အေအက်ဖ်စီဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် PSM Makassar အသင်းတို့ သြဂုတ် ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်

အေအက်ဖ်စီဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် PSM Makassar အသင်းတို့ သြဂုတ် ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်

    အာရှဘောလုံးအဖွဲ့ချုပ်မှ   ကြီးမှူးကျင်းပသည့်   အေအက်ဖ်စီဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့်    အင်ဒိုနီးရှားကလပ် PSM Makassar  အသင်းတို့  သြဂုတ် ၂၃ ရက် မြန်မာစံတော်ချိန်  ညနေ ၅ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့သည့်အတွက်  အေအက်ဖ်စီဖလား ပြိုင်ပွဲတွင်  ဒုတိယအဆင့်မှ စတင်ကစားခဲ့ရပြီး  ဒုတိယအဆင့်ပွဲစဉ်အဖြစ်  ဘရူနိုင်း ကလပ်   DPMM    အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့်အတွက် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြင်းဖြစ်သည်။

အင်ဒိုနီးရှားကလပ် PSM Makassar အသင်းသည်လည်း  ပြီးခဲ့သည့် ဘောလုံးရာသီက    အင်ဒိုနီးရှားလီဂါပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့်အတွက် အေအက်ဖ်စီဖလား ပြိုင်ပွဲတွင် ရှုံးထွက်ပွဲစဉ်မှ စတင်ကစားရခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် PSM Makassarအသင်းတို့မှ  အနိုင်ရရှိသည့် အသင်းအနေဖြင့်   အေအက်ဖ်စီဖလား ပြိုင်ပွဲ  အုပ်စုအဆင့်သို့ တက်ရောက်မည် ဖြစ်သည်။

ယခုနှစ်ဘောလုံးရာသီတွင်    ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အေအက်ဖ်စီဖလား ပြိုင်ပွဲတွင်  အုပ်စုအဆင့်သို့ တက်ရောက်မည်ဆိုပါက မြန်မာနိုင်ငံ ကိုယ်စားပြုကလပ်အသင်း နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး   ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းအနေဖြင့် အေအက်ဖ်စီဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တိုက်ရိုက်ဝင်ခွင့် ရရှိထားကြောင်း သိရသည်။