ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ
နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၀
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက် နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော် ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထော ပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်များ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ စားသောက်ကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချ ပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစု များက တစ်ခဲနက်ဝယ်ယူ အားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ် နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။