလှသည်။
ကားအများစုကလည်း လူများများလိုက်ပါပြီး ဘုရားဖူးခရီးထွက်လေ့ရှိသည့် ကားမျိုးများသာဖြစ်သည်။ သြော် သူတို့တစ်တွေက နယ်ဝေးကပင် လာရောက်ဖူးမြော်ကြတာပါလားဟုတွေးမိပြီး မြန်မာတို့ရဲ့သဒ္ဓါတရားကို အလွန်ပင်လေးစားသွားရသည်။
ဒီအချိန်မှာတော့ အွန်လိုင်းပေါ်ကပြော စကားတွေဟာ ကောလာဟလတွေပါလား၊ မြေပြင်အခြေအနေမှန် ကိုမသိဘဲ ပြောတဲ့သူတို့ရဲ့ မစ္ဆရိယစိတ်က သိပ်ကိုအကုသိုလ် ကြီးမားလှပါလားဟု တွေးမိတော့သည်။
အခုလို ကောလာဟလပြောသူတွေဟာ ရခဲလှတဲ့လူ့ဘဝမှာ ကောင်းမှုကုသိုလ်နဲ့ ပျော်မွေ့ရမယ့်အစား အကုသိုလ်နဲ့ပျော်မွေ့ နေကြတာပါလားလို့တွေးမိကာ သူတို့ကိုသနားသွားမိသည်။ ဒါပေမဲ့ ထားလိုက်ပါ လေ။ ဒီနေရာမှာ သူတို့အကြောင်းတွေးနေ၊ ပြောနေလို့ ဘာမျှထူးမည်မဟုတ်ပေ။
ဒီလိုနဲ့ လိုအပ်တဲ့လုံခြုံရေးစစ်ဆေးမှု တွေခံယူ၊ ဧည့်ဝင်ခွင့်ကတ်ကိုထုတ်လို့ လည်ပင်းမှာဆွဲကာ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဆီ သွားရောက်ဖူးမြော်လိုက်သည်။
ပြန်အဆင်းမှာတော့ မြတ်စွာဘုရားဟော ကြားတော်မူခဲ့သော ပိဋကသုံးပုံ ထာဝရ တည်တံ့ခိုင်မြဲစေရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားတော်များကို ကျောက်ထက်အက္ခရာ တင်ပြီး ပူဇော်ထားတဲ့ ကျောက်စာရုံစေတီ များဘက် ခြေဦးလှည့်လိုက်သည်။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်များကို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ရှေ့တူရူအရပ်မှာ တည်ထားပုံကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားသူများရဲ့ အသေးစိတ်စနစ်ကျမှု၊ စိတ်ကူးကောင်းမှုတို့ကို ချီးကျူးမိသည်။
ဒီလိုနဲ့ ကျောက်စာရုံစေတီများနဲ့ ကျောက်စာများကို လေ့လာပြီးသည့်နောက် ပြန်အထွက်မှာ ယာဉ်တန်းတစ်ခုက ဂေါပက ရုံးသို့ဝင်သွားသည်ကို တွေ့လိုက်ရသည်။ အကြီးအကဲထဲက မည်သူလာသည်ကိုတော့ မမေးမိပေ။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကာ ကျောက်စာရုံစေတီများကိုလေ့လာပြီးနောက် လူက ချွေးအနည်းငယ်ထွက်လာသည့်အတွက် ရေပန်းရင်ပြင်မှာထိုင်ပြီး အနားယူလိုက်သည်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလေ့လာ လိုက်သည်။ သာယာအေးချမ်းလှပေစွ။
ဘုရားဖူးလာပြည်သူများရဲ့ မျက်နှာများ ပေါ်မှာ အပြုံးတစ်ခုတည်းကိုသာ တွေ့ရ သည်။ အမုန်းတရားတို့မရှိ၊ အာဃာတတို့မရှိ၊ ပကတိအေးချမ်းသည့်အပြုံးမျိုးကိုသာ တွေ့ရသည်။
ဒီလိုနဲ့ဘုရားဖူးလာပြည်သူများရဲ့အပြုံး မျက်နှာကို လိုက်လံကြည့်ရှုအကဲဖြတ်နေ သည်မှာ မည်မျှကြာသွားသည်မသိ ဂေါပက ရုံးနဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ရင်ပြင်တော်ကြားမှာ လူတွေရုံးစုရုံးစုဖြစ် နေသည်ကိုတွေ့မှ အသိစိတ်ပြန်ကပ်လာ သည်။ ဘာများဖြစ်တာပါလိမ့်။
အကြောင်းရင်းမသိတော့ သိချင်တဲ့စိတ် ကြောင့် အပြေးတစ်ပိုင်းအရောက်သွားလိုက် သည်။ တွေ့လိုက်ရသည့်မြင်ကွင်းက ကိုယ့် မျက်စိကိုယ်မယုံနိုင်အောင်ပင်ဖြစ်သွားရ သည်။ ဦးဆောင်ဘုရားဒါယကာကြီးက ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ နှုတ်ဆက်နေတာပါကလား။
