သာလီစွပါ ဓညဝတီ

သာလီစွပါ ဓညဝတီ

ကိုအောင်ရေ   ငါ့ညီသတင်းပျောက်နေလို့။ ဟိုတစ်နေ့ကမှ   ရုပ်မြင်သံကြားသတင်းထဲမှာ မင်းစစ်တွေ ရောက်နေတာသိရတယ်။ ငါ့ညီကတော့ တို့လယ်သမားမျိုးရိုးပီသပါပေတယ်ကွာ။ ရောက်တဲ့နေရာမှာ လယ်ထဲဆင်းပြီး အလုပ်လုပ်။ လယ်သမားတွေကို ရှင်းပြနေတာမြင်ရတော့ မင်းကိုတို့အမျိုးလို့ ပြောရတာ အတော်လေးကို ကျေနပ်အားရမိတယ်ကွာ။

ကျွန်တော့်အစ်ကိုကြီး တယ်လီဖုန်းဗိုင်ဗာမှတစ်ဆင့် ပေးပို့လာသောစာကိုဖတ်၍ ကျွန်တော်အားရကျေနပ် နေပါသည်။

ကျွန်တော် စစ်တွေရောက်နေသည်မှာ သုံးပတ်ရှိသွားပါပြီ။  မိုခါမုန်တိုင်းကျေးဇူးကြောင့် ကျွန်တော်တို့တစ်တွေ  နေပြည်တော်ကနေ စစ်တွေကို လာခဲ့ကြရသည်။ ကျွန်တော်တို့မှာ မူလတာဝန်တွေ ရှိနေပါသည်။ သို့သော်  မူလတာဝန်တွေထက် အရေးကြီးတာက  စစ်တွေ။ ကျွန်တော်တို့၏ သွေးချင်းသားချင်း၊ တိုင်းရင်းသားများ နေထိုင်သည့် ရခိုင်ပြည်နယ်။

မိုခါမုန်တိုင်း မေ ၁၄ ရက်က  မြန်မာပြည်ထဲကို ဝင်ရောက်ခဲ့သည်။ စစ်တွေမြို့ကိုဖြတ်၍ ဝင်ရောက်ခြင်းဖြစ်သဖြင့် စစ်တွေမှာ အပျက်အစီးအများဆုံးဖြစ်သည်။ မိုခါမုန်တိုင်းပင်မစဲသေး၊ နောက်ဆက်တွဲလေးများရှိနေချိန်မှာပင်  မေ   ၁၅ ရက်က  နိုင်ငံတော်အကြီးအကဲ စစ်တွေကိုရောက်လာသည်။

အရေးကြီးတော့သွေးနီးခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်။ မအားလပ်သည့်ကြားက စစ်တွေသို့ ရောက်လာခြင်းဖြစ်သည်။  နိုင်ငံတော်အကြီးအကဲနှင့်အတူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ  ပါလာခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများကလည်း   တပ်မတော်လေယာဉ်ကြီးအပြည့်။

နိုင်ငံတော်အကြီးအကဲက   အပျက်အစီးများကို လိုက်လံစစ်ဆေးသည်။   မိုခါမုန်တိုင်းဒဏ်သင့် သွေးသားရင်းချာညီအစ်ကိုမောင်နှမများကို နွေးထွေးစွာအားပေးသည်။   အသင့်ယူဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။ ကိုယ်ချင်းစာနာသည့်  အမူအရာ၊ နွေးထွေးသည့် အပြုံးကပြည်သူတို့ကို ကျေနပ်အားတက်စေသည်။ အမေ့တစ်သက်နှင့်တစ်ကိုယ် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်က အခုလိုလက်ဆွဲနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီးအားပေးတာ တစ်ခါမှမခံရဖူးဘူး။ ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျမိတယ်။ မိုခါမုန်တိုင်းလာမယ်ဆိုပြီး အိမ်ကအဘိုးကြီး ကျောက်တော်သွားပြီး ရှောင်နေတာတောင် ပြန်မရောက်သေးဘူး။    နိုင်ငံ့ခေါင်းဆောင်က ရောက်လာတယ်လေ။

