လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို) များ
ဆရာကြီးခင်ဗျာ။ ကျွန်တော်က ခေါင်းငုံ့ပြီး စာရေး၊ ပုံဆွဲရတဲ့အလုပ်လုပ်ပါတယ်။ ဇက်ကြောတက်လို့ဆိုပြီး ဆံပင်ညှပ်ဆိုင်က ခေါင်းညှပ်ပြီးနှိပ်ပေးလိုက်တာ အုံးလွဲသလိုဖြစ်နေပါတယ်။ ရေကို လက်ခုပ်နဲ့ယူပြီး ဇက်ပိုးကိုရိုက်ပေးဆိုလို့ ရိုက်ပေးတာလည်း မသက်သာပါဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်။
ဇက်ကြောတက်တာကို နှိပ်လိုက်တာ အခန့်မသင့် လို့ လက်ပြင်ကြောအထိ ရောင်သွားတယ်ထင်ပါတယ်။ ခေတ္တအနားယူပါ။ ခေါင်းငုံ့အလုပ်လုပ်သူ၊ စာရေး၊ စာဖတ်များသူတွေအနေနဲ့ ဇက်ခိုင်တောင့်တင်းတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဒါကို အနှိပ်မခံရပါဘူး။ နှိပ်မှာစိုးလို့ ရှေးလူကြီးတွေက မျက်နှာသစ်ရင် ရေကိုလက်ခုပ်နဲ့ယူပြီး ဇက်ပိုးကိုရိုက်ပေးပါက ဇက်ကြောတက်တာသက်သာစေတယ်လို့ဆိုကြပါတယ်။ ဇက်ခိုင်တောင့်တင်းတဲ့ရောဂါအတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုပေးပါ။
၁။ ပရုတ်ဆီ၊ လေးညှင်းဆီ၊ မင်သော်ဆီတို့ကို ပျားဖယောင်းနဲ့ရောကျိုပြီး ဇက်ကိုလိမ်းပေးပါ။
၂။ ဇက်ခိုင်တောင့်တင်းနေပါက ဆားခါးကို ရေနွေး နဲ့ဖျော်ပြီး မျက်နှာသုတ်ပဝါကိုစိမ်၊ ရေညှစ်ပြီး ဇက် ပေါ်မှာတင်ရင် ချက်ချင်းသက်သာစေပါတယ်။
၃။ ဇက်လေးနေရင် မုန်ညင်းဆီနဲ့ နှမ်းဆီကို တစ်မျိုးစီဖြစ်စေ၊ ရောစပ်ပြီးဖြစ်စေ အပူပေးပြီး လိမ်းပေးရင် ဇက်လေးတာသက်သာစေပါတယ်။
၄။ ဇက်လှည့်မရဘဲ အုံးလွဲနေရင် မုန်ညင်းဆီကို အပူပေးပြီး ဇက်နဲ့လက်ပြင်မှာလိမ်းပါ။ ကြပ်ထုပ်ရှိရင် ကြပ်ထုပ်ထိုးပေးပါ။ မရှိရင် ဆားကို ပိတ်စနဲ့ထုပ် ရေနွေးငွေ့ခံပြီး ဆားကြပ်ထုပ်ထိုးပေးပါ။ နှိပ်တာကအခန့်မသင့်ရင် အကြောရောင်နိုင်တဲ့အတွက် အနှိပ် မခံပါနဲ့။
၅။ ကလေးငယ်တွေ လက်ပြင်ငုပ်ရင် ကွမ်းရွက်ကို မီးကင်ပြီး ဇက်နဲ့လက်ပြင်ကို ကပ်ပေးရင် သက်သာစေပါတယ်။
၆။ ဗာဒံရွက်ကိုမီးကင်ပြီး ဇက်ကြောတင်းတဲ့နေရာ မှာ ကပ်ပေးပါ။
၇။ ကြေးဇွန်းကို မုန်ညင်းဆီသုတ် မီးကင်ပြီး ဇက်ကြောတက်တဲ့နေရာမှာ ကပ်ပေးပါ။ ကြေးဖလားကို မီးကင်ပြီး ကပ်ပေးရင်လည်းရပါတယ်။
