မာရဝိဇယဗုဒ္ဓရှင်တော် မြတ်ဘုန်းမော်
စာရေးသူအတွက် အမှတ်တရရှိစေခဲ့သည့်နေ့ရက်တို့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ပွဲရက်ဖြစ်သည့် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီဖြစ်သည်။ စာရေးသူကဲ့သို့ပင် ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို စိတ်ဝင်တစား စောင့်မျှော်ပူဇော်နေကြသည့် ပြည်သူအများစုတို့အတွက်လည်း အမှတ်တရဖြစ်စေမည့် နေ့ရက်ထူးပင်ဖြစ်နေပေလိမ့်မည်။
ယခုရက်ပိုင်းတွင်မှ တစ်နေ့ထက်တစ်နေ့ ပိုမိုသိပ်သည်းလာသည့် မိုးတိမ်နိမ့်များကြောင့် နေပြည်တော်တစ်ခွင်၌ နေရောင်ပင် တစ်နေကုန်မမြင်ရလောက်အောင် မိုးရိပ်တို့ဆင်နေခဲ့သည်။ မိုးမရွာပါစေနှင့်ဟု အတွင်းစိတ်မှအလိုလိုဆုတောင်းနေမိသော်လည်း ညဦးပိုင်းက မိုးအနည်းငယ် ရွာထားခဲ့သည်။ တာဝန်အရ စာရေးသူအိမ်မှထွက်လာသည့် နံနက် ၃ နာရီအချိန်၌ မိုးစက်မိုးပေါက် ပိုမိုကျဆင်းနေခဲ့သည်။ သို့သော်လည်း နတ်ဒေဝတာတို့အစွမ်းသိဒ္ဓိဖြင့် မိုးမရွာအောင် တားဆီးပေးကြလေမည်ဟုလည်း စိုးရိမ်စိတ်များကြားမှ အားကိုးတကြီးဖြင့် မျှော်လင့်နေမိသည်။
ထူးဆန်းစွာပင် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူသည့် ဥယျာဉ်တော်ကြီးနှင့် နီးသည်ထက် နီးလာချိန်၌ စောစောက အဆက်မပြတ်ရွာကျလျက်ရှိနေသည့် မိုးသီးမိုးပေါက်တို့ တဖြည်းဖြည်းစဲလာခဲ့သည်။ အဝင်မုခ်ဦးသို့ရောက်ရှိချိန်၌မူ အမှုန်အမွှားမျှသာ ကျနေခဲ့သည့်မိုးရိပ်တို့မှာ ထူးဆန်းစွာပင် တိတ်ဆိတ်သွားခဲ့သည်။
မကြာမီပင် အရုဏ်ဦးအချိန် အလင်းရောင်များနှင့်အတူ ရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တော်တစ်ဝိုက်၏ မြင်ကွင်းပုံရိပ်မှာ ကြည်ကြည်လင်လင်ပင် ထွက်ပေါ်လာသည်။ လမ်း၌စာရေးသူ တွေ့ကြုံခဲ့ရသော မိုးစက်မှုန်တို့မှာ မိုးသားပွင့်အမှုန်အမွှားများအဖြစ် ရုပ်ပွားတော်မြတ်ကြီးအား ဝဲပျံလွင့်မျော ပူဇော်နေကြသည်ကို ထွန်းညှိပူဇော်ထားသည့် မီးဆလိုက်များ၏ အလင်းရောင်တွင် ဆန်းပြားစွာတွေ့မြင်နေရသည်။ အခမ်းအနားစတင်မည့် အချိန်နီးကပ်လာသည်နှင့်အမျှ ရာသီဥတုမှာ ပိုမိုသာယာလာသည်ကို တွေ့ရသဖြင့် အတိုင်းမသိ ကျေနပ်ပီတိဖြစ်ရပါတော့သည်။
မင်္ဂလာအချိန်၌ ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားအစီအစဉ်အရပ်ရပ်ကို ရုပ်မြင်သံကြားအစီအစဉ်များတွင် အများပြည်သူများတိုက်ရိုက်ပူဇော်ရှုမြင်ခဲ့ကြရသကဲ့သို့ ရာသီဥတု သာသာယာယာဖြင့် အောင်အောင်မြင်မြင် ခမ်းခမ်းနားနား ပူဇော်ခွင့်ရခဲ့ကြသည်။ ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ နိုင်ငံတော် သြဝါဒါစရိယနှင့် အဓိပတိဆရာတော်ကြီးများအမှူးပြုသည့် ပြည်တွင်းပြည်ပမှ ဆရာတော်သံဃာတော် အပါး ၉၀၀၊ သာသနာနွယ်ဝင် သီလရှင်ဆရာကြီး အပါး ၂၀ တို့ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ရုပ်ပွားတော်မြတ်ကြီးအား ကမ္ဘာ့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများမှသံဃာတော်အရှင်မြတ်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော်ခြောက်ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော် ၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာတော် ၁၀ ပါး၊ လာအိုနိုင်ငံမှ သံဃာတော် ခြောက်ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော် ၁၁ ပါးနှင့် အိန္ဒိယနိုင်ငံမှ သံဃာတော်ငါးပါးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်း ပူဇော်ကြစဉ် ရာသီဥတုမှာလည်း ကြိုတင်မျှော်မှန်းထားသည်ထက်ပင် ပိုမိုသာယာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်