စစ်တွေမြို့ လောကာနန္ဒာဘုရားဝင်းကြီးအတွင်း သာသနာ့ဗိမာန်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ ခိုနားရာစခန်းတွင်ရှိနေသည့် အသက် ၆၀ ကျော်အရွယ် ရခိုင်အမျိုးသမီးကြီး ဒေါ်မရင်က သူမ၏ခံစားချက်ကို ဘကြီးအောင်တို့ကိုပြန်ပြောရင်း ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝိုင်းနေရှာသည်။

နိုင်ငံတော်အကြီးအကဲက ပြည်သူတွေအားမငယ်ကြဖို့နှင့်  စစ်တွေကို လက်ရှိအခြေအနေထက် ပိုပြီးသာအောင်၊  ပိုပြီးတိုးတက်အောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။ ပြောသည့်အတိုင်းပင် ဒုတိယဝန်ကြီးချုပ် တစ်ဦး ဦးစီးစေပြီး  စစ်တွေမြို့ကို ရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်စေသည်။ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၄၀၀၀  ကျော်ကို တပ်မတော်လေယာဉ်ကြီးများဖြင့် စစ်တွေမြို့သို့  ပို့ဆောင်စေ၍ အပျက်အစီးများကို ရှင်းလင်းစေသည်။ စားနပ်ရိက္ခာများ၊ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့စေသည်။ တပ်မတော်ရေတပ်မှ ရေယာဉ်ကြီးများဖြင့်  သွပ်၊ သစ်၊ သံ စသည့်ဆောက်လုပ်ရေးပစ္စည်းများ  ပေးပို့ပေးသည်။

သည်သို့ ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးမှုကြောင့် မိုခါမုန်တိုင်းမွှေပြီး ရက် ၄၀ အကြာ ဘကြီးအောင်တို့အဖွဲ့ စစ်တွေမြို့သို့ရောက်သည့်အခါ စစ်တွေသည် အပျက်အစီးတွေ အတော်များများရှင်းလင်းပြီးဖြစ်နေသည်။    အမိုးလန်သွားသည့် အဆောက်အအုံအတော်များများတွင် သွပ်အပြာရောင်၊ အညိုရောင်များဖြင့် မိုးထားပြီးဖြစ်နေသည်။ သွပ်မိုးရန်မသင့်သေးသည့် ယာယီအဆောက်အအုံများတွင် တာလပတ်အပြာ၊ အစိမ်းများမိုးထားသည်ကို  တွေ့ရသည်။ နေပြည်တော်ကလာခဲ့သည့် ဘကြီးအောင်တို့အဖွဲ့ စစ်တွေမြို့ကို လေယာဉ်ပေါ်မှကြည့်ရင်း မိုခါကိုအန်တု၍ စံပြုထိုက်သည့် ပြည်သူများ၏စိတ်ဓာတ်ကို အထင်ကြီးမိသည်။ လုပ်အားကိုလေးစားမိသည်။ ထင်ထားသည်ထက် အချိန်တိုအတွင်းဆောင်ရွက်ထားရှိမှုများက အံ့မခန်း။ လေးစားဂုဏ်ယူစရာ။

ဘကြီးအောင်တို့အဖွဲ့တွင်  ဒုတိယဝန်ကြီးရှစ်ဦးပါသည်။ ရခိုင်ပြည်နယ် တည်ဆောက်ပြုပြင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ   ဦးတည်ပြီးဆောင်ရွက်ကြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝါတိုင်များထောင်၊  ဖုန်းလိုင်းများအပြီးဆက်၍ဆွဲသည်။ လျှပ်စစ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ  မုန်တိုင်းဒဏ်ခံမြို့ တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာ၊ လျှပ်စစ်မီးပြန်လည်ရရှိအောင်    ဆောင်ရွက်သည်။ ပြတ်ကျသွားသည့်မီးတိုင်များနေရာတွင်  မီးတိုင် အသစ်စိုက်သည်။ လျှပ်စစ်မီးကြိုးများ   သွယ်တန်းသည်။  တစ်မြို့ပြီးတစ်မြို့၊   တစ်ရွာပြီးတစ်ရွာ မီးလင်းစေသည်။ တစ်နေ့တာတိုးတက်မှုကို ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ကို အစီရင်ခံသည်။ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကလည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အစီရင်ခံတင်ပြရသည်။ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့အစည်းအဝေးက  နေ့စဉ်ညနေ ၃ နာရီတွင် ပြုလုပ်သည်။  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးက ညနေ ၅ နာရီတွင် ပြုလုပ်သည်။ ရောက်စက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး နေ့တိုင်းနီးပါးလုပ်သည်။ စနေ၊ တနင်္ဂနွေပင်မနား။ နောက်ပိုင်းတွင်ကား တစ်ပတ်လျှင်သုံးကြိမ်၊ လေးကြိမ်ကတော့ ပုံမှန်ရှိတတ်သည်။