၈။ လက်မနဲ့ လက်ညှိုးခွကြားမှာရှိတဲ့ ကြွက်သားကို ကျန်လက်တစ်ဖက်ရဲ့ လက်ညှိုး၊ လက်မနဲ့ ကိုယ်တိုင်နှိပ်ပေးရင် ဇက်ကြောတင်းတာကို သက်သာစေပါတယ်။
၉။ ဇက်ကြောတက်ခြင်း၊ အုံးလွဲခြင်း၊ လက်ပြင်ကပ် ခြင်း၊ ကျီးပေါင်းတက်ခြင်းတို့အတွက် အကောင်းဆုံး နည်းကတော့ မိဿလင်အခြောက်မှုန့်ကို ပိတ်စနဲ့နှစ်ထပ်ထုပ်ပြီး လက်သီးဆုပ်ခန့် အထုပ်ပြုလုပ်ပါ။ ရေနွေးငွေ့နဲ့ အငွေ့ခံအပူပေးပြီး ကြပ်ထုပ်ထိုးပေးပါ။ ကြပ်ထုပ်ထိုးရာမှာ အရေပြား အပူမလောင် စေဖို့အတွက် မုန်ညင်းဆီ သို့မဟုတ် နှမ်းဆီကို လိမ်းပြီးမှ ခံနိုင်သလောက် ခပ်နွေးနွေးဖိပြီးထိုးပေးရင် သက်သာစေပါတယ်။ ကြပ်ထုပ်တစ်ကြိမ်ထိုးရင် မိနစ် ၂၀ ထက် ပိုမထိုးပါနဲ့။
ဆရာကြီးခင်ဗျာ။ ဇက်ကျီးပေါင်းရောဂါအတွက် လိမ်းဆေး၊ သောက်ဆေးရှိပါသလား။ တစ်ခါအနှိပ် ခံဖူးတာ မသက်သာဘဲ ခုနစ်ရက်လောက် ဇက်ခိုင် သွားဖူးပါတယ်။ ကျီးပေါင်းရောဂါအတွက် ဆေးနည်း ကောင်းရှိရင် သိလိုပါတယ်ခင်ဗျာ။
ကျီးပေါင်းရောဂါက အမျိုးမျိုးရှိပါတယ်။ ဇက်ကျီးပေါင်း၊ ခါးရိုးဆစ်ကျီးပေါင်း၊ ဒူးဆစ်ကျီးပေါင်း၊ ဖနောင့် အတက်ထွက်ကျီးပေါင်းဆိုပြီးရှိပါတယ်။ ကျီးပေါင်းရောဂါကို ကုသရာမှာ လိမ်းဆေး၊ သောက်ဆေးသုံးရုံနဲ့
မပျောက်ကင်းနိုင်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အကြောပြင်ခြင်း၊ အနေအထိုင်ဆင်ခြင်ခြင်း စတာတွေ ပြုလုပ်မှ ရေရှည်မှာ တဖြည်းဖြည်းသက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ ကျီးပေါင်းရောဂါက တစ်ပွဲတိုးဆေး တစ်မျိုးတည်းနဲ့ တစ်ခါကောင်းကုတာနဲ့ ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ရောင်းတမ်းဆေးတွေကို အားကိုးလို့မရသလို အနှိပ်သည်အားကိုးလို့လည်း မရပါဘူး။ နည်းမှန်လမ်းမှန် စိတ်ရှည်ရှည်နဲ့ နှစ်ရှည်ကုသဖို့လိုပါတယ်။ ဇက်ကျီးပေါင်းရောဂါက ခေါင်းငုံ့အလုပ်လုပ်ရတဲ့သူ၊ စာရေးစာဖတ်သူတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ဇက်ကျီးပေါင်းရောဂါကို လတ်တလောသက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
၁။ ကျီးပေါင်းဖြစ်နေတဲ့ ဇက်ပိုးကို သင်္ဘောရွက် အနုကို ပျော့အောင်ရေနွေးစိမ် သို့မဟုတ် မီးကင်ပြီး ကပ်ပေးရင် သက်သာစေပါတယ်။
