ကိုယ်အင်္ဂါလှူဒါန်းသူ နည်းပါးမှု အခက်အခဲကို ကျော်လွှားနိုင်စေမယ့် ဆေးသိပ္ပံဆိုင်ရာ တွေ့ရှိချက်တစ်ခု
လူသားတွေမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသနိုင်ပါပြီ ဆိုကတည်းက ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုတွေကို လုပ်လာတာ အခုအချိန်အထိပါပဲ။
အများအားဖြင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုးကြတာပါ။ ကျောက်ကပ်၊ နှလုံး၊ အသည်း အစရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အစားထိုး ကုသမှု လုပ်ဆောင်ကြတာ များပါတယ်။
အစားထိုးကုသမှု ခံယူသူတွေကတော့ သူတို့မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေက အလုပ်ကောင်းကောင်း မလုပ်တော့လို့ အစားထိုးကြတာပါ။ ဒီလိုအစားထိုး နိုင်ဖို့အတွက် သူတို့ကို ကိုယ်တွင်းအင်္ဂါ လှူဒါန်းမယ့်သူတွေ ရှိဖို့လည်း လိုအပ်ပါတယ်။
တချို့ကတော့ ကိုယ်မသေဆုံးမီကတည်းက ခန္ဓာကိုယ်ကို လှူဒါန်းခဲ့သူတွေရှိသလို ကိုယ့်မှာ တစ်စုံရှိတဲ့အထဲက တစ်ခုကို လှူဒါန်းကြသူတွေလည်း ရှိပါတယ်။ ဥပမာ ကျောက်ကပ် လှူဒါန်းမှုလိုမျိုးပေါ့။
ဒီလိုအစားထိုးကုသမှုနှုန်း မြင့်တက်လာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါ ရရှိနိုင်မှုကလည်း ခက်ခဲလာပါတယ်။ တချို့ကကျတော့ အလှူရှင်တွေဆီက ဈေးကြီးပေး ဝယ်ယူသူတွေရှိသလို ကိုယ်အင်္ဂါ မှောင်ခိုရောင်းချတဲ့ အဖွဲ့တွေလည်း ပေါ်ပေါက်လာပါတယ်။
ဒါဟာ ကိုယ်အင်္ဂါလိုအပ်သူနဲ့ ကိုယ်အင်္ဂါ လှူဒါန်းသူတို့ကြားမှာ အလွန်ကြီးမားတဲ့ ကွာဟချက်ကိုဖြစ်ပေါ်စေပြန်ပါတယ်။
အခုဒီကွာဟချက်ကို ကျဉ်းမြောင်းသွားစေမယ့်အပြင် နောင်တစ်ချိန်မှာ ကိုယ်အင်္ဂါ မှောင်ခိုရောင်းချတဲ့ အဖွဲ့တွေကိုပါ ပပျောက်သွားစေမယ့် တွေ့ရှိမှုတစ်ခုကို ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်များက ဖော်ထုတ်လိုက်နိုင်ပါပြီ။
အဲဒီဖော်ထုတ်ချက်ကတော့ ဝက်မှာပါတဲ့ ကျောက်ကပ်ကို လူသားမှာ အစားထိုးထည့်သွင်းမှု စမ်းသပ်ချက်က အောင်မြင်သွားခြင်းပါပဲ။ သာမန်ကျောက်ကပ်တော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇအရပြုပြင် ပြောင်းလဲမှုလုပ်ထားတဲ့ ကျောက်ကပ်ဖြစ်ပါတယ်။
ဘယ်လိုပင်ဖြစ်ပါစေ။ အခုလိုမျိုး မွေးမြူရေး တိရစ္ဆာန်ရဲ့ကျောက်ကပ်ကို မျိုးရိုးဗီဇ ပြုပြင်မှုလုပ်ပြီး လူသားတွေမှာ အစားထိုးနိုင်ခြင်းကပင် အလွန်ကောင်းတဲ့ အလားအလာတစ်ခုလို့ ပြောလို့ရပါတယ်။
ဒီလိုစမ်းသပ်ချက်ကို အောင်မြင်စွာဖော်ထုတ် နိုင်ခဲ့သူများကတော့ အမေရိကန် ခွဲစိတ်ဆရာဝန်များဖြစ်ပြီး သူတို့က ဝက်ရဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ကျောက်ကပ်ကို ဦးနှောက်သေနေတဲ့ လူနာတစ်ဦးဆီ ထည့်ပေးလိုက်တာပါ။
စမ်းသပ်မှုရဲ့ရလဒ်ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီကျောက်ကပ်က လူနာရဲ့ကိုယ်ထဲမှာ ၃၂ ရက်ကြာတဲ့အထိ သူ့ရဲ့ပုံမှန်လုပ်ငန်း ဆောင်တာတွေကို ဆက်လက် လုပ်ဆောင်နိုင်နေတုန်းပဲ ဆိုတာ တွေ့လိုက်ရတဲ့အတွက်ပါ။
အခုလိုမျိုးရလဒ်ဟာ သတ္တဝါမျိုးစိတ်တွေ တစ်ခုနဲ့တစ်ခုကြား ကိုယ်တွင်းအင်္ဂါ အပြန်အလှန် အစားထိုးနိုင်စေမယ့် အခွင့်အလမ်းကြီးအတွက် အကောင်းဆုံး သုတေသနဖြစ်လာပါတယ်။
ဒီသုတေသနကို ဦးဆောင်ပြုလုပ်သူကတော့ နယူးယောက်မှာ ရှိတဲ့ ကိုယ်အင်္ဂါအစားထိုး ကုသရေးဌာနမှ ညွှန်ကြားရေးမှူး ရောဘတ်မောင့်ဂိုမာရီနဲ့ အဖွဲ့ပါပဲ။