ဘကြီးအောင်တို့အဖွဲ့ကလည်း ကိုယ့်ဝန်ကြီးဌာနအလုပ်ကိုယ်လုပ်ကြသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်အပါအဝင် သာသနိကအဆောက်အအုံများ ပြုပြင်ရန်၊ ပြင်ဆင်ရန်ဆောင်ရွက်ရသည်။ ဤသာသနာရေးနှင့် ယဉ်ကျေးမှုအလုပ်၊  ပြုပြင်ပြင်ဆင်ရသည့် အလုပ်ကလည်း လွယ်မယောင်နှင့်ခက်သည်။ ဘုရား၊ စေတီများတွင်   သက်ဆိုင်ရာသံဃနာယကအဖွဲ့ရှိသည်။ ပြင်ဆင်လိုမှုကို    သံဃနာယကအဖွဲ့သို့ လျှောက်ရသည်။  ဂေါပကအဖွဲ့နှင့်ညှိနှိုင်းရသည်။

မူရင်းဒါယကာ၊ ဒါယိကာမများနှင့် ဆွေးနွေးရသည်။

သူတို့၏သဘောတူညီချက်မရက ဘာမျှလုပ်၍မရ။

ပြုပြင်မည့်သူက ပြုပြင်ရန်အသင့်ဖြစ်နေသော်လည်း စပါးပေါ်မှ ထီးတော်တင်မည်ပြောသည်။ နွေပေါက်၍ ပွင့်လင်းရာသီရောက်မှ  ဇရပ်ပြန်ပြီး  မိုးမည်ပြောသည်။ သူတို့ဆန္ဒကိုဆန့်ကျင်၍မရ။ ဂေါပကအဖွဲ့၏ ဆန္ဒကအဓိကပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းများ၊ တံတားများ ပြင်ဆင်ရသည်။  မိုခါကြောင့် လှိုင်းပုတ်ပြီး ကမ်းနားလမ်း မြေထိန်းနံရံပြိုကျသည်။ တချို့နေရာတွင် လမ်းတစ်ဝက်အထိပင် စားသွားသည်။ မိုးဦးကျဖြစ်၍ လှိုင်းလေကထန်သည်။ နေ့တိုင်း လှိုင်းပုတ်သည့်ဒဏ်ကြောင့် လမ်းကတစ်စတစ်စပဲ့ကျသည်။

မိုးထဲရေထဲ လူသားလုပ်အားဖြင့် စစ်တွေမြို့ ကမ်းနားလမ်းပြိုမကျရေးဆောင်ရွက်ရသည်ကလည်း ပြောရတာထက် လုပ်ရတာခက်လှသည်။ သည်ကြားထဲ စက်ယန္တရားပိုင်ဆိုင်သည့်ဌာနမို့    သစ်ပင်ရှင်းရာ အဆောက်အအုံ ဖျက်သိမ်းရာတွင်   သူမပါလျှင်   ဘယ်ဟာမှမပြီး။ အရေးပါအရာရောက်သည့် ဌာနကြီးတစ်ခုပင်။

ပညာရေးဝန်ကြီးဌာနကလည်း   အတော့်ကို အလုပ်ရှုပ်သည်။ ကျောင်းပေါင်း  ၁၅၃၈ ကျောင်း အမိုးလန်သည်။ ဗုန်းဗုန်းလဲပြိုကျသည်က ၃၉၃  လုံး၊ ဗုန်းဗုန်းလဲဟု သူကမပြောစေလို။  ၁၀၀ ရာခိုင်နှုန်းပျက်စီးသည်ဟုသာ သူကပြောစေချင်သည်။ စာရေးသူကတော့ ဒေသသားတို့ပြောသည့်အတိုင်း ပြောပြခြင်းဖြစ်သည်။ မိုခါမုန်တိုင်းတိုက်တာက မေ ၁၄ ရက်၊ နိုင်ငံ့အကြီးအကဲရောက်တာက မေ ၁၅ ရက်၊  ဇွန် ၁ ရက် ကျောင်းတွေဖွင့်မည်။ ကျောင်းသားတွေ၊ တို့တိုင်းရင်းသားတွေ တစ်နိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ချိန်မှာ သူတို့လည်းတက်စေချင်သည်။ ဒါကတော့ နိုင်ငံတော်အကြီးအကဲ၏ စေတနာ။  