၂။ ဇက်ကျီးပေါင်းရောဂါကြောင့် လက်ပြင်ငုပ်ပြီး လက်တစ်လျှောက် ကျဉ်တာခံစားရရင် တောရှောက်မြစ်၊ ဝံအူမြစ်၊ ထင်းရှူးဆီတို့ကို သွေးလိမ်းပေးရင် သက်သာစေပါတယ်။
၃။ ကျီးပေါင်းဖြစ်နေတဲ့ ဇက်ပိုးမှာ အရိုးအဖုထွက်နေရင် ဇက်ကို မုန်ညင်းဆီလိမ်း၊ ရဲယိုရွက်ကိုမီးကင်ပြီး ကပ်ပေးရင် သက်သာစေပါတယ်။
၄။ ကျီးပေါင်းတက်ခေါင်းကိုက်ဖြစ်ရင် ချင်းခြောက် အမှုန့်နှစ်ဆ၊ လင်းနေမြစ်အမှုန့်တစ်ဆရောစပ်ပြီး ရေနွေးပူပူနဲ့ဖျော်ပြီး လိမ်းပေးရင် သက်သာစေပါတယ်။
၅။ ကျီးပေါင်းကြောင့် ဇက်ကြောတက်ရင် နနွင်းမှုန့်၊ သက်ရင်းကြီးအမြစ်မှုန့်၊ နလင်ကျော်အခေါက်မှုန့်တို့ ကို မီးကျီးခဲပေါ်ဖြူးပြီး မှိုင်းရှူပေးရင် သက်သာစေ နိုင်ပါတယ်။
၆။ ပရုတ်ဆီ သို့မဟုတ် ပရုတ်ခဲကို ကြွေပန်းကန်မှာထည့်ပြီး ရေနွေးပူပူလောင်းထည့်၊ အငွေ့ကို ရှူရှိုက် ပေးရင် ကျီးပေါင်းကြောင့်ခေါင်းမူးခြင်းကို သက်သာစေပါတယ်။
၇။ ကျီးပေါင်းရှိတဲ့နေရာနဲ့ ဇက်၊ လက်ပြင်တစ်ဝိုက်တင်းပြီး ကိုက်ခဲနေရင် သံပရာသီးကို အလုံးလိုက် မီးကင်ပြီး ဇက်နဲ့လက်ပြင်ကို လှိမ့်ပေးရင် သက်သာစေပါတယ်။
၈။ ကိုယ်ရံကြီးဂမုန်းကို ပျော့အောင်မီးကင်၊ နှမ်းဆီသုတ်ပြီး ဇက်နဲ့လက်ပြင်မှာ ကပ်ပေးပါ။
၉။ ဆားခါးကို လက်သီးဆုပ်ခန့် အထုပ်ပြုလုပ်ပြီး ကျီးပေါင်းရှိတဲ့နေရာကို ကြပ်ထုပ်ထိုးပေးပါ။
၁၀။ ချင်းတက်ကို ပါးပါးလှီးပြီး လက်ပြင်နဲ့ ဇက် ကြောတင်းတဲ့နေရာတွေမှာ ကပ်ထားပါ။ တစ်နာရီလောက်ကပ်ထားရင် ချင်းအရောင်ပြောင်းသွားပြီး အလိုအလျောက်ကွာကျပါလိမ့်မယ်။
၁၁။ မိဿလင်ဥအစိုကို ထုခြေပြီး ကျီးပေါင်းအဖု ရှိတဲ့နေရာမှာ အုံပေးရင် ကျီးပေါင်းကြောင့် ကိုက်ခဲ တာတွေ သက်သာစေနိုင်ပါတယ်။
၁၂။ ကျီးပေါင်းကြောင့် လက်ပြင်ငုပ်ရင် သို့မဟုတ် ဇက်ခေါက်အိပ်မိပြီး လက်ပြင်ငုပ်ရင် (ကျေးလက်နည်း) အုတ်နီခဲကို မီးဖုတ်ပြီး ရေအေးမှာစိမ်၊ ထွက်လာတဲ့အငွေ့ကို လက်ပြင်ငုပ်တဲ့နေရာ အနီးတစ်ဝိုက်မှာ အငွေ့ခံပေးပါ။ လက်ပြင်ငုပ်တာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၁၃။ အာလူးအစိမ်းကို ရေမဆေးဘဲ အကွင်းလိုက် ပါးပါးလှီးပြီး ဇက်နဲ့လက်ပြင်တစ်ဝိုက်မှာ ကပ်ပေးရင် အကြောတက်ခြင်း၊ ကိုက်ခဲခြင်း၊ လက်ပြင်ငုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။
