ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာ ဖိုရမ် (ARMY 2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (XI Moscow Conference on International Security)သို့ တက်ရောက်ခဲ့သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စ

ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာ ဖိုရမ် (ARMY 2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (XI Moscow Conference on International Security)သို့ တက်ရောက်ခဲ့သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

    နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ညီလာခံ (XI Moscow Conference on International Security) သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင်  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ Counsellor ဖြစ်သူ Mr. Pavel KLABUKOV ၊ စစ်သံမှူး Mr. Sergey KURCHENKO နှင့်  တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။

     ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားတပ်မတော် ပင်မဘုရားကျောင်း‌ကြီး နယ်မြေရှိ Alley of Allies တွင် မြန်မာတို့၏ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန် တိုက်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တုဖွင့်ပွဲ အခမ်းအနားသို့ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu နှင့် အတူ တက်ရောက်ခဲ့ရာ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ အထိမ်းအမှတ် ရုပ်တုဖွင့်လှစ်ရခြင်း အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှလည်း ယခုအထိမ်းအမှတ်ရုပ်တုသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင် ရွက်မှုကို ရည်စူးအောက်မေ့ သတိရစေရန်အတွက် ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုပ်တု ဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော်များအကြား ကာကွယ်ရေးနှင့် ယဉ်ကျေးမှုကူးလူး ဆက်နွယ်မှု၊ သမိုင်းကြောင်းအရ ဆက်နွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်း လျက်ရှိကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေများ သည် မည်သူမျှ ကြားဝင်ဖျက်ဆီး၍မရနိုင်သလို မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာ မိတ်ဖက်အနေဖြင့် ဆက်လက်တည်တံ့ ခိုင်မြဲနေမယ်လို့ ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို အသိအမှတ်ပြုပြီး အထိမ်းအမှတ်ရုပ်တု ပြုလုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့မှ အထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်ပေးခဲ့သည်။

   ၎င်းနောက် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်မည့် မျိုးချစ်ပန်းခြံ (Patriot Park) သို့ ရောက်ရှိပြီး အဆိုပါပြပွဲ အခမ်းအနား ကျင်းပရာ အစည်းအဝေး ခန်းမ၌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  Colonel General Alexander Fomin နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင် သင်တန်းသား စေလွှတ်မှုဆိုင်ရာ ကိစ္စရပ်တို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတကာ စစ်ဘက်နည်း ပညာဖိုရမ် (ARMY-2023) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား  လှည့်လည်ကြည့်ရှုခဲ့ပြီး Aquarius IT ဆိုင်ရာကုမ္ပဏီ ၊ BSVT စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

      ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ၁၅-၈-၂၀၂၃ ရက်တွင် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ရာ ‌ဆွေးနွေးပွဲအတွင်း ရုရှားသမ္မတ Vladimir Putin မှ Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပြီး  ရုရှားကာကွယ်ရေးဝန်ကြီး  Army General Sergey Shoigu  မှလည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေး ဒုတိယပိုင်းဖြစ်သည့် “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံများ၏ စည်းလုံး ညီညွတ်မှုသည် အရေးပါကြောင်းနှင့် အာရှပစိဖိတ်ဒေသတွင်း ကုန်သွယ်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို Video Message ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီး အဆင့် ပုဂ္ဂိုလ်၂၀ ဦး၊ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေး ဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင် စုစုပေါင်း အင်အား ၈၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

       ၁၆-၈-၂၀၂၃ ရက်တွင် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY 2023) ကျင်းပရာ မျိုးချစ်ပန်းခြံ  (Patriot Park) အတွင်း ခင်းကျင်းပြသထားသည့် စစ်ဘက် သုံး ယာဉ်/လက်နက်နှင့် အထောက်အကူ ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပြီး PJSC (UAC)၊ Technodinamika နှင့် Rosobornexport ကုမ္ပဏီတို့မှတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် မြန်မာစစ်သံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စစ်သံရုံးမိသားစုများ အတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

      ၁၇-၈-၂၀၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်း တည်ထားသည့် ရွှေစည်းခုံ(ပုံတူ) စေတီတော် သို့ သွားရောက်ဖူးမြှော်ခဲ့ပြီး နိုင်ငံစုံမှပြသထားသည့် ပြကွက်များအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီး( Main Cathedral of the Russian Armed Forces) သို့ ရောက်ရှိပြီး ဘုရားကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှုခြင်း၊ စစ်ပွဲများတွင် သိမ်းဆည်းရမိခဲ့သည့် ပြည်ပနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့ကြပါသည်။

      ၁၈-၈-၂၀၂၃ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သည် မော်စကိုမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော် အား ဖူးမြှော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။