သည်တော့လည်း ပညာရေးဒုတိယဝန်ကြီး အားထည့်ရသည်။   နေ့မနား၊ ညမအားကြိုးစားရသည်။

သူသာမက  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း လိုအပ်သည့် သစ်ခွဲသားမှန်သမျှ  နောက်မကျအောင်ဖြည့်ဆည်းပေးသည်။  ဝန်ကြီးဌာနအနေဖြင့် ယာယီသစ်ခွဲစင် ၁၀ လုံးထောင်သည်။ ပုဂ္ဂလိကသစ်စက် ၂၂ စက်ကို ညှိနှိုင်းသည်။ ဆွေးနွေးသည်။ အကူအညီတောင်းသည်။ ကိုယ့်ပြည်နယ်အရေးပေမို့ ပုဂ္ဂလိကသစ်စက်များကလည်း ကူညီသည်။

ဤသို့ဖြင့်   စုပေါင်းအားသည်   အရာရာကို အောင်နိုင်သည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်ပါ။

တကယ်ဖြစ်ချင် တကယ်လုပ်တော့ အဟုတ်ဖြစ်ခဲ့ပါပြီ။ စာသင်ကျောင်း  ၁၂၆၇ ကျောင်း အားလုံးပြင်ဆင်ပြီးဖြစ်ခဲ့သည်။ ဇွန် ၁ ရက်ကျောင်းဖွင့်နိုင်ရန် ယာယီကျောင်းဆောင် ၁၄၄ လုံး ထပ်မံဆောက်ခဲ့ရသည်။ တချို့ကျောင်းများနှစ်ချိန်ခွဲ၍ တက်စေခြင်းဖြင့် ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများ ပညာရေးမနှောင့်နှေးစေရ။ အားလုံး ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်မှာ စိတ်အေးချမ်းသာစွာ ကျောင်းတက်နိုင်ကြပါသည်။ ဘကြီးအောင်တို့အဖွဲ့ ဇူလိုင်၂၁ ရက် စစ်တွေမှ ပြန်လာချိန်တွင် ၁၂၆၇ ကျောင်းအားလုံးပြီးစီးပြီ။ ၂၇၀ ကျောင်းက လက်စသတ်ရန် အနည်းငယ်စီသာကျန်ပါသည်။ တစ်ကျောင်းသာ   နေရာရွေးနေ၍   ကျန်ရှိပါသည်။   သည်ကျောင်းများဆောက်လုပ်ရန်အတွက် နိုင်ငံတော်မှ သစ်တန်တစ်ထောင်ကျော် ပေးလှူခဲ့ပါသည်။ သွပ်အချပ်ကား မရေတွက်နိုင်ပါ။ အိမ်ရိုက်သံဖိုးနှင့်   လုပ်အားခများကလည်း ပညာရေး ဝန်ကြီးဌာန၏ ငွေစာရင်းမှသာ   ကျခံရခြင်းဖြစ်ပါသည်။

ဘကြီးအောင်တို့ ဒုတိယဝန်ကြီးအဖွဲ့ စစ်တွေတစ်မြို့တည်းတွင် ထိုင်မနေကြပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့တို့သို့လည်း ရောက်ခဲ့သည်။ ဘကြီးအောင်ကိုတော့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက သားငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် မိုခါမုန်တိုင်း ဒဏ်မခံစားရသည့် တောင်ပိုင်းမြို့နယ်များသို့ စည်းရုံး အကောင်အထည်ဖော်ရန် စေလွှတ်သည်။ သို့ဖြစ်၍ ဘကြီးအောင် ပြည်နယ်စီးပွားရေးရာ ဝန်ကြီးနှင့်အတူ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့သို့သွားခဲ့သည်။ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန် ဆွေးနွေးသည်။ မြန်မာတစ်ပြည်လုံးနီးပါး မြေရှိလျှင် အနည်းဆုံးနှစ်သီးစိုက်သည်။  သည်တော့ နှစ်ကြိမ်ဝင်ငွေရသည်။ နေပြည်တော်က တောင်သူများဆိုလျှင် သုံးသီးပင်စိုက်၍ သုံးကြိမ်ဝင်ငွေရနေသည်။ သို့ဖြစ်၍ ရခိုင်ကအမျိုးတွေကို နေပြည်တော်ကောင်စီနယ်မြေက တောင်သူတွေလို ဝင်ငွေတိုးစေလိုသည်။ ချမ်းသာစေလိုသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ပြီး   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်   လုပ်ကြပါ။   

