မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ပူးတွဲသရေကျ
အဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲကြီး၏ တွဲဆိုင်းခြောက်ဆိုင်းကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
၈၀ ကီလိုတန်းတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ပွဲစဉ်၌ ထွန်းထွန်းမင်း က အားပါသော လက်သီးထိုးချက်၊ ခြေကန် ချက်များဖြင့် တိုက်စစ်ဆင်ထိုးသတ်ခဲ့သကဲ့သို့ သွေးသစ်ဝင်းလှိုင်ကလည်း အမှားကိုစောင့် ကာ ထောက်လက်သီး၊ ဝိုက်လက်သီးများ ဖြင့် တန်ပြန်ထိုးသတ်ခဲ့သည်။
နှစ်ဦးစလုံး ထိုးကွင်းထိုးကွက် သတ်ကွင်းသတ်ကွက် အစုံအလင်ဖြင့် ပညာကုန်ထုတ် ယှဉ်ပြိုင်ခဲ့ကြ၍ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သော်လည်း ငါးချီပြီးဆုံးသည်အထိ အနိုင်အရှုံးမပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲ သရေသာဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ် ထိုးသတ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရရှိထားခဲ့ခြင်းကြောင့် မြန်မာပြည် ချန်ပီယံအသစ် ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
၇၅ ကီလိုတန်းတွင် ထွန်းမင်းအောင် (မြန်မာ)နှင့် Tokeshi (ဂျပန်)တို့ပွဲစဉ်၌ ထွန်းမင်းအောင်က ခြေကန်ချက်၊ ဒူးတိုက်ချက်များဖြင့် တရစပ်တိုက်စစ်ဆင် ယှဉ်ပြိုင်ခဲ့ပြီး Tokeshi ကလည်း တံတောင်ရိုက်ချက်၊ ခေါင်းတိုက်ချက်များဖြင့် ပြန်လည်ခုခံ ထိုးသတ်ခဲ့သည်။ ငါးချီပြီးဆုံးသည်အထိ သူတင်ကိုယ်တင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အနိုင်အရှုံးမပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲသရေသာ ဖြစ်ခဲ့သည်။
၇၁ ကီလိုတန်းတွင် ကျော်စွာဝင်း(မြန်မာ)နှင့် အာဝသန်(ထိုင်း)တို့ပွဲစဉ်၌ ကျော်စွာဝင်းက ဘယ်ညာလက်သီးတွဲလုံးများဖြင့် တိုက် စစ်ဆင် ထိုးသတ်ခဲ့သကဲ့သို့ အာဝသန်ကလည်း တံတောင်ရိုက်များဖြင့် အားပြု၍ တန်ပြန်ထိုးသတ်ခဲ့သည်။ ငါးချီပြီးဆုံးသည်အထိ ရေကုန်ရေခန်း ထိုးသတ်ကြသော်လည်း အနိုင်အရှုံးမပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲ သရေသာဖြစ်ခဲ့ရသည်။
၆၃ ဒသမ ၅ ကီလိုတန်း ငါးချီစိန်ခေါ် ပွဲဖြစ်သည့် စိန်လုံးချောနှင့် မိုးထက်အောင် တို့ပွဲစဉ်တွင် မိုးထက်အောင်၏ အားပါ ပြင်းထန်သည့် လက်သီးထိုးချက်ကြောင့် တတိယအချီတွင် စိန်လုံးချောအနားတောင်း ခဲ့ရပြီး စတုတ္ထအချီ ၁ မိနစ် ၃၂ စက္ကန့်တွင် မိုးထက်အောင်က အလဲထိုးဖြင့် အနိုင်ရရှိသည်။
၆၅ ကီလိုတန်းတွင် ဟံသာဝတီနှင့် စီတိုးတို့ပွဲစဉ်၌ နှစ်ဦးစလုံး ပညာကုန်ထုတ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း လေးချီပြီးဆုံးသည်အထိ အနိုင်အရှုံးမပေါ်၍ အလူးအလဲနှင့် ပူးတွဲသရေဖြစ်ခဲ့သည်။
လေးချီစိန်ခေါ်ပွဲ ၅၄ ကီလိုတန်းတွင် တိုင်းကျော်နှင့် ဝူသော်ဒိုတို့ပွဲစဉ်၌ ဖွင့်ထိုး ခဲ့သဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရှိခဲ့ပြီး ပထမအချီတွင် တိုင်းကျော် အမှတ် စဉ်ရေတွက်ခံခဲ့ရသလို ဒုတိယအချီတွင် ဝူသော်ဒို အမှတ်စဉ်နှစ်ကြိမ် ရေတွက်ခံခဲ့ရကာ အနားတောင်းခဲ့ရသည်။ တတိယအချီ ၁ မိနစ် ၆ စက္ကန့်တွင် ဝူသော်ဒို ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်းမရှိ၍ တိုင်းကျော်က အနိုင်ရရှိသည်။