ကိုယ်ဝန်ဆောင်များ အာဟာရဖွံ့ဖြိုးကြစေချင်
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အစီအစဉ်အရ သြဂုတ်တတိယပတ်သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးမှုရက်သတ္တပတ်ဖြစ် သည်။ အာဟာရဓာတ်သည် သက်ရှိသတ္တဝါတိုင်း အသက်ရှည်ကျန်းမာရေးအတွက် လိုအပ်သောသြဇာ ဓာတ်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ လှုပ်ရှားသွားလာ နိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါကာကွယ်ရေးတို့အတွက် လိုအပ်သည့်အာဟာရကို အစားအစာများမှ ရရှိခြင်းဖြစ်သည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်သည့် အာဟာရရရှိရန် အစားအစာကို ၀၀လင်လင် လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့်အစာမှ အာဟာရလုံလောက်စွာမရရှိလျှင်ဖြစ်စေ အာဟာရ ချို့တဲ့မှု ဖြစ်ပေါ်စေသည်။ မကြိုက်သည့်အစားအစာ ဖြစ်၍ မစားခြင်း၊ ကြိုက်သည့်အစားအစာအနည်းငယ် မျှကိုသာစားခြင်း၊ အစားရှောင်ခြင်း၊ အစားအစာကို အမယ်စုံအောင်မစားခြင်းတို့ကြောင့် အာဟာရဓာတ် ချို့တဲ့ခြင်းဖြစ်စေသည်။
မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းသည် လူဦးရေတစ်သိန်းလျှင် ၂၈၂ ဦးရှိနေကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းသည် အရှေ့တောင်အာရှ၌ ဒုတိယအမြင့်ဆုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားစဉ် မိခင်ပျမ်းမျှသေဆုံးမှုနှုန်းထက်လည်း နှစ်ဆကျော်လွန်နေကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်ကျန်းမာရေး စောင့်ရှောက်မှုတွင် မိခင်များအာဟာရပြည့်ဝရေးမှာ အထူးအရေးပါသည်။ အကယ်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့ အာဟာရချို့တဲ့ပါက မိခင်ရော ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး ရံဖန်ရံခါသေဆုံးသည်အထိဖြစ်လာနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများ မှန်ကန်သောစားသောက်နည်းပုံစံကိုယ်ဝန်ဆောင်စဉ်ကာလတွင် သန္ဓေသားကျန်းမာဖွံ့ဖြိုးမှုနှင့် မိခင်ကျန်းမာရေးအတွက် အာဟာရများ ပိုမိုလိုအပ်သည်။ သို့သော် နှစ်ယောက်စာအထိ စားသုံးရန် မလိုအပ်ပေ။ ယခင်ကထက် ကယ်လိုရီ ၃၀၀ ခန့်သာ ပိုမိုစားသုံးရန်လိုအပ်သည်။ ကယ်လိုရီ ၃၀၀ ဆိုသည်မှာ ဒိန်ချဉ်တစ်ခွက်၊ ပေါင်မုန့်ညိုတစ်ချပ်၊ သစ်သီးအနည်းငယ်ဖြစ်သည်။ ထိုအစားအသောက်အတွဲတွင် သကြားဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များ ပါဝင်နေသောကြောင့် သင့်လျော်သော စားသောက်မှုပုံစံဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် အရသာခံအာရုံပြောင်းလဲလာတတ်သည်။ ယခင်က မစားသော၊ မကြိုက်မနှစ်သက်သော အစားအစာများကိုစားလိုခြင်း၊ အကြိုက်ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကလေးမွေးဖွားချိန်အထိ အစားပျက်တတ်သော်လည်း ခဏသာဖြစ်ပြီး မကြာခင် ပုံမှန်အတိုင်း ပြန်လည်စားသောက်နိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် အာဟာရဓာတ်ကိုယ်ဝန်ဆောင်မိခင်လောင်းများ အာဟာရပြည့်၀ နေစေရန် နံနက်စာပုံမှန်စားပါ။ အသီးအရွက်၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ အုတ်ဂျုံ စသည့် အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများစားပါ။
ငါးကိုတစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားပါ။ ကြက်ဥ၊ ဘဲဥ အစိမ်းမစားပါနှင့်။ နွားနို့ကို ကျိုချက်ပြီးမှသာ သောက်သင့်သည်။ မကျက်တကျက်ချက်ပြုတ်ထားသောအသားများနှင့် ချိစ်ခေါ် ဒိန်ခဲစားသုံးခြင်းကို ရှောင်ပါ။ လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည် စသည့် ကဖင်းဓာတ်ပါသောအစားအသောက်များ လျှော့၍စားသုံးပါ။ အယ်လ်ကိုဟောနှင့် အရက်ပါဝင်သောအစားအသောက်များ လုံးဝရှောင်ပါ။ ကိုယ်တိုင် ဆေးလိပ်သောက်ခြင်းအပါအဝင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကို ရှောင်ပါ။
ကိုယ်ဝန်ဆောင်မိခင်တချို့သည် ကလေးထွား မည်စိုးသည်ဟူသောအကြောင်းပြချက်ဖြင့် အစား လျှော့စားခြင်း၊ ရှောင်ခြင်းတို့မှာ မှားယွင်းပြီး သာမန် အချိန်ထက် တစ်နပ်ပို၍စားရန်နှင့် နေ့စဉ်အာဟာရဓာတ်အစုံအလင် ပါဝင်အောင် စားသုံးရန် လိုသည်။ ကိုယ်ဝန်ဆောင်ချိန် အတွေ့ရများသော အာဟာရချို့တဲ့မှုပြဿနာများမှာ သံဓာတ်ချို့တဲ့ခြင်း၊ ဗီတာမင် ြ၁၂ ချို့တဲ့ခြင်း၊ ဖောလစ်အက်စစ်ချို့တဲ့ခြင်း၊ ဗီတာမင်ဒီချို့တဲ့ခြင်း၊ အိုင်အိုဒင်းချို့တဲ့ခြင်း၊ ဇင့်(သွပ်ဓာတ်)ချို့တဲ့ခြင်း၊ ဗီတာမင်စီချို့တဲ့ခြင်း၊ အိုမီဂါသရီးချို့တဲ့ခြင်းတို့ဖြစ်ကြသည်။
(ဗီတာမင်ဒီ) ဗီတာမင်ဒီသည် လူတိုင်းအတွက် အရေးကြီးသောဓာတ်တစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် ချိန်တွင် အထူးလိုအပ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဗီတာမင်ဒီသည် မိခင်၏ကိုယ်ခံအားစနစ်၊ အရိုး၊ ကြွက်သားနှင့် သွားကျန်းမာရေးကို အထောက်အကူ ပြုသည်။ သန္ဓေသား၏အရိုးဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေး သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ဗီတာမင်ဒီချို့တဲ့ နိုင်ခြေများသည်။ ကိုယ်ဝန်ဆောင်ချိန် သွေးပေါင်ချိန် တက်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်း စသည်တို့သည် ဗီတာမင်ဒီချို့တဲ့ခြင်းနှင့် ဆက်စပ်နေသည်။ ဗီတာမင်ဒီက အစားအစာထဲတွင်ပါရှိသော ကယ်လ်စီယမ်ဓာတ်ကိုစုပ်ယူမှုအား ကောင်းစေသည်။ ထို့ကြောင့် နံနက်ခင်းနေရောင်ခြည် နွေးနွေးခံပေးပါ။ ဗီတာမင်ဒီပြည့်ဝသော အစားအစာ များဖြစ်ကြသည့် အဆီများသောငါး၊ ဥအမျိုးမျိုး၊ အနီရောင်အသားတို့ကိုဦးစားပေးစားပါ။ ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်လျှင် ဗီတာမင်ဒီ ဖြည့်စွက်အားဆေး မှီဝဲပါ။
(ဖောလိပ်) ကိုယ်ဝန်ဆောင်ချိန်သွေးသားလည် ပတ်မှုအားကောင်းစေရန် ဖောလိပ်ဓာတ်က လွန်စွာ အရေးပါလှသည်။ ကိုယ်ဝန်ဆောင်ချိန် ကညွတ်နေ့စဉ်စားပေးခြင်းက သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။ စိတ်ဓာတ်ကျခြင်းကိုသက်သာစေသည်။ အစာခြေနှုန်းမြန်ဆန်စေသည်။ နှလုံးကိုကျန်းမာစေ၍ အရိုးကိုအားကောင်းစေသည်။
(ကယ်လ်စီယမ်) သန္ဓေသား၏ အရိုးကြီးထွားမှုအတွက် ကိုယ်ဝန်ဆောင်ချိန်တွင် ကယ်လ်စီယမ်ဓာတ် ပိုမိုလိုအပ်သည်။ တစ်ရက်လျှင် အနည်းဆုံးကယ်လ် စီယမ် ၁၀၀၀ မီလီဂရမ်လိုအပ်သည်။ ကိုယ်ဝန် ဆောင်ချိန် ကယ်လ်စီယမ်ချို့တဲ့သောအခါ သန္ဓေသား အတွက် လိုအပ်သောကယ်လ်စီယမ် မလုံလောက် တော့ပေ။ ထိုအခါ မိခင်အရိုးများမှ ကယ်လ်စီယမ်ကို စုပ်ယူသည့်အတွက် မိခင်၏အရိုးသိပ်သည်းမှုနည်းစေ သည်။ အရိုးတွင်းမှ ကယ်လ်စီယမ်စုပ်ယူခြင်းကြောင့် အရိုးပွခြင်းဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် လမစေ့ဘဲမွေးဖွားခြင်းများ ဖြစ်နိုင် ခြေများသည်။ သွေးခဲခြင်းဖြစ်စဉ်နှင့် ဟော်မုန်းထုတ် လုပ်မှုများတွင် အနှောင့်အယှက်ဖြစ်စေသည်။ ပေါင် မပြည့်၊ လမစေ့သောကလေးတွင်လည်း ကယ်လ်စီယမ် ချို့တဲ့ခြင်းဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကယ်လ်စီယမ်ဖြည့်စွက်စာစားသုံးပေးခြင်းဖြင့် မိခင် လောင်းကို ကျန်းမာကြံ့ခိုင်စေကာ ကိုယ်ဝန်ဆိပ်တက် ခြင်း ဖြစ်နိုင်ခြေကိုနည်းပါးစေသည်။ ကယ်လ်စီယမ် က သန္ဓေသား၏ နှလုံးနှင့် သွေးခဲဆဲလ်များဖွဲ့စည်းခြင်း၊ ရင်သွေး၏ ဉာဏ်ရည်ကို အထောက်အကူပြုပေးနိုင် သည်။ သို့သော် ကယ်လ်စီယမ်ကို ညွှန်ကြားထား သောပမာဏအတိုင်းသာ သောက်သုံးသင့်သည်။ ကယ်လ်စီယမ်များလွန်းပါက ဝမ်းချုပ်ခြင်း၊ တခြားသတ္တုဓာတ်များ (သွပ်ဓာတ်၊ သံဓာတ်) စုပ်ယူမှုနည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ဆောင်ရန်၊ ရှောင်ရန် အကြံပြုချက်အမျိုးသမီးအများစု ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း ဖြစ်ပေါ်တတ်သည်။ သွေးအားနည်းသည့်အခါ မူးဝေတတ်သဖြင့် သံဓာတ်ပါသော အားဆေးသောက်ပါ။ ရေဓာတ်ခန်းခြောက်ခြင်းကလည်း မူးဝေခြင်းကိုဖြစ်စေတတ်၍ ရေများများသောက်ပါ။ ပက်လက်အိပ်ခြင်းက နှလုံးကိုသွားသော သွေးပြန်ကြောကိုဖိမိပြီး မူးဝေစေနိုင်သောကြောင့် ပက်လက်အိပ်ခြင်းကို ရှောင်ကြဉ်ပါ။ ကြာမြင့်စွာလဲလျောင်းနေရာမှ ရုတ်တရက်ထခြင်း မပြုပါနှင့်။ အချိန်ကြာကြာမတ်တတ်ရပ်ခြင်းကို ရှောင်ပါ။ မဖြစ်မနေရပ်ရမည်ဆိုပါက ခေတ္တထိုင်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့ကို တစ်လှည့်စီပြုလုပ်ပေးပါ။
သွေးတိုးနေသော ကိုယ်ဝန်ဆောင်များအနေဖြင့် ရေဓာတ်ပြည့်ဝနေစေရန် ရေများများသောက်ပါ။ အငန်လျှော့စားပါ။ အသီးအရွက်များများစားပါ။ အာဟာရပြည့်ဝအောင် စားသောက်ပါ။ အသင့်စားအစား အသောက်များ ရှောင်ကြဉ်ပါ။ လမ်းများများလျှောက်ပါ။ သွေးပေါင်ချိန် ပုံမှန်စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါအတွက် ဆရာဝန်ညွှန်ကြားထားသောဆေးကို ပုံမှန်သောက်ပါ။ ကွမ်း၊ အရက်၊ ဆေးလိပ်ရှောင်ကြဉ်ပါ။
အစာမကြေတတ်သော ကိုယ်ဝန်ဆောင်မိခင်တို့အတွက် နည်းလမ်းကောင်းတချို့ရှိသည်။ အစားအစာ များစားသုံးရာတွင် တစ်ပြိုင်နက်တည်း အများကြီးမစားပါနှင့်။ နည်းနည်းနှင့် မကြာမကြာစားပါ။ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာစားသောက်ပါ။ ကဖင်းဓာတ်ပါသော အစားအသောက်များဖြစ်သည့် လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်များကို ရှောင်ပါ။ အမြဲလှဲမနေပါနှင့်။
အချုပ်အားဖြင့်ဆိုရသော် ကလေးငယ်များ ကျန်းမာပျော်ရွှင်ရောဂါကင်းစင်စေရန် မိခင်များ ကိုယ်ဝန်ဆောင် ကာလတွင် အာဟာရဓာတ်ပြည့်ဝရန် လိုအပ်သည်။ အာဟာရဓာတ်ပြည့်ဝစွာရရှိစေရန် အစားအစာအုပ်စု သုံးအုပ်စုကို နေ့စဉ်မျှတစွာစားသုံးရန်နှင့် အာဟာရပြည့်အစားအစာများကို ကျန်းမာရေးအသိဖြင့် ရွေးချယ်စားသောက်တတ်ရန် လိုအပ်သည်။ အာဟာရပြည့်လျှင် ရောဂါစင် ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာဆိုသော ဆောင်ပုဒ်နှင့်အညီ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရဖွံ့ဖြိုး ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
ပေါက်ပေါက်