၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်  သြဂုတ်  ၂၁

    ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပညာရေး ဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး    ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊    ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီးက “ဂုဏ်ပြုချီးမြှင့်ခြင်း” ဆိုသည်မှာ အများထက်သာလွန်သည့် ထူးချွန်ထက်မြက်မှုများ၊  ကြိုးစားအားထုတ်မှုများ  စသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသူများကို အသိအမှတ်ပြုပြီး ခမ်းခမ်းနားနား ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာတွင်လည်း ဂုဏ်ပြုထိုက်သူကို ချီးမြှောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း၊ “ထူးချွန်ထက်မြက်သူ”ဆိုသော ဂုဏ်ပုဒ်ကိုရရန် ရည်မှန်းချက်မြင့်မား၍ ကိုယ်တိုင် ကြိုးစားအားထုတ်လိုစိတ် ရှိရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာ၍ ပကတိအခြေအနေထက် သာလွန်အောင် ဆောင်ရွက်လိုစိတ် ရှိရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် အဆိုပါ အရည်အချင်းများနှင့် ပြည့်စုံကြသူများ ဖြစ်၍ ယခုကဲ့သို့ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေး လုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပေးခြင်း ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ     ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်း တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်   ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

ယခုနှစ်   တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရေးဝန်ထမ်း သားသမီး  ၂၂၄၅  ဦး အောင်မြင်ခဲ့ပြီး  ၆  ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃၇ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၄ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၉၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်၂၂၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၅၀၂ ဦးနှင့်    ရိုးရိုးအောင်မြင်သူ ၁၂၀၈ ဦးရှိပြီး ယနေ့အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၌ လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအပြင် သက်ပြည့် အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သားသမီးများကိုပါ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်း၊ ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။