လိုအပ်တာအကူအညီပေးပါမည်ဟု ဘကြီးအောင်ပြောခဲ့သည်။

တက်ရောက်လာခဲ့ကြသည့်  စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမားများ   အားတက်သရောတင်ပြသည်။ ဆွေးနွေးကြသည်။ ဘကြီးအောင်တို့အဖွဲ့နှင့်တောင်သူလယ်သမား၊ မွေးမြူရေးသမားများ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး။   ခွဲခွာနေရာမှ ပြန်လည်ဆုံတွေ့ကြသည့် မိသားစုများပမာ။  အားပါးတရရှိလှသည်။

ဘကြီးအောင်က သာသာထိုးထိုးပြောလိုက်သေးသည်။ မိမိတို့မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည်   ပင်လယ်နှင့် ဆက်စပ်နေသည့်  ကမ်းရိုးတန်းဒေသ။ အလားတူ တနင်္သာရီတိုင်းဒေသကြီးသည်လည်း ပင်လယ်နှင့် ဆက်စပ်နေသည့် ကမ်းရိုးတန်းဒေသ။ သို့သော်လည်း တနင်္သာရီတိုင်းဒေသကြီးသည် ပိုမိုတိုးတက်သည်၊ ချမ်းသာသည်ဟု ဘကြီးအောင်ထင်သည်။ ရေလုပ်ငန်းစနစ်တကျဆောင်ရွက်ခြင်းကြောင့် အအေးခန်းစက်ရုံများ တည်ထောင်ခြင်းကြောင့် ချမ်းသာသည်။ သို့ဖြစ်၍   ရခိုင်ပြည်နယ်ကိုလည်း တနင်္သာရီတိုင်းဒေသကြီးလို   ချမ်းသာစေလိုသည်။ တနင်္သာရီတိုင်းဒေသကြီးသို့  သွားရောက်လေ့လာ  လည်ပတ်လိုလျှင် ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့     ချိတ်ဆက်ဆောင်ရွက်ပါ။ ဘကြီးအောင်က အခမဲ့လိုက်ပါ ကူညီဆောင်ရွက်ပေးလိုသည်ဟုပင် ဆန္ဒပြုခဲ့သည်။

ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၏ လုပ်ဆောင်ချက်ကို ဆက်လက်တင်ပြလိုပါသည်။ မှတ်မှတ်ရရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဘကြီးအောင်တို့အဖွဲ့ မြောက်ဦးခရီးစဉ်တွင်   ကျောက်တော်မြို့နယ်သို့ ရောက်သည့်အခါ ထုံးစံအတိုင်း မြို့နယ်ခန်းမတွင်  မြို့ခံလူထု၊ ရပ်မိရပ်ဖ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသမားများနှင့်  တွေ့ဆုံပွဲလုပ်သည်။  ခန်းမအတွင်း နေရာယူသည့်အခါ   ရှေ့တန်းထိုင်ခုံများတွင် ဝန်ကြီးဌာနအလိုက်   စာတန်းကပ်ထားသည်။ နာမည်တိုနှင့်ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆိုလျှင် ပို့ဆက်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဆိုလျှင် သာယဉ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနဆိုလျှင် စိုက်မွေးဆည်။ သည်နေရာမှာ ဘကြီးအောင်တို့နေရာ အသီးသီးယူပြီးချိန်တွင်   သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာရှာမရသေး။ ခုံမှာကပ်ထားသည့်စာတွေဖတ်ရင်း နေရာရှာနေတုန်း။ သည်အချိန်တွင် နေရာချထားပေးသည့် ဧည့်ကြိုမိန်းကလေးက ဆရာက ပတ်ထိန်းကလား ဆရာ့နေရာ  ဒီမှာရှင့်ဟု ပြောလာသည်။