ခဲ့ရသည်။ နိုင်ငံစုံမှ ဘာသာစကား လေယူလေသိမ်းမတူကြသော သံဃာတော်များ၏ နှုတ်တော်တို့မှ ဘုရားဟောပါဠိတော်များကို တညီတညာတည်း ရွတ်ဆိုပူဇော်နေကြသည်ကို ဖူးတွေ့ရသည်မှာ တရားတော်၏ဂုဏ်အထူးကို အံ့သြမကုန် ကြည်ညိုစိတ်ဖြစ်ခဲ့ရသည်။
ဤသည်မှာ ကြုံရခဲ၊ ဖူးရခဲ၊ တွေ့ရခဲလှသော ကြုံတောင့်ကြုံခဲကုသိုလ်ထူးအဖြစ်လည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ရသည်။
ထို့ကြောင့်ပင် ကမ္ဘာ့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများမှ သံဃာတော်အရှင်မြတ်များကြွရောက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းပူဇော်ခြင်းပြုကြသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်း အကြိမ်ကြိမ်ဦးခိုက်မိခဲ့ရသည်။
ရာသီဥတု ဆိုးရွားနေမှုအပေါ် အောင်မြင်တော်မူခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘုန်းတန်ခိုး အာနုဘော်တော်အား ပူဇော်မဆုံး ရှိနေစဉ်အခိုက်တွင် စာရေးသူ လေ့လာမှတ်သားခဲ့ဖူးသည့် မိုးကြီးကိုးမျိုးအကြောင်းကို ပြန်လည်အမှတ်ရလာမိသည်။ သုံးလောကထွတ်ထား ဗုဒ္ဓဘုရားရှင်ဘုရားအဖြစ်သို့ ရောက်တော်မူအံ့ဆဲကာလ ဗောဓိပင်နှင့်ရွှေပလ္လင်၌ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် ဟန့်တားဖျက်ဆီးလိုသည့်မာရ်နတ်မင်းက ပစ်လွှတ်တိုက်ခိုက်ခဲ့သော မဟာအဓိဋ္ဌာန်ဗုဒ္ဓဝင်ဓမ္မကွန်တော် လာ မိုးကြီးကိုးမျိုးဖြစ်သည်။ ယင်းတို့မှာ ဝါတ ခေါ် လေပြင်းမိုးကြီး၊ ဝဿ ခေါ် မိုးသီးမိုးပေါက်မိုးကြီး၊ ပါသာဏ ခေါ် ကျောက်ခဲမိုးကြီး၊ ပဟရဏ ခေါ် လက်နက်မိုးကြီး၊ အင်္ဂါရ ခေါ် မီးကျီးခဲမိုးကြီး၊ ကုက္ကုဋ္ဌ ခေါ် ပြာပူမိုးကြီး၊ ဝါလုကာ ခေါ် သဲပူမိုးကြီး၊ ကလလ ခေါ်ညွန်ပုပ်မိုးကြီး၊ အန္ဓကာရဝုဋ္ဌိဟိ ခေါ် တစ်ခဲနက်သော အမှောင်ထုမိုးကြီးတည်းဟူသော မိုးကြီးများဖြစ်သည်။
မာရ်နတ်မင်းက ကြောက်မက်ဖွယ်ကောင်းသော မိုးကြီးကိုးမျိုးဖြင့် ပစ်လွှတ်တိုက်ခိုက်သော်လည်း ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူအံ့ဆဲဆဲ ဘုရားလောင်းက ဗောဓိပင်နှင့်ရွှေပလ္လင်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ်ကပင် မဟာပထဝီမြေကြီးအား လက်ဖျားတော်နှင့် တို့ထိသစ္စာပြု၍ အောင်မြင်တော်မူခဲ့ခြင်းဖြစ်သည်။
မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သည့် ထိုလက်ဟန်အနေအထားကိုပင် ဘူမိဖဿမုဒြာဟု ပူဇော်ခေါ်ဆိုကြသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်ဟန်တော်အနေအထားသည်လည်း ဘူမိဖဿမုဒြာ ဖြစ်ပေရာ အနှောင့်အယှက်အဖျက်ရန် အပေါင်းတို့ကို အောင်မြင်တော်မူမည့် အတိတ်နိမိတ်ပင် ဖြစ်သည်။