မိမိသိသလောက်ပြောရရင် နိုင်ငံတော် အကြီးအကဲများသည် လုံခြုံရေးအစောင့် အရှောက်များသည်။ ပြည်သူများနှင့် ယခု ကဲ့သို့ အနီးကပ်ပြောဆိုနှုတ်ဆက်ခြင်းသိပ်မရှိဟု ထင်ခဲ့မိသည်။ ယခုတော့ မိမိသိထားသည့်အသိက မှားနေမှန်းသဘောပေါက်သွားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဦးဆောင်ဘုရားဒါယကာဖြစ်တဲ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်နေတဲ့မြင်ကွင်းက မိမိသိထားသောအသိကို ပြောင်းပြန်လှန် ပေးလိုက်သလိုပင် ဖြစ်သည်။
ပြီးတော့စိတ်ထဲမှာလည်း တွေးလိုက်မိ သည်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ အခုလိုမျိုး ပြည်သူတွေနဲ့ တစ်သားတည်း စည်းစည်းလုံးလုံးရှိနေလို့သာ ဤမျှလောက်အထိ ကြီးကျယ်ခမ်းနားသပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ဗုဒ္ဓဥယျာဉ်တော်ကြီးကို တည်ထားနိုင်ခြင်း ဖြစ်လိမ့်မည်ဟုပင် ဖြစ်သည်။
ထိုဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း မည်သည့်အဆောက်အအုံများ ထပ်မံထွက် ပေါ်လာမည်ကို မသိရသေးသော်ငြား တည် ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်နေသည်ကိုတော့ တွေ့ရသည်။
ထိုအဆောက်အအုံများသည်လည်း ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ တခြား ကြောင့်တော့မဟုတ်။ နိုင်ငံတော်အကြီး အကဲနှင့်ပြည်သူများကြား ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိကာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုနဲ့အတူ စည်းစည်းလုံးလုံး ရှိမှုကြောင့်သာ ယခုကဲ့သို့ပြောနိုင်ခြင်းဖြစ်သည်။
ညကျရင်တော့ ရုပ်မြင်သံကြားကထုတ် လွှင်တဲ့ သတင်းလေးကြည့်ရပေဦးမည်။ နိုင်ငံတော်အကြီးအကဲက ဘယ်လိုအရေးကိစ္စ ကြောင့် အခုလိုလာရောက်သည်ကို သိချင်လှသည်။ ပြောနိုင်တာတစ်ခုက ကောင်း သောအကျိုးဖြစ်ထွန်းစေဖို့ရာကောင်းသော အကြောင်းကို လာရောက်ခြင်းပင်ဖြစ်နိုင်သည်။
ညနေလည်းစောင်းပေပြီ။ မိမိလည်းပြန်ရ ပေဦးမည်။ မုခ်ဦးကနေပြန်အထွက်မှာတော့ ဘုရားဖူးလာပြည်သူ အများအပြားကို မြင်တွေ့နေရဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာတို့၏ သဒ္ဓါတရားထက်သန်မှုကို စိတ်ထဲပင်ထပ်မံ ချီးကျူးမိပြန်သည်။
အိမ်ပြန်ရောက်တော့ ည ၇ နာရီထိုးပြီဖြစ်သည်။ ရေမိုးချိုး၊ ထမင်းစား၊ ဘုရား ဝတ်ပြုခြင်းအလုပ်ကို ခပ်မြန်မြန်လေးလုပ်လိုက်သည်။ ၈ နာရီသတင်းကြည့်ချင်သေးတာကိုး။
ည ၈ နာရီထိုးတော့ သတင်းလာပါပြီ။ နိုင်ငံတော်အကြီးအကဲရဲ့သတင်းကို နားထောင်ကြည့်ချိန်မှာတော့ ဦးဆောင်ဘုရား
ဒါယကာပီပီ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံ တော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်များကို ဦးဆောင်အကောင် အထည်ဖော်နေသည်မှာ ထင်ရှားလှသည်။
နိုင်ငံတော်အကြီးအကဲအနေနဲ့ ဒီကနေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီကို လာရောက်ဖူးမြော်မှုက ဘုရားဖူးဖို့သက် သက်လာရောက်ခြင်းမဟုတ်ဘဲ ရုပ်ပွားတော် မြတ်ကြီးနှင့်အတူ သာသနိကအဆောက် အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်ကို တွေ့ရသည်။
