လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူ လူ့အရင်းအမြစ်များ တိုးမြှင့်မွေးထုတ် ပေးနိုင်ရေးကြိုးပမ်း
နေပြည်တော် သြဂုတ် ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိသော စိုက်ပျိုးရေး သိပ္ပံကျောင်း (ပျဉ်းမနား)ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)စုဝေး ဆောင်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ပညာသင်ယူသည့် ကာလအတွင်း မိမိတို့လေ့လာ သင်ယူသော ပညာရပ်များကို ကြိုးကြိုးစားစား သင်ယူ၍ လုပ်ငန်းခွင် ဝင်ရောက်ချိန်တွင် အရည်အချင်းပြည့်ဝသူများ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သင်ကြားရေး၊ သင်ယူရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က ရှင်းလင်းဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများကိုကြည့်ရှု စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ စားသောက်နေထိုင်မှု လိုအပ်ချက်များ ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ပညာကို ပထမဆုံး သင်ကြားပေးခဲ့သည့် စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား)တွင် ကျောင်းသား၊ ကျောင်းသူ ၅၄၉ ဦး ပညာသင်ယူလျက်ရှိ ကြောင်း၊ ရေမြေရာသီဥတု သင့်တင့်မျှတပြီး အချက်အချာကျသည့် အုပ်ချုပ်ရေးဒေသတွင် တည်ရှိသဖြင့် နိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူ လူ့အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ စံပြကျောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။