သည်တော့ ကာယကံရှင်   ဒုတိယဝန်ကြီးရော၊ ကျွန်တော်တို့အဖွဲ့ပါ   မပြုံးဘဲနှင့်ဝါးလုံးကွဲမရယ်မိအောင် ကြိုးစားရင်း   ပြုံးရုံသာပြုံးနေလိုက်မိပါသည်။

သည်ခရီးစဉ်တွင်ပါဝင်သည့် ဒုတိယဝန်ကြီးရှစ်ဦးအနက် ကျန်နှစ်ယောက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန(လူကယ်ပြန်) ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန (စိုက်မွေးဆည်) ဒုတိယဝန်ကြီး ဘကြီးအောင်တို့  ဖြစ်ပါသည်။

လူကယ်ပြန် ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူး တာဝန်ယူထားသူပီပီ သူ့အလုပ်သူလုပ်သည်။ အေးဆေးတည်ငြိမ်သည်။  စကားသိပ်မပြော။  ပြောလိုက်ရင်လည်း ထိထိမိမိ။ ဘကြီးအောင်က စိုက်မွေးဆည်ဆိုတော့အလုပ်ရှုပ်သည်။ တိုင်းပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် တောအရပ်ဒေသမှာ နေကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားပြီး အလုပ်လုပ်ကြသည်။  သည်လူတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ   နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များအပေါ်တွင်  မူတည်နေသည်။

သည်တော့ ပါးစပ်ရှိကအစာစားများမည်။ အစာစားဖို့ စိုက်ရမည်။ မွေးရမည်။ ကမ္ဘာဦးအစ လူသားများ စတင်စကတည်းက စိုက်ရသည်။ မွေးရသည်။ စက်မှုလက်မှုတို့၊  ပညာရေးတို့ဆိုတာ နောက်မှဖြစ်တည်တိုးတက်လာခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးရေးနှင့်  မွေးမြူရေးကရပ်ထား၍မရ။  တားထား၍မရ။ 

ကိုဗစ်ရောဂါဖြစ်ပွားတုန်းကလည်း ရပ်မနေ။ ရောဂါဖြစ်၍ ဘယ်သူမျှ အစာမစားဘဲ ပါးစပ်ပိတ်၍မနေကြ။

စားကြသည်။   သောက်ကြသည်။  သည်တော့ စိုက်ရမည်။ မွေးရမည်။

ယခုလည်း မိုခါမုန်တိုင်း မညှာမတာနှိပ်စက်သွားသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပါအဝင် မြို့နယ်အချို့ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားရသည်။ သို့သော်     နိုင်ငံတော်အကြီးအကဲဦးဆောင်၍ ပြည်သူတစ်ရပ်လုံး ဓညဝတီ ရခိုင်ပြည်ကြီးကို ပြန်လည်တည်ဆောက်နေသည်။ မိုခါကိုအန်တု စံပြုထိုက်သည့်ပြည်သူများတွင် ဘကြီးအောင်လည်း ပါဝင်နေပြီ။ စစ်တွေကိုလာရ၍ ဘကြီးအောင် ဂုဏ်ယူမိသည်။ ကျေနပ်သည်။ 

မြို့အပျက်အစီး  ရှင်းလင်းရေးတွေ လုပ်သူကလုပ်။

ပြုပြင်တည်ဆောက်ရေးတွေ    လုပ်သူကလုပ်။

ဘကြီးအောင်က စိုက်ပျိုးရေးအတွက် အားထည့်သည်။ နိုင်ငံတော်မှပေးပို့သည့်   မျိုးစပါး ၇၃၃၉၇ တင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ ပေးပို့လာသည့် တပ်မတော်မော်တော်ယာဉ်တန်းဖြင့် သယ်ဆောင်လာသည့် မျိုးစပါးများ  အချိန်မီရောက်ရှိရေး၊ လမ်းခရီးတွင်ရေမစိုစေရေး၊ တပ်မတော်သားများက ဂရုစိုက်ဆောင်ရွက်ပေးသည်။ ဘကြီးအောင်တို့ စိုက်မွေးဆည်ဝန်ထမ်းများက ယာဉ်တန်းတိုင်းတွင် ကိုယ်စားလှယ်လိုက်ပါ၍   အားဖြည့်ပေးခဲ့သည်။ ဘကြီးအောင်က  ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးတို့နှင့်အတူ  မြေပြင်ဆင်ရေး၊ ထွန်ယက်ရေးစီမံကြသည်။  ဆောင်ရွက်ကြသည်။ မျိုးစပါးမရောက်မီ လယ်ထွန်စက်များ ကြိုပို့သည်။  ရခိုင်ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနတွင် မိုခါမဖြစ်ခင်က ထွန်စက် ၃၇ စီးသာရှိခဲ့သည်။ မိုခါဖြစ်ပြီးနောက် ဘကြီးအောင်တို့ဝန်ကြီးဌာနက ၄၃ စီးထပ်ဖြည့်သဖြင့် ထွန်စက် ၈၀ စီးဖြစ်လာသည်။