ဦးဆောင်ဘုရားဒါယကာ၏ ဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်တချို့ကို ကောက်နုတ်ပြရလျှင် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း၊ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ် စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်း များကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် ပျက်စီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲမှအစ အလေးထားထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စကျင်ကျောက်များဖြင့် ထုဆစ်ထားခြင်းဖြစ်သဖြင့် အမြဲသန့်ရှင်းမှုများရှိစေရေး ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့် ပစ္စည်းများကိုလည်း အရန်ထားရှိ၍ လိုအပ်သည့် အချိန်တွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောကြားသွားသည်ကို တွေ့ရသည်။
ဟုတ်ပါသည်။ အရာဝတ္တုတစ်ခုကို တည်ဆောက်ဖို့ရာလွယ်ကူသည်။ ထို့ထက် ပျက်စီး အောင်လုပ်ခြင်းက ပို၍လွယ်ကူသည်။ အခက် ဆုံးမှာ ထိုအရာရေရှည်တည်တံ့နေအောင် ထိန်းသိမ်းခြင်းပင်ဖြစ်သည်။
ထို့ကြောင့်လည်း ဦးဆောင်ဘုရားဒါယ ကာကြီးက ပြည်သူလူထုအားနဲ့စုပေါင်း တည်ထားခဲ့ရတဲ့ ဘုရားကြီးနှင့်တကွ သာသနိကအဆောက်အအုံများ ပျက်စီးမှု မရှိရလေအောင် စနစ်တကျမှာကြားနေခြင်း ဖြစ်ဟန်တူသည်။
ဒီလိုမျိုး ပြုပြင်ထိန်းသိမ်းမှုများလုပ် ဆောင်နိုင်ရန်ဆိုသည်မှာလည်း လုပ်အားတစ်ခုတည်းနှင့်မရပါ။ ငွေအားလည်း လိုအပ်သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး ဦးဆောင်ဘုရားဒါယကာကြီး၏ လမ်းညွှန်မှာကြားချက် များအနက် အချက်တစ်ချက်ကိုတွေ့လိုက် ရပါသည်။
ထိုအချက်ကား ရဟန်းသံဃာများ၊ သီလ ရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့် ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ဘုရား ကြီးတည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်ငွေကြေး များရရှိရေး စက်တင်ဘာ ၃ ရက်နောက် ပိုင်းတွင် ဝင်ကြေးငွေကောက်ခံသွားမည် ဖြစ်ကြောင်း၊ ရရှိသည့်အခြေအနေအပေါ် မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ဟူသည့်အချက်ပင်ဖြစ်သည်။
ထိုအချက်များကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်အကြီးအကဲ၏ စေတနာနှင့် စနစ် တကျစီမံဆောင်ရွက် တတ်မှုတို့ကို မြင်တွေ့လိုက်ရသည်။
ထို့ပြင် အဘက်ဘက်မှ ပြုပြင်ထိန်းသိမ်းမှုများနဲ့ ဘုရားဖူးလာပြည်သူများ စိတ်အေး ချမ်းသာစွာ ဘုရားဖူးနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမယ့် ဂေါပကအဖွဲ့ ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစည်းအဝေး မှာပြောကြားသွားသည်ကိုလည်း တွေ့ရ သည်။
မိမိအနေနဲ့ကတော့ ဦးဆောင်ဘုရား ဒါယကာကြီးရဲ့လုပ်ဆောင်မှုတွေကိုကြည့် ခြင်းအားဖြင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် အသေးစိတ်ကျကျ စီစဉ်ဆောင်ရွက်နေသည်ဟုပင် ထင်မြင်မိပါသည်။
သတင်းကြေညာမှုအစီအစဉ်ပြီးသွားချိန်မှာတော့ မိမိအနေနဲ့ အိပ်ရာထက်မှာ လဲလျောင်းရင်း အတွေးနယ်ချဲ့ နေမိပါတော့ သည်။ ထိုအတွေးကား တခြားတော့မဟုတ်။
အခုလိုမျိုး နိုင်ငံတော်အစိုးရအကြီးအကဲများနဲ့ ပြည်သူများကြားမှာ တစ်သားတည်းဖြစ်သော ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးမှုက ဆက်လက်တည်ရှိနေမည်ဆိုလျှင် မိမိတို့ မြန်မာနိုင်ငံသည်လည်း အမျိုး၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရာဗဟိုချက် အဖြစ်သို့ရောက်ရှိကာ သိပ်မကြာခင်အချိန်မှာ ကမ္ဘာ့အလယ် တင့်တယ်စွာရပ်တည်လာနိုင်မည့် အတွေးပင်ဖြစ်ပေတော့သည်။ ။
အောင်ငြိမ်းချမ်း