၁၄။ ဇက်ကျီးပေါင်း၊ ခါးရိုးဆစ်ကျီးပေါင်းဖြစ်လို့ ညောင်းညာကိုက်ခဲရင် တမာရွက်၊ ကြောင်ပန်းရွက်၊ ကုလားကုက္ကိုရွက်ပြုတ်ရည်နဲ့ စိမ်ပေးခြင်း၊ အငွေ့ခံခြင်း၊ ပြုတ်ရည်ဖြင့် ရေချိုးပေးပါက သက်သာစေနိုင်ပါတယ်။
၁၅။ ပူပြီးကိုက်သော အကြောတက်ရောဂါဖြစ်ရင် သို့မဟုတ် ရာသီဥတုပူပြင်းချိန်မှာ ဇက်ကြောတက်၊ အကြောတင်းရောဂါဖြစ်ရင် တောင်တန်ကြီး၊ တောင်တန်ကတိုး၊ နံ့သာဖြူတို့ကို သွေးလိမ်းပေးရင် သက်သာ
စေနိုင်ပါတယ်။
၁၆။ အလွန်အမင်းဇက်ကြောတက်၊ ကျီးပေါင်း တက်ရောဂါဖြစ်ရင်၊ ရာသီဥတုအေးပြီးကိုက်ခဲရင် ဆေးအိုးပုတ်အမြစ်ကိုသွေးပြီး ချင်းပြုတ်ရည်နဲ့ရောသောက်ရင် ကိုက်ခဲတာသက်သာစေပါတယ်။
ဆရာကြီးရှင့်။ ရာသီဥတုအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါအတွက် ကြိုတင် ကာကွယ်နိုင်တဲ့ ဆေးနည်းသိလိုပါတယ်။
ဥတုဖျား၊ ရာသီကူးဖျား၊ တုပ်ကွေးဖျားအားလုံးက ရက်ပိုင်းမျှသာဖြစ်လေ့ရှိတဲ့ အဖျားမျိုးဖြစ်ပြီး အညောင်းအကိုက်နဲ့တွဲပြီး ဖြစ်လေ့ရှိပါတယ်။
ကာကွယ်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုပါ။
၁။ ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်ထဲကို ဆားလှော်အနည်းငယ်ထည့်သောက်ပြီး ချွေးအောင်းပေးပါ။
၂။ ရှမ်းဆေးခါးပင် (အစို၊ အခြောက်) ကို ထန်းလျက်နဲ့ ကျိုသောက်ပါ။
၃။ ချင်းခြောက်အမှုန့်၊ ကွမ်းရွက်ခြောက်၊ ကျပ်ခိုး သုံးမျိုးပြုတ်ရည်ထဲကို ဆားလှော်အနည်းငယ်ထည့်သောက်ပြီး ချွေးအောင်းပေးပါ။
၄။ စမုန်စပါးရွက်ကို ဘဲဥနဲ့ရောကြော်စားရင် တုပ်ကွေးဖျား၊ ညောင်းကိုက်ရောဂါတွေ ကြိုတင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
၅။ ဖျားချင်သလိုလိုဖြစ်လာရင် ဆူးပန်းရွက်၊ ပူဒီနာရွက်အစိမ်းတို့ကို အရည်ညှစ်ပြီး ဆားလှော်အနည်းငယ် ခတ်သောက်ပါ။
၆။ ဒန့်သလွန်ရွက်ကို သန့်စင်အောင်ဆေး အရည် ညှစ်ယူပြီး မျက်စဉ်းခတ်ပေးရင် တုပ်ကွေးဖျားခြင်းက နေ ကြိုတင်ကာကွယ်နိုင်ပါတယ်။
၇။ ရှောက်သီးကို အမြွှာတွေဖဲ့ယူပြီး ရေစိမ်ထားပါ။ အချဉ်၊ အခါးလျော့သွားတဲ့အခါ ပုစွန်ငါးပိမီးဖုတ်၊ မိုးမျှော်ငရုတ်သီးစိမ်းတောင့်တို့နဲ့ ပုစွန်ခြောက်မှုန့် အနည်းငယ်ရောသုပ်စားပါက အခိုးပွင့်စေပါတယ်။
ကြည်လွင်မြင့်(မုဒြာ)