တောင်သူများကို အခမဲ့ငှားရမ်းရန် ထွန်စက်သေး ၁၀ စီးနှင့် လက်တွန်းထွန်စက် ၁၄ စီး ဝန်ကြီးဌာနမှ ထပ်မံပေးပို့လာသည်။  ထွန်စက်များရောက်လျှင် ရောက်ချင်းပင် ဘကြီးအောင်ကိုယ်တိုင်ကြပ်မတ်၍ ထွန်စက်များကို ပြင်ဆင်စေသည်။ အသင့်သုံးနိုင်သည့်အခါ ငှားရမ်းသည့်ကျေးရွာများမှ သင်တန်းသားများအား ခေါ်ယူ၍ ထွန်စက်ကိုင်တွယ်ထိန်းသိမ်းနည်းနှင့် မောင်းနှင်နည်းသင်တန်း သုံးရက်ပေးသည်။ မူလကတည်းက မောင်းနှင်မှုအခံရှိပြီးသူများကို မြို့နယ်မှ   ရွေးချယ်စေလွှတ်ပေးခြင်း ဖြစ်သဖြင့် သင်တန်းသားများ အတတ်မြန်သည်။ ထွန်စက်မောင်းနှင် ကိုင်တွယ်ထိန်းသိမ်းခြင်း သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်၏စေတနာနှင့် ထွန်စက်များအကျိုးရှိရှိအသုံးပြုရေး၊    တစ်ဦးနှင့်တစ်ဦး ကူညီဆောင်ရွက်ရေး၊ အချိန်မီစိုက်ပျိုးနိုင်စေရန်  ထွန်ယက်ကြရေးမှာကြားသည်။ ဘကြီးအောင်ကတော့ မမေ့နိုင်သည့်စကားတစ်ခွန်းပြောဖြစ်သည်။ ခင်ဗျား

တို့ကို  ဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်း ခင်ဗျားတို့ယောက္ခမက အလကားပေးဖူးလား၊ ဒီတော့ နိုင်ငံတော်က ငှားပေးတဲ့ ဒီထွန်စက်ကို အကျိုးရှိရှိသုံးကြပါဟု ပြောရင်းစကားကို နိဂုံးချုပ်ခဲ့သည်။ ဘကြီးအောင်  နိဂုံးချုပ်အပြီး ပုဏ္ဏားကျွန်းက ကျော့သာမောင်က ထ၍ပြောသည်။ ကျွန်တော်တို့ယောက္ခမက ငှားမပေးပေမယ့်၊ အဖေရင်းဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲက ငှားပေးတဲ့အတွက်   အထူးကျေးဇူးတင်ပါတယ်ဗျာ။

ကျော့သာမောင် စကားအဆုံးတွင် တက်ရောက်လာသူအားလုံး လက်ခုပ်တစ်ပြိုင်နက်တီး၍ သင်တန်းဆင်းပွဲနှင့် ထွန်စက်လွှဲပြောင်းပေးအပ်ပွဲ နိဂုံးချုပ်ခဲ့သည်။

သည်ရက်တွေမှစ၍ နေ့စဉ်ထွန်ယက်ပြီးစီးမှုကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တင်ပြရသည်။ သည်အချိန်မှာပင် မျိုးစပါးများ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီ။