ကမ္ဘာ့ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများမှ သံဃာတော်များ ဤသို့ဤနှယ်ဖြင့် ကြွရောက်ပူဇော်ခဲ့ကြသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားရာ၌ တွေ့ကြုံခဲ့ရသည့် အခက်အခဲများစွာကိုလည်း ပြန်လည်အမှတ်ရနေမိခဲ့သည်။ အထူးသဖြင့် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုအတွက် အချို့အချို့သော မလိုတမာသူအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အသီးသီးတို့၏ ဝေဖန်ပုတ်ခတ် နှောင့်ယှက်မှုများစွာကို ကျော်ဖြတ်ခဲ့ရသည်။ ဤယနေ့အထိတိုင်ပင် ဝေဖန်ပုတ်ခတ်နှောင့်ယှက်မှုအမျိုးမျိုးကို ပြုလုပ်နေကြဆဲဖြစ်သည်။ သို့သော်လည်း ခုနစ်ရက်သားသမီးအလှူရှင်ဒါယကာ၊ ဒါယိကာမများ၏ ထက်သန်ပြင်းပြသော စေတနာသဒ္ဓါစွမ်းအား၊ မေတ္တာအား၊ ငွေအား၊ လူအား၊ ပညာအားတို့ဖြင့် ကုသိုလ်တော် ပါဝင်အားထုတ်ကြိုးပမ်းကြမှုတို့ကြောင့် အခက်အခဲများ၊ ဝေဖန်နှောင့်ယှက်တိုက်ခိုက်မှုများ အားလုံးတို့အပေါ် အောင်မြင်အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။
ယနေ့အချိန်တွင် ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကတည်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူတို့မှ လာရောက်ဖူးမြော်လျက်ရှိကြသည်ကို တွေ့ရှိရသည်။ စာရေးသူကိုယ်တိုင်လည်း အကြိမ်ကြိမ်ဖူးမြော်ခွင့်ရခဲ့ပါလျက် ဖူးမဝဖြစ်ရသည့်အတွက် ထပ်မံ၍ လာရောက်ဖူးမြော်မိပြန်ပါသည်။ လက်ရှိအချိန်တွင်လည်း ညပိုင်းအချိန်များ၌ သဲသဲတစ်ဖုံဖွဲဖွဲတစ်လှည့် မကြာခဏ ရွာသွန်းလေ့ရှိသောမိုးမှာ ဘုရားဖူးများလာရောက်ဖူးမြော်နေကြချိန် အများစုတွင် ရာသီဥတုသာယာလျက်ရှိသည်ကသာ ပို၍များသည်ကို အံ့သြဖွယ်ရာတွေ့ရှိရသည်။
တစ်ခါတစ်ရံ၌ သဲသဲမဲမဲရွာချနေတတ်သောမိုးနှင့်အတူ စာရေးသူ၏ စိတ်အစဉ်မှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓါဘိသိက်သွန်းပူဇော်ပွဲနေ့ဆီသို့ ပြန်လည်ရောက်ရှိသွားတတ်သည်။ ထိုနေ့ရက်တွင် နေပြည်တော်တစ်ခွင်၌ မိုးသားမိုးသက်များ ထူထပ်သိပ်သည်း လျက်ရှိသဖြင့် စာရေးသူအပါအဝင် ဗုဒ္ဓသာသနာတော်ကို မြတ်နိုးယုံကြည်ကြသူများနှင့် အများပြည်သူတို့မှာ မိုးကြောင့်စိုးရိမ်ပူပန်စိတ်ဝင်မိခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော်လည်း မာရ်နတ်မင်း၏ မိုးကြီး ကိုးမျိုးကို အောင်မြင်တော်မူခဲ့သော ဗုဒ္ဓရှင်တော်၏ ဘူမိဖဿမုဒြာဟန် ရုပ်ပွားတော်မြတ်ကြီး၏ တန်ခိုးတေဇော်အာနုဘော်ကြောင့်လည်းကောင်း၊ လုပ်အား၊ ပညာအားတို့ကြောင့်လည်းကောင်း၊ ဒါနပါရမီရှင်များ၏ ထက်သန်သော သဒ္ဓါတရားဖြင့် ကုသိုလ်တော်ပါဝင်လှူဒါန်းမှုကြောင့် လည်းကောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကုသိုလ်ယူခွင့် ရလိုကြသည့် နတ်သူတော်ကောင်း၊ လူသူတော်ကောင်း အများပြည်သူတို့၏ စေတနာသဒ္ဓါတရားကြောင့် လည်းကောင်း ဤယနေ့အချိန်၌ ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်ခြင်း ကိစ္စအ၀၀အား အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။
ထို့ကြောင့်ပင် အခက်အခဲအတားအဆီး အမျိုးမျိုးကို အောင်မြင်စွာဖြတ်ကျော်လျက် ထူးခြားဆန်းကြယ်စွာ ပွင့်ထွန်းလာတော်မူခဲ့သော ကမ္ဘာ့အမြင့်ဆုံး၊ ထုထည်အကြီးမားဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရှင်တော် မြတ်ဘုန်းမော် စကျင်ကျောက် ရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အများပြည်သူတို့ အခမဲ့ဖူးမြော်ကြည်ညိုနိုင်ရန် ခွင့်ပြုထားပါကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးအနီးတွင် လာရောက်ဖူးမြော် ကြည်ညိုနိုင်ကြပါကြောင်း ရေးသားနှိုးဆော်လိုက်ရပါသည်။ ။
မင်းထွဋ်ခေါင်(ရာမည)