အာရှ-ပစိဖိတ်နှင့်အာဆီယံ၏အရေးပါမှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် သြဂုတ် ၁၅ ရက်က ကျင်းပသည့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) သို့ မိန့်ခွန်း Video Message ပေးပို့ရာတွင် လက်ရှိ ကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော် ရှိသောအာဆီယံသည် ၎င်း၏ခိုင်မာတောင့်တင်းသောအင်အားနှင့် စွမ်းပကားကိုအသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများစွာ၏အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင်အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် မြေပေါ်၊ မြေအောက်နှင့်ရေသယံဇာတများထုတ်ယူပြီး ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်နှင့်စားနပ်ရိက္ခာလိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေလျက်ရှိပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ဒေသတွင် အာရှကုန်းမြေဒေသ၊ ပစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့အကျုံးဝင်နေသည်။ အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် ၄ ဒသမ ၃ ဘီလီယံကျော်နေထိုင် လျက်ရှိသည်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ပါဝင်တည်ရှိသည်။ အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာဖူလုံမှုရှိရေးတွင်အဓိကကျသည်မှာ စိုက်ပျိုးရေးဖြစ်သည်။ စိုက်ပျိုးရေးအတွက်လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေသြဇာများ အပါအဝင် အထောက်အကူပြု ပစ္စည်းများ ရောင်းဝယ်ရာ၌ အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးချလျက်ရှိသည်။
ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် အာရှ-ပစိဖိတ်ဒေသတွင် အများဆုံးဆောင်ရွက် လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများအချင်းချင်း ကုန်သွယ်မှုပြုရာတွင် အာရှ-ပစိဖိတ်ဒေသ၌ ၅၉ ရာခိုင်နှုန်းခန့် ကုန်ချပြီး ၄၀ ရာခိုင်နှုန်းခန့်ကုန်တင်မှုများရှိသည်။ ထို့ပြင်ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာဆိပ်ကမ်း ၃၀ အနက် ဆိပ်ကမ်း၂၀ ခုမှာ အာရှ-ပစိဖိတ်ဒေသတွင်တည်ရှိသည်။ ကမ္ဘာ့ပင်လယ်ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေး လမ်းကြောင်း၏ ၅၆ ရာခိုင်နှုန်းကိုလည်းပိုင်ဆိုင်ထားသည်။ အာရှ - ပစိဖိတ်ဒေသသည်လူဦးရေ များပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင်ကဏ္ဍ မျိုးစုံ၌အရေးပါသည့်ဒေသဖြစ်သည်။
ကမ္ဘာ့အနေအထားမတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့်ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အပြန်အလှန် ဆွေးနွေးမှုများမြှင့်တင်ခြင်း၊ ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးပေါင်းစည်း ဆောင်ရွက်မှုများကို တိုးမြှင့်စေခြင်းနှင့် နိုင်ငံအများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကျင့်သုံးခြင်းများသည် အာရှ-ပစိဖိတ်ဒေသအတွက် စိန်ခေါ်မှုများအားရင်ဆိုင်ရာ၌ အထောက်အကူဖြစ်စေသည်။ ထို့ပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်အနေအထားအား တည်ငြိမ်အေးချမ်းပြီးသာယာဝပြောမှုတို့ကို ပြန်လည်ဖော်ဆောင်နိုင် ရန်အတွက်လည်း ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆိုလျှင် ၅၆ နှစ်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ဘာသာရေးအရကွဲပြားခြားနားမှုရှိသည့် အာဆီယံနိုင်ငံများသည် စတင်ဖွဲ့စည်းစဉ်ကချမှတ်ခဲ့သော အာဆီယံပဋိညာဉ်စာတမ်းပါအခြေခံမူဝါဒများဖြစ်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူအား ခိုင်ခိုင်မာမာစွဲကိုင်ထားလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများ၏အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင်ခဲ့သည်။
အာရှ - ပစိဖိတ်ဒေသရှိ အာဆီယံအဖွဲ့သည်ဒေသတွင်းပေါင်းစည်းညီညွတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေးနှင့်ယဉ်ကျေးမှုအသိုက်အဝန်းအစရှိသည့် စုဖွဲ့မှုများနှင့် အာဆီယံအဖွဲ့ဝင်များအကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်သာယာဝပြောရေးတို့ကိုဖော်ဆောင်ရာတွင် မရှိမဖြစ်အထူး အရေးပါနေသည်ကို တွေ့ရှိရပေမည်။
အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံးအစရှိသည့် အာဆီယံနှင့်ပြင်ပမိတ်ဖက်နိုင်ငံများအကြား ဆွေးနွေးပွဲယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ် သြဇာသက်ရောက်လျက်ရှိသည်။ ငြိမ်းချမ်းသော ဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိသည်။ အနာဂတ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း နက်နဲရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင်ဒေသတွင်းနိုင်ငံများ အားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားရမည်ဖြစ်ပါကြောင်း။ ။