ပေါ်ဆန်းရင်၊ နှံကောက်၊ GW-11 နှင့် ဆင်းသွယ်လတ်တို့ဖြစ်သည်။  နှံကောက်မှလွဲ၍ ကျန်စပါးသုံးမျိုး ရခိုင်ပြည်နယ်တွင် စိုက်ပျိုးဖူးကြသည်။ သို့သော်လည်း စတင်ပျိုးထောင်သည်မှစ၍ အလေအလွင့်မရှိရေး ပညာပေးရသည်။ လက်တွေ့သရုပ်ပြရသည်။ ပြီးတော့ ကြဲခင်းနှင့် စိုက်ခင်းအထွက်နှုန်းကွာခြားချက်ကို ရှင်းလင်းဆွေးနွေးရသည်။ ငါတို့ မျိုးစပါးနဲ့ မြေကကောင်းတော့ အခုလိုနောက်ပြန်ပက်ရင်တောင် တစ်ဧက  (၄-၅-၆၀)တော့ အေးအေးဆေးဆေးထွက်ပါတယ်ကွာ တောင်သူလယ်သမားကြီးများက ပြောသည်။

သည်တော့ ဘကြီးအောင်တို့ စိုက်မွေးဆည်ဝန်ထမ်းတွေက နောက်ပြန်ပက်လို့ တင်း ၆၀ ထွက်တဲ့စပါးကို တစ်ဧကကောက်ကွက်   (၁၂၀၀၀၀-၁၅၀၀၀၀)ပြည့်အောင် စိုက်ရင် တင်း ၁၀၀ ကျော်ထွက်မယ်။ ပင်ပန်းတာချင်း အတူတူ စနစ်တကျအတန်းလိုက်စိုက်၊ ကောက်ကွက်ပြည့်မီအောင်စိုက်ရင် ဝင်ငွေနှစ်ဆနီးပါး တိုးလာမယ်။ ဝင်ငွေတိုးပြီး  မရချင်ဘူးလား။ ချစ်လို့ယူထားတဲ့မိန်းမ စိန်နားကပ် ဆင်မပေးချင်ဘူးလား။

ရင်းရင်းနှီးနှီးပြောသည်။ စည်းရုံးသည်။ သည်တော့ သူတို့နားဝင်သည်။ လက်ခံသည်။ ကောက်စိုက်ဖို့ လူငှားမရရင် ကောက်စိုက်စက်နှင့် စိုက်ဖို့၊   စစ်တွေမြို့ ပျားလည်ချောင်ရွာမှာ   လက်တွေ့သရုပ်ပြသည်။ 

တောင်သူလယ်သမားကြီးများ   စိတ်ဝင်စားသည်။ ကောက်စိုက်စက်ဝယ်ရင် ဘယ်လောက်လဲ၊ ငှားရင်ဘယ်လောက်လဲ မေးကြသည်။ ဈေးနှုန်းသိတော့ ချင့်ချိန်နေကြသည်။ ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားဆွေမျိုးများ ခေတ်မီနည်းစနစ်ဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ စိုက်ပျိုးရန် စိတ်အားထက်သန်လာကြပြီ။ ထွန်ယက်ပြီးသူအချို့   စတင်ပျိုးထောင်ပြီ။

ဘကြီးအောင်တို့ စိုက်မွေးဆည်အဖွဲ့ မမောတမ်းကူညီနေကြပြီ။

တဖြည်းဖြည်း  ထွန်ယက်ဧက၊ စိုက်ဧကများ တရိပ်ရိပ်တက်လာသည်။ ညနေဘက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင်  ပြီးစီးမှုများအားတင်ပြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကြီး တက်ကြွနေသည်။

သည်အချိန်တွင်ပင် ဘကြီးအောင်တို့ ဒုတိယဝန်ကြီးအဖွဲ့ နေပြည်တော်၌ ပြန်လည်တာဝန်ထမ်းဆောင်ရန် သတင်းရောက်လာသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်

မည်သည့်နေရာက   သတင်းရသည်မသိ။ ကျောင်းဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူလယ်သမားကြီးများ စစ်တွေလေဆိပ်တွင် ဘကြီးအောင်တို့အဖွဲ့ကိုလာ၍ နှုတ်ဆက်ကြသည်။ ဘကြီးအောင်တို့အဖွဲ့ မိမိတို့စစ်တွေတွင် နေခဲ့ရသည့်ရက်အတွင်း   တာဝန်ထမ်းဆောင်ခဲ့မှုများကို ကျေနပ်စွာ ပီတိဖြစ်ရင်း  လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။    ။

          သာလီစွပါ  ဓညဝတီ