မောင့်ဂိုမာရီတို့ အဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ်ကလည်း အလားတူ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို လူခန္ဓာကိုယ်မှာ အစားထိုးမှု နှစ်ကြိမ် လုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒီနှစ်ကြိမ်စလုံးမှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်က သူ့ရဲ့လုပ်ငန်းတာဝန်တွေကို နှစ်ရက်၊ သုံးရက်မျှသာ ထမ်းဆောင်နိုင်ခဲ့တာပါ။
ဆေးသိပ္ပံပညာရှင်တွေအနေနဲ့ ဝက်ရဲ့ကျောက်ကပ်ကို မျိုးရိုးဗီဇပြုပြင် ပြောင်းလဲရာမှာ ဝက်ရဲ့ သိုင်းမတ်ဂလင်းကိုလည်း ကျောက်ကပ်ရဲ့ အပြင်အလွှာမှာ တစ်ပါတည်း ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။
လူတွေမှာဆိုရင် အဲဒီဂလင်းက လည်ပင်းပတ်လည်မှာ တည်ရှိလေ့ရှိပြီး သူ့ရဲ့အဓိက တာဝန်က ရောဂါပိုးတွေနဲ့ ပတ်သက်ပြီး ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးခြင်းပါ။
ဒီလိုဂလင်းကို ဝက်ရဲ့ကျောက်ကပ်မှာ ထည့်ပေးလိုက်ခြင်းအားဖြင့် လူနာရဲ့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ကိုယ်ခံအား ကလာပ်စည်းတွေက ဝက်ရဲ့ကလာပ်စည်းများကို သူတို့ခန္ဓာကိုယ် အပိုင်အဖြစ် သတ်မှတ်သွားစေပါတယ်။
အဲဒီနောက် ပညာရှင်များက လူနာမှာရှိနေတဲ့ ကျောက်ကပ်နှစ်လုံးစလုံးကို ဖယ်ရှားလိုက်ပြီး ဝက်ရဲ့ကျောက်ကပ်တစ်လုံးကို အစားထိုးလိုက်ပါတယ်။
အစားထိုးပြီးနောက် မကြာမီအချိန် အတွင်းမှာပဲ ဝက်ရဲ့ကျောက်ကပ်က ပုံမှန်အလုပ်လုပ်ပြီး လူနာကလည်း ဆီးကိုစွန့် ထုတ်လိုက်နိုင်တာ တွေ့ရပါတယ်။
ပြီးတဲ့အခါ ကျောက်ကပ်ရဲ့အလုပ်လုပ်ပုံကို ဆက်လက်စောင့်ကြည့် လာခဲ့တာ အခုဆိုရင် တစ်လကျော်သွားပါပြီ။ ဒီအချိန်အထိ ဘယ်လိုအမှားအယွင်းမှ ဖြစ်ပေါ်လာတာကို မတွေ့ရပါဘူး။
အရေးအကြီးဆုံး တစ်ချက်ကတော့ ဝက်ကနေကူးစက်နိုင်တဲ့ ဘယ်လိုရောဂါပိုးမှ ကူးစက်မှုမတွေ့ရတာကြောင့် သိပ္ပံပညာရှင်များက ဒီလိုစောင့်ကြည့်မှုကို နောက်ထပ်တစ်လ သက်တမ်းတိုးလိုက်ပါတယ်။
ကျောက်ကပ်ရယူဖို့အတွက် ဝက်ကိုရွေးချယ်ရာမှာတော့ ဗာဂျီးနီးယားပြည်နယ် အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုမှ ဝက်ကိုရွေးချယ်ပါတယ်။
အဲဒီကုမ္ပဏီဟာ အမေရိကန် FDA အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး သူတို့ရဲ့ဝက်တွေကို လူတွေစားသုံးဖို့အတွက် သင့်လျော်တယ်ဆိုတဲ့ ထောက်ခံချက်လည်း ရရှိထားတာပါ။
နောက်ပြီးတော့ အဲဒီဝက်တွေ အားလုံးဟာ သမားရိုးကျ နည်းလမ်းအတိုင်း မွေးမြူထားတဲ့ မျိုးကောင်းမျိုးသန့် ဝက်တွေဖြစ်ပြီး ပုံတူပွားထားတဲ့ ဝက်တွေမဟုတ်တာကြောင့် ကိုယ်အင်္ဂါအစားထိုးရေး အတွက် စိတ်ချရတဲ့ အခြေအနေရှိပါတယ်။
ကိုယ်အင်္ဂါအစားထိုးဖို့အတွက် ဘာဖြစ်လို့ ဝက်တွေကိုအဓိကထား ရွေးချယ်ရလဲဆိုရင် ဝက်တွေရဲ့ ကိုယ်တွင်းအင်္ဂါများက အရွယ်အစားအားဖြင့် ကြီးမားတဲ့အပြင် မြန်ဆန်စွာဖွံ့ဖြိုးနိုင်စွမ်း ရှိသလို ဝက်တွေကို လူတွေအတွက် အစားအစာအဖြစ် အသုံးပြုနေရတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် အခုသုတေသနသာ ရှေ့ဆက်ပြီး အောင်မြင်သွားပြီဆိုရင် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကိုယ်အင်္ဂါလိုအပ်သူနဲ့ ကိုယ်အင်္ဂါလှူဒါန်းသူ ကွာဟချက်ကို များစွာ လျှော့ချနိုင်တော့မှာဖြစ်သလို ဆေးသိပ္ပံ ပညာရပ်အတွက်လည်း အလွန်ကြီးမားတဲ့ အောင်မြင်မှုပင်ဖြစ်လာမှာ ဖြစ်ပါတော့တယ်။
